မကြာမီ ရက်ပိုင်းအတွင်းမှာပင် တစ်နိုင်ငံလုံးက စိတ်ဝင်တစား
စောင့်ကြည့်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးကော်မတီ၏
အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းတော့မည် ဖြစ်သည်။
သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏
အစီရင်ခံစာကို စောင့် ကြည့်ပြီးမှသာ ရွေးကောက်ပွဲ ဝင်မည်၊ မဝင်မည်ကို
ဆုံးဖြတ်မည့် နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် အစီရင်ခံစာပေါ်တွင်
လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲလိုမှုကို အကဲဖြတ်လိုသည့်
နိုင်ငံရေးသမားများ၏ ဆန္ဒကတော့ မပြည့်ဝနိုင်တော့ပေ။ ဇန်နဝါရီ ၃၁ ရက်မတိုင်မီ
တင်သွင်းမည့် ကော်မတီ၏ အစီရင်ခံစာတွင် မြန်မာ့နိုင်ငံရးကို
အဆုံးအဖြတ်ပေးနိုင်မည့် အချက်များ ပါဝင်မည် မဟုတ်ဘဲ အဖွဲ့အစည်းများနှင့်
ပုဂ္ဂိုလ်များက ပေးပို့ထားသည့် အကြံပြုချက်များကိုသာ တစ်စုတစ်စည်းတည်း
ပေါင်းစည်း၍ တင်ပြမည် ဖြစ်သည်။
“ဘယ်ပုဒ်မတွေကို အကြံပြုချက် ဘယ်လောက်ရောက်တယ်။ ဘယ်အဖွဲ့အစည်းကတော့
ဘယ်အချက်တွေကို အကြံပြုထားတယ်ဆိုတဲ့ အဖွဲ့အစည်းနာမည် ပါချင်ပါမယ်။
ဒီအကြံပြုချက်တွေကို တူရာတူရာတွေ စုတယ်။ အစီရင်ခံစာတွေ ရေးလိုက်ပြီး
လွှတ်တော်ကို ဒီအတိုင်းပဲ တင်လိုက်မှာပါ” ဟု ပြည်ခိုင်ဖြိုးပါတီ၏
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သူရဦးအောင်ကိုက ပြောသည်။
ပြည်သူများ၏ အကြံပြုချက်များကို မတင်ပြဘဲ ချန်ထားခြင်းမျိုး
မဖြစ်စေရန်အတွက် မည်သည့်အကြံပြုချက်ကိုမှ တည်းဖြတ် ဖြတ်တောက်ထားခြင်းမျိုး
မရှိဘဲ ပြည်ထောင်စုလွှတ်တော်သို့ အကြံပြုချက်များအားလုံး တင်ပြသွားမည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။ အစီရင်ခံစာတွင် ပြင်ဆင်ရန် တင်ပြလာသူများ၏
ကျိုးကြောင်းဖော်ပြချက်များထဲမှ တချို့တဝက်သာ ပါရှိမည် ဖြစ်ပြီး ကော်မတီ၏
သဘောထားမှတ်ချက်ကိုပါ အစီရင်ခံစာတွင် ထည့်မထည့်ကို ဆုံးဖြတ်နေဆဲဖြစ်ကြောင်း
ကော်မတီဝင်များက ပြောသည်။
ထိုသို့ ကော်မတီ၏ အစီရင်ခံစာသည် အများ မျှော်လင့်ထားသကဲ့သို့ မဟုတ်ဘဲ အကြံပြုစာများကို စုစည်းဖော်ပြထားမည့် အစီရင်ခံစာသာ ဖြစ်သည့်အတွက် ဥပဒေ ပြင်ဆင်ခြင်းသည် ပြီးပြတ်ခြင်း မရှိသေးဘဲ ထပ်မံ၍ အဆင့်များစွာ ရှိလာဦးမည် ဖြစ်သည်။ အကြံပြုချက်များကို စုစည်းထားသည့် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြပြီးသည့်အခါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြမည် ဖြစ်သည်။ ထိုမှတဆင့် မည်သည့် ပုဒ်မများကို ပြင်မည်၊ မည်ကဲ့သို့ ပြင်မည်ဆိုသည့် လုပ်ငန်းများကို လုပ်ဆောင်ရန် ကော်မတီအသစ် (သို့မဟုတ်) ရှိပြီးသား ကော်မတီကို ထပ်မံ လိုအပ်မည် ဖြစ်သည်ဟု အဆိုပါ ကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက သုံးသပ်ပြောကြားသည်။ ဖွဲ့စည်းပုံကို လေ့လာသုံးသပ်သည့် ကော်မတီသည် အကြံပြုချက်များကို