Friday, February 28, 2014

ကျန်းမာရေးအာမခံ စတင်နိုင်ရန် အထူးအဖွဲ့ဖြင့် စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်လုပ်ကိုင်မည်

,
မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျန်းမာရေးအာမခံ
ပေါ်ပေါက်ရန်အတွက် ပြည်တွင်းသာမကဘဲ နိုင်ငံတကာမှ ပညာရှင်များပါဝင်မည့် အထူးအဖွဲ့
(Special Task Force) ကို မကြာမီအချိန်အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း ကပြောသည်။
အဆိုပါအဖွဲ့အစည်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကအာမခံကုမ္ပဏီမှ
ကိုယ်စားလှယ်များ၊ Myanmar Medical Association မှ တာဝန်ရှိသူများ အပြင် နိုင်ငံတကာရှိ
အာမခံကုမ္ပဏီများမှ ပညာရှင်များကိုပါ အကြံပေးအနေဖြင့် ထည့်သွင်း ဖွဲ့စည်းသွားမည်ဖြစ်သည်။
ကျန်းမာရေးအာမခံကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စမ်းသပ်ကာလ သတ်မှတ်ချိန်
တစ်နှစ်ဖြစ်ပြီး အဆိုပါကာလအတွင်း ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများတွင် ကနဦးစမ်းသပ်
ဆောင်ရွက်ပြီး အဆိုပါ အချိန်အတောအတွင်း လိုအပ်ချက်များအား ပြန်လည်ဖြည့်ဆည်းခြင်းများ
ပြုလုပ်သွားရမည်ဖြစ်ပြီး စမ်းသပ်ကာလပြီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆိုပါ
ကျန်းမာရေးအာမခံ ပေါ်လစီကို ရောင်းချသွားမည်ဖြစ်သည်။
ယခုအချိန်အထိ ကျန်းမာရေးအာမခံ ပရီမီယံကြေးအား သတ်မှတ်ထားခြင်း မရှိသေးပေ။
သုတေသနပြုမှုများပြီးပါက ပြန်ပြီးချိန်ကိုက်ရန် အစီစဉ်ရှိထားပြီး သတ်မှတ်မည်ဖြစ်သည်။
"ဘာရောဂါတွေ အဖြစ်များလည်း ကုသရင် ဘယ်လောက်ကုန်မလဲဆိုတာတွေ အများကြီး
လေ့လာပြီးမှ ဒါတွေကို သတ်မှတ်မှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ကျန်းမာရေးအာမခံ စတင်မည်ဆိုပါက အစိုးရအနေဖြင့် သေချာသော ဈေးနှုန်းသတ်မှတ်ချက်နှင့်
စည်းမျဉ်းများအား သေသေချာချာ သတ်မှတ်ပေးမှသာလျှင် ကျန်းမာရေးအာမခံလုပ်ငန်း ပီပီပြင်ပြင်
အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပုဂ္ဂလိကအာမခံကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦး
ကပြောသည်။
"ဥပမာပြောရရင် စင်္ကာပူလိုနေရာမျိုးမှာတောင် ဆရာဝန်နဲ့ လူနာအာမခံထားတဲ့သူနဲ့ ပူးပေါင်းပြီး
အာမခံကုမ္ပဏီကို လိမ်တာမျိုးတွေ ခေတ်စားနေသေးတာပဲ။ နောက်ဆုံး ကျွန်တော်မှာ ဘာရောဂါမှ
မရှိခဲ့ပါဘူး။ အမှားအမှန်ခြစ်ရမယ့်နေရာမှာ နိုးဆိုတာတွေချည်းဖြေမယ်။ ဆရာဝန်ကလည်း
အေးမင်း အခုဖြစ်နေတဲ့ ရောဂါကို အပြလက္ခဏာ မရှိသေးဘူးဆိုပြီး ဘာမှတ်ချက်မှရေး မပေးဘူး။
မထည့်ထားဘူးပေါ့။ ဒီလိုမျိုးတွေပေါ့။ အားလုံးနိုးဆိုတော့ အာမခံဌာနကလည်း လက်ခံလိုက်မှာပေါ့။
နောက်ပိုင်း တစ်လလောက်ရှိမှ ဒီရောဂါက တွေ့လာတာပါ ဆိုပြီးဆေးရုံတွေ ဘာတွေတက်ဖြစ်လာ
ရင် ကျန်းမာရေးအာမခံလုပ်ငန်းက ဆေးကုသစရိတ်တွေ ကုန်မယ်။ ရှုံးမယ်ပေါ့။ ထားတဲ့သူဘက်က
လိုက်နာရမှာတွေ လက်ခံရမဲ့သူဘက်က လက်ခံရမဲ့ဟာတွေ ဒါတွေကို ထားတဲ့သူနဲ့ လက်ခံတဲ့
သူကြား ရေးထားတဲ့ စည်းကမ်းချက်တွေကို ဒါဘာလည်း နားလည်ဖို့လိုတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ အင်္ဂလိပ်လို ရေးထားတာလေ။ တကယ်ဆိုရင်ရှိတဲ့ ရောဂါနေရာ အမှန်အတိုင်းထည့်ရမှာ
ဖြစ်ပါတယ်။ မရှိတာကို မရှိဘူးပေါ့။ ဒါမှ အာမခံရုံးအနေနဲ့က ဒါကို သေချာစီစစ်မယ်။ ဒီကျန်းမာရေး
အာမခံလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ပြင်ဆင်မှုတွေအများကြီးရှိဖို့ လိုအပ်ဦးမယ်။ တိကျတဲ့
သေချာတဲ့ အစီစဉ်မျိုး သတ်မှတ်ချက်မျိုး ကျွန်တော်တို့မှာ ရှိနေဖို့လိုအပ်မယ်"ဟု အောင်မြင့်မိုရ်မင်း
ပုဂ္ဂလိက အာမခံကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
(myanmar.mmtimes)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျန်းမာရေးအာမခံ စတင်နိုင်ရန် အထူးအဖွဲ့ဖြင့် စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်လုပ်ကိုင်မည် ”

Post a Comment

Related Posts Plugin for WordPress, Blogger...