skip to main |
skip to sidebar
မန္တလေးဖြစ်စဉ် သတိတရားနှင့်ယှဉ် အသိတရားအစဉ်ထား
[၂၃-၇-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာနှင့် ၂၄-၇-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာများမှ]
မန္တလေးမြို့တွင် ဇူလိုင်လ ၁ ရက်နေ့၊ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင်
ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏
သတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်
ဖော်ပြပါရှိလာခဲ့ပါသည်။ ဖြစ်စဉ်၏ နောက်ခံ အကြောင်းအရာ ပြည့်ပြည့်စုံစုံ
သိရှိလိုက်ရသောအခါ သတိတရားနှင့် အသိတရား နှစ်ပါးတို့ ၏ အရေးပါမှုကို
သတိပြုခံစားလိုက်ရပါသည်။ ပဋိပက္ခတွင် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံး ပြီး ၁၄
ဦး ထိခိုက်ဒဏ်ရာရကာ အများပြည်သူ အထိတ်တလန့် အခြေအနေမျိုးကို ကြုံတွေ့
ခဲ့ရပါသည်။
ပုဂ္ဂိုလ်ရေး ရန်ငြိုးလေး တစ်ခုကြောင့် ယခုကဲ့သို့
ပြည်သူများ စိတ်မချမ်းမြေ့ဖွယ် အခြေအနေကို ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။
ဤအခြေအနေမျိုး၊ ဤအတွေ့အကြုံမျိုးကို ကျွန်တော်တို့ မန္တလေးသူ၊ မန္တလေးသားများ
နောင်ဘယ်သော အခါမှ မကြုံတွေ့လိုတော့ပါ။ အခြားမည်သည့်အရပ်၊
မည်သည့်ဒေသတွင်မှလည်း မကြုံတွေ့စေလိုတော့ပါ။
ဖြစ်ရပ်နောက်ခံ အကြောင်းမှာ ဆွေမျိုးနီးစပ်တော်စပ်သူများအကြား
၂၀၁၀ ပြည့်နှစ်ခန့်မှ စတင်၍ အပြန်အလှန် ဖြစ်ပွားခဲ့သော
ပုဂ္ဂိုလ်ရေးရန်ငြိုး အာဃာတများကတစ်ဆင့် မြစ်ဖျားခံ စီးဆင်းလာခဲ့ရာမှ
ရဲစခန်းတွင် သားမယားပြုကျင့်မှုဖြင့် လီဆယ်အမှုဖွင့်ခဲ့ခြင်းက စတင်ခဲ့ခြင်း
ဖြစ်ပါသည်။ ဆွေမျိုးနီးစပ်တော်စပ်သူများ ဖြစ်လင့်ကစားတစ်ဖက်နှင့်တစ်ဖက် မပြေသော ရန်ငြိုးများဖြင့် အမှုကြီးများ အပြန်အလှန်ဖန်တီးခဲ့ကြသည်အထိ ဖြစ်ပေါ်ခဲ့ပါသည်။
ထိုအချိန်တွင် အမှုဆင်၍ လီဆယ်တိုင်ကြားခဲ့သည့် ဖြစ်ရပ်ကို အင်တာနက်၊ လူမှုကွန်ရက် တို့ဖြင့် လှုံ့ဆော်အားဖြည့်လိုက်သောအခါ
မတူကွဲပြားသော လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပဋိပက္ခ ဖြစ်ပွားစေမည့်
စိတ်ခံစားမှုများ ပိုမိုမြင့်မား ပြင်းထန်လာစေခဲ့ပါသည်။ ထို့ကြောင့်
ဇူလိုင်လ ၁ ရက်နေ့တွင် မန္တလေးမြို့၌ ပဋိပက္ခဖြစ်စဉ်များ
ကူးစက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
နှစ်ဖက်သော လူ့အဖွဲ့အစည်းများအကြားတွင် သံသယနှင့် မလုံခြုံမှုများကို ကြီးမားစွာ ခံစားခဲ့ကြရပြီး တည်ငြိမ်မှုသည်လည်း ရုတ်ခြည်းပျက်ပြားသွားစေခဲ့ရပါသည်။
ယခင်က ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေထိုင်လာခဲ့ကြသူများအကြား