ဖော်ပြခြင်းသာ မဟုတ်ဘဲ အကြံပြုချက်များကို အခြေခံ၍ ပြင်ဆင်သင့်သည်များကို သုံးသပ်ချက်၊ ကြောင်းကျိုးဖော်ပြချက်များ ပါရှိမည့် အစီရင်ခံစာကို မျှော်လင့်ထားသော်လည်း အဆိုပါအတိုင်း မဖြစ်ပါက ကော်မတီ၏ လုပ်ငန်းတာဝန်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းထားသော ၁၀၈ ဦးပါ ကော်မတီ အနေဖြင့်လည်း ကော်မတီတစ်ခုတည်းကသာ ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြင်ဆင်သင့်သည့် အချက်များကို တင်ပြလိုက်လျှင် တရားမမျှတသကဲ့သို့ ဖြစ်မည်စိုး၍ဟု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောသည်။ ဒီလိုပုံစံနဲ့ လုပ်မယ်ဆိုရင်တော့ လေ့လာသုံးသပ်တဲ့ ကော်မတီ မဟုတ်တော့ဘဲ အချက်အလက်ကို စုဆောင်းပေးတဲ့ ကော်မတီပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် လုပ်ငန်းအဆင့်တွေ ပိုလာပြီး ၂၀၁၅ အစောပိုင်းမှာတင် ပြီးနိုင်မလားဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်ဟုလည်း နိုင်ငံရေး လေ့လာသူ တစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။ ထိုသို့ ကော်မတီဝင်များ၏ သဘောတစ်ခုတည်းဖြင့် ဆုံးဖြတ်သည် မဟုတ်ဘဲ အကြံပြုချက်များကို လွှတ်တော်သို့ တင်ပြမည်ဆိုသည်မှာ သဘောတရားအရ လက်ခံနိုင်ဖွယ် ဖြစ်သော်လည်း အချိန်ယူ၍ ဆောင်ရွက်ခဲ့သော ကော်မတီဝင်များ၏ လုပ်ငန်းများနှင့် အခြေခံဥပဒေ ပြင်ဆင်ရန် အချိန်နှောင့်နှေးမှုများ ရှိလာနိုင်သည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်း လွှတ်တော် ပြင်ပ နိုင်ငံရေးသမားများက ဆိုသည်။ လာမည့် ဇန်နဝါရီ ၂၉ ရက် (သို့မဟုတ်) ၃၀ ရက်တွင် တင်မည့် အစီရင်ခံစာအပေါ် လွှတ်တော်၏ ဆွေးနွေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံကို ပြင်သင့်မပြင်သင့်ဆိုသည့် ဆုံးဖြတ်ချက်တစ်ခု ရှိလာမည် ဖြစ်သည်။
ပြင်သင့်သည့် ဆုံးဖြတ်ချက်ဆိုပါက ပြင်ဆင်ရန် အဆိုနှင့် ဥပဒေကြမ်းကို လွှတ်တော်က ရေးဆွဲရမည် ဖြစ်သည်။ လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲရန် အတွက်လည်း မည်သည့် ပုဒ်မများကို ပြင်မည်ဆိုသည့် အငြင်းပွားဖွယ်ရာများအတွက် အချိန်ယူရမည် ဖြစ်သလို ကော်မတီတစ်ခုလည်း ထပ်မံ လိုကောင်းလိုလာမည် ဖြစ်သည်။ လေးလကျော် အချိန်ယူခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာသည် မည်သည့် ပုဒ်မများကို ပြင်မည်ဟူသည့် တိကျသော ရလဒ် မရှိသေးသည့်အတွက် ဖွဲ့စည်းပုံပေါ် အခြေခံသည့် နိုင်ငံရေး ရွေးချယ်မှုများသည်လည်း အချိန်ယူရဦးမည် ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကလည်း ပြောကြားသည်။ အဆိုပါ ပါတီကဲ့သို့ပင် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ခေါင်းဆောင်များက စိတ်ဝင်စားနေသည့် အခြေခံဥပဒေ ပြင်ဆင်မှုသည် ကော်မတီ အစီရင်ခံစာနှင့်အတူ အနည်းငယ်တော့ ရွှေ့ဆိုင်းသွားပြီ ဖြစ်သည်။

အိဖြူလွင်
(ရတနာပုံ)