Sunday, October 19, 2014

မိတ်ဆွေကြီးတစ်ယောက် အရင်လိုစိတ်မျိုး ထားနိုင်ဦးမလား

,
မလေးရှားမှာ ဗမာမွတ်ဆလင်တစ်ဦးနဲ့ ၁၀ လလောက် အတူအလုပ်လုပ်ဖူးတယ် ။
နောက်ဖေးခန်းမှာနေ ၊ အိမ်ရှေ့အလုပ်ရုံမှာ အလုပ်လုပ် ၊ အတူစုချက်စားပေါ့ ။
အမှန်က "ဗမာမွတ်ဆလင်"ဆိုတာ သူပြောမှ စပြီးရင်းနှီးလာတာ ။

ပျဉ်းမနားသား ၊ ကိုယ့်ထက်အသက်ကြီးပြီး စိတ်ရှည် သဘောကောင်း လူကြီးဆန်သူပါ ။
ဘာကုလားစကားမှ မသိဘူး ။ ဘာနိုင်ငံနဲ့မှလည်း အဆက်စပ်မရှိဘူး ။
နောက်ပြီး သူ့မိန