သံသယစိတ်များ တိုးမြှင့် ဖြစ်ပေါ်လာခဲ့ကြပါသည်။ ထိုအချိန်တွင်
အရေးကြီးသည်မှာ အသက်ရှင် ရပ်တည် နိုင်ရေးသာ ဖြစ်သည်ဟူသော အတွေးတို့နှင့်အတူ
နေ့ရောညပါ ထိတ်လန့်ခြင်းတို့ဖြင့် ကျော်ဖြတ်ခဲ့ရပါသည်။
သို့သော် မန္တလေးသူ၊ မန္တလေးသားများသည် အချိန်မီ ဆင်ခြင်တုံ တရားဖြင့်
ထိန်းချုပ်၍ ယိုယွင်းသွားသော အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်စေရန်
ကြိုးပမ်းဆောင်ရွက်ခဲ့ ကြပါသည်။ ဆက်တိုက်ဆိုသလို ကောလာဟလများ
ထွက်ပေါ်နေသည်ကိုလည်း မန္တလေးမြို့ အသိုင်းအဝိုင်းအတွင်း
မြို့နယ်တစ်ခုနှင့်တစ်ခု ချိတ်ဆက် ဆက်သွယ်ကာ သတင်းမှန်များကို အမြန်ဆုံး
ဖြန့်ဖြူးခဲ့ကြရပါသည်။ အစိုးရတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့
ဝင်များနှင့် အပြည့်အဝပူးပေါင်းကာ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးကို
မန္တလေးသူ၊ မန္တလေးသားများက ဝိုင်းဝန်းဆောင်ကြဉ်းခဲ့ကြရပါသည်။ အင်တာနက် လူမှုကွန်ရက်တို့၏ စေစားမှုကို အချိန်မီ အသိတရား၊ သတိတရားဖြင့် ဆင်ခြင်နိုင်ခဲ့သည်။
ကျန်ဒေသများသို့ ပျံ့နှံ့ခြင်း မရှိစေရန် နိုင်ငံတော်တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ခဲ့ကြသလို မန္တလေးမြို့ အမြန်ဆုံးတည်ငြိမ် အေးချမ်းစေရန်အတွက်လည်း ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် လူထုအလွှာအသီးသီးမှ ကျရာကဏ္ဍ အလိုက် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
တစ်ချိန်တည်းမှာပင် ဖမ်းဆီးထိန်းသိမ်းမှုများ၊ စစ်ဆေးအရေးယူမှုများ ဆက်တိုက်
ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံး
ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၇ ရက်နေ့အထိ ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်၍
အမှု ၁၉ မှု တရားစွဲ တင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၄၉ ဦးကို
ဖမ်းဆီးအရေးယူနိုင်ရေး တရားစွဲဆို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
မန္တလေးမြို့၏ အထက်ဖော်ပြပါ မတည်ငြိမ်သော အခြေအနေများကြောင့် ပုဒ်မ ၁၄၄
ဖြစ်သော ကန့်သတ်အမိန့်အား ထုတ်ပြန်ခဲ့ရပါသည်။ မန္တလေး ပြည်သူလူထုအနေဖြင့်
ယခင်က လွတ်လပ်စွာ နေ့စဉ် လုပ်ငန်းဆောင်တာများကို
လုပ်ကိုင်နိုင်ခဲ့ကြသော်လည်း
ယခုအချိန်၌ ကန့်သတ်မှုများကြားတွင် လုပ်ငန်းများ ဆောင်ရွက်နေကြရပါသည်။
လုံခြုံရေး အရ ကန့်သတ်ချက်များအပေါ် ကျော်လွန်ဖောက်ဖျက်မှုများအတွက် အရေးယူလျက်ရှိရာ အမှုပေါင်း ၃၄၉ မှု၊ လူပေါင်း ၈၃၄ ဦး အရေးယူခံထားရသည်ကိုလည်း တွေ့မြင်ရပါသည်။
သွေးထိုးလှုံ့ဆော်မှုကြောင့် ပဋိပက္ခမရှိခဲ့လျှင် ဆူပူအကြမ်းဖက်မှုများလည်း
မဖြစ်နိုင်သလို လုံခြုံရေး၊ တည်ငြိမ်ရေးအရ ကန့်သတ်တားမြစ်ရန်လည်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူခံ ရဖွယ်လည်း ရှိမည်မဟုတ်ပါ။ အရင်းအနှီးများ ပေးဆပ်ခဲ့ရခြင်းအပေါ် သင်ခန်းစာ ရယူဖွယ်ဖြစ်ပါသည်။
ယင်းကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ
နေ့မအားညမနား လုံခြုံရေးတာဝန်များ ရယူကြရာ၌ သတင်းထွက်ပေါ်ရာ နေရာသို့
အမြန်ဆုံးဝိုင်းဝန်း ဖြေရှင်းခဲ့ကြရပါသည်။ မိမိတို့မြို့တော်
တည်ငြိမ်အေးချမ်းရေးအတွက် ၂၄ နာရီပတ်လုံး နေပူမိုးရွာမရှောင်
တာဝန်ယူပေးခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များကို မန္တလေးမြို့သူ၊
မြို့သားများက စားသောက်ဖွယ်ရာများ၊ ဖျော်ရည်များ
ပေးအပ်ခဲ့ကြသည့်မြင်ကွင်းမှာလည်း အပူများကြားမှ မြင်ရသူကို အေးမြစေသည့်ပုံရိပ်များဖြစ်ခဲ့ရပါသည်။
ဤမြို့တော်ကြီး ပဋိပက္ခများအကြား ပျက်စီးမသွားစေရန်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးစားပမ်းစား ဆောင်ရွက်ပေးနေ ရသည်ကိုလည်း
မန္တလေးမြို့သူ၊ မြို့သားများအနေဖြင့် အပြည့်အဝ နားလည်စာနာမှု နှင့်အတူ
ဝိုင်းဝန်းပူးပေါင်းခဲ့ကြသည်။
ရခိုင်ပြည်နယ်မှစတင်၍ ပြည်တွင်းဒေသအချို့သို့ ကူးစက်လောင်ကျွမ်းခဲ့သော
ပဋိပက္ခများ ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ဆဲ တည်ငြိမ်စပြုဆဲကာလတွင်
မန္တလေးမြို့၌ ဖြစ်ပွား လာခဲ့ခြင်းဖြစ်ပါသည်။ ဘာသာရေး၊ လူမျိုးရေးကို
အခြေခံသော ကောလာဟလများမှာ သာမန်ကောလာဟလများထက် ပိုမို၍ သက်ရောက်မှု
ပြင်းထန်ပါသည်။
မည်သို့ပင် သွေးထိုးလှုံ့ဆော်ကြစေကာမူ
နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာနှင့် အတူတကွ နေထိုင်လာခဲ့ကြသည့်
အစဉ်အလာ၊ ဘာသာချင်းမတူညီသော်လည်း အသွင်တူသော မန္တလေးသူ၊ မန္တလေးသားဆိုသည့်
ဒေသစွဲစိတ်၊ ငြိမ်းချမ်းစွာအတူနေကြသည့် အခြားသော ဒေသများအတွက်ပါ အတုယူစရာ
စံနမူနာပြ လူ့အဖွဲ့အစည်းတစ်ရပ်ဆိုသည့်
ဂုဏ်သတင်း များနှင့်အတူ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊
နှစ်ဖက်ဘာသာဝင်များမှ လူမှုရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့်
မြို့လူထုတို့သည် ဖြစ်ပေါ်လာသော အခြေအနေများကို အတူလက်တွဲ ရင်ဆိုင်ခဲ့ကြပြီး
လူ့အဖွဲ့အစည်းအတွင်း အထူး လိုအပ်သော အပြန်အလှန် ယုံကြည်မှုနှင့်
ပူးပေါင်းဆောင်ရွက်မှုဆိုသည့် တန်ဖိုးကို နိုင်ငံသားစိတ်ဓာတ်၊ မန္တလေးစိတ်ရင်းတို့ဖြင့် အထင်အရှား ပြနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ ကြသည်။
ဘာသာမတူ၊ လူမျိုးချင်းမတူသော်လည်း တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ကာ တစ်မိုးအောက်တွင် အတူယှဉ်တွဲနေထိုင်ခဲ့ကြသူများ
အချင်းချင်းလည်း မန္တလေးသားစိတ်ဓာတ်ဖြင့် ရိုင်းပင်းကူညီခဲ့ကြပါသည်။
အချိန်မီ သတိတရား၊ အသိတရား တို့ဖြင့် ပြည်သူများမှ လက်တွဲပူးပေါင်း
ဆောင်ရွက်နိုင်ခဲ့သည်မှာ မန္တလေးမြို့ အတွက် သာမက မိမိတို့
လူ့အဖွဲ့အစည်းအတွက်လည်း စံနမူနာကောင်းတစ်ရပ်ဟု ရှုမြင်နိုင် ပါသည်။
ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးကို လျှောက်လှမ်း နေရသည့် အခါသမယဖြစ်ပါသည်။
မမျှော်လင့်ဘဲ ကြုံတွေ့လာခဲ့ရသည့် စိန်ခေါ်မှုများတွင် မတူကွဲပြားသော
ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံသား၊ ဘာသာစကား၊ မျိုးနွယ်စု၊
လိင်ကွဲပြားမှုစသည့် ထိလွယ်ရှလွယ် အကဲဆတ်လွယ်သော ကိစ္စရပ်များ ပါဝင်ပါသည်။
ထိုကဲ့သို့ မတူကွဲပြားမှုအပေါ် အခြေခံ၍ ဖြစ်ပေါ်သော မှုခင်းများသည် အကြမ်းဖက်မှု
ပဋိပက္ခများကို ဦးတည်သည့် စိတ်ခံစားမှုများကို လျင်မြန်လွယ်ကူစွာ ဖြစ်ပေါ်
စေတတ်ပြီး လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းတစ်ခုလုံးသို့ ကြီးစွာသော ဆိုးကျိုးနှင့် အမုန်းတရားများကို အချိန်တိုအတွင်း ပျံ့နှံ့ဖြစ်ပေါ်စေတတ်ပါသည်။
အထူးသဖြင့် အကျိုးဖျက်ဆီးမှုများသည် နှစ်ဖက်လူ့အဖွဲ့အစည်းတို့ အလေးထားရာ
အဆောက် အအုံများ၊ အခြေပြုရာ ဗဟိုနေရာများသို့ ဦးတည်တတ်သဖြင့် သတိပြု၍
ကြိုတင်ကာကွယ် ထားရန် လိုအပ်ပါသည်။
အဆိုပါ ပဋိပက္ခမျိုးသည်
လျင်မြန်စွာ ကူးစက်နိုင်သည့် သဘော သဘာဝရှိသောကြောင့် မတူကွဲပြားသည့်
လူအုပ်စုများအကြား ၎င်းတို့၏ ယုံကြည်ရာ အယူအဆများကို အပြန်အလှန်
လေးစားနိုင်ရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေး၊ နားလည်သည်းခံနိုင်မှုစွမ်းရည် မြှင့်တင်နိုင်ရေးတို့အတွက် လူထုအဖွဲ့အစည်းများ အချင်းချင်း တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ရယူဖော်ဆောင်သွားရန် လိုအပ်မည် ဖြစ်ပါသည်။
ထို့ပြင် မတူကွဲပြားသည့် အခြေအနေများကို အကြောင်းပြု၍ ပဋိပက္ခများ၊
အကြမ်းဖက်မှုများ ဖြစ်စေရန်စေ့ဆော် ရေးသားမှု၊ လှုံ့ဆော်မှုများကိုလည်း
ထိထိရောက်ရောက် ကြိုတင် ကာကွယ်ရန် လိုအပ်ကြောင်းကို
မန္တလေးမြို့ဖြစ်စဉ်အတွင်း ထင်ရှားသော သာဓကတစ်ခု အဖြစ်တွေ့ရှိရမည်
ဖြစ်ပါသည်။ ထိုစေ့ဆော်မှု၊ လှုံ့ဆော်မှုများသည် အထူးသဖြင့် အင်တာနက်
လူမှုကွန်ရက် စာမျက်နှာများတွင် ဆောင်ရွက်ကြကြောင်းတွေ့ရှိရပြီး ၎င်း တို့အား ပြေပျောက်စေရန်အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာ၏ ပါဝင်မှုသည် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
မီဒီယာများသည် သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ အမြန်ဆုံးနှင့်
အထိရောက်ဆုံး ပေးပို့နိုင်သည့် စွမ်းရည်များ ရှိနေခြင်းကြောင့်ပင်
မဟုတ်ပါလား။ သို့သော် မမှန်သတင်းများ၊ လှုံ့ဆော် သတင်းများ မဟုတ်ဘဲ
သတင်းမှန်များ၊ ဖြစ်ရပ်မှန်များ ဖြစ်ရန်မှာမူ အရေးကြီးပါသည်။
လူ့ဘောင်အဖွဲ့အစည်းတို့တွင်
လူသားများရှိနေသရွေ့ လူသားများ အချင်းချင်းအကြား ဖြစ်ပွားသော အမှုအခင်းများ
ရှိနေမည်သာ ဖြစ်ပါသည်။ ပုဂ္ဂလိကတစ်ဦးချင်း ဖြစ်ပွားသော ပြဿနာများမှ
မှုခင်းများဖြစ်လာကြခြင်း ဖြစ်ပါသည်။ ထိုမှုခင်းများအား ဖြေရှင်းရန်အတွက်
လည်း နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရသော
အဖွဲ့အစည်းများရှိပြီး ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများက တရားမျှတစွာ၊
မှန်ကန်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ အရေးယူခြင်းအမှု
ပြုကြရပါသည်။
ဤသည်ပင်လျှင် တရားဥပဒေ စိုးမိုးရေး ဖြစ်ပါသည်။
သို့ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်အစား တရားဥပဒေမဲ့ လူအုပ်စုဖြင့်
ဆန္ဒ၊ ဒေါသကို ရှေ့ထား၍ ဆောင်ရွက်ကြမည်ဆိုလျှင် ဦးဆောင်သူနှင့်
ပါဝင်သူများပါ ပြစ်မှုကျူးလွန်ရာ ရောက်ကြလိမ့်မည်ဖြစ်ပေသည်။ ထိုကဲ့သို့
ဥပဒေမဲ့ လူအုပ်စု အားကိုး၍ ဆောင်ရွက်ခဲ့ကြသဖြင့် အရေးယူခဲ့ရသည့်
သာဓကများနှင့် ဖြစ်ရပ်များစွာ အထင်အရှားရှိခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ ဆင်ခြင်တုံတရားမဲ့စွာ ဆန္ဒအလျောက်၊ ဒေါသအလျောက်သာ ဆောင်ရွက်
နေကြမည် ဆိုလျှင် တရားဥပဒေ စိုးမိုးရေးအစား အာဃာတ တရားစိုးမိုးရေးသာ
ဖြစ်သွား နိုင်သည်ကိုလည်း အထူးသတိပြုအပ်ပေသည်။ အမှန်စင်စစ်ကြီးမားသော
အန္တရာယ်သို့ လက်တစ်ကမ်း ရောက်ခဲ့ရသည့် မန္တလေးမြို့ ပဋိပက္ခဖြစ်ရပ်ကို
ကြည့်မည်ဆိုလျှင် ဖြစ်စေခဲ့သော အကြောင်းမှာ ဆွေမျိုးနီးစပ်တော်သူများအကြား
ပုဂ္ဂလိက မုန်းတီးမှု၊ ပုဂ္ဂိုလ်ရေး ရန်ငြိုးသက်သက်ဖြစ်ကြောင်း
တွေ့ရှိရသော်လည်း မမှန်သတင်းဖြန့်မှု၊ သွေးထိုး လှုံ့ဆော်မှုများ
ရှိခဲ့သောကြောင့် ဖြစ်ပွားရကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး
ဖြစ်ပါသည်။ သို့ဖြစ်၍ ကိစ္စမြားမြောင်လူတို့ဘောင်တွင် အခြေအနေအရပ်ရပ်အား ဆင်ခြင်တုံ တရားနှင့်ယှဉ်၍ သတိနှင့်အသိ အစဉ်ထားအပ်ကြောင်း တင်ပြလိုက်ရပါသည်။
(မန္တလေးသားတစ်ဦး) (mmdailystar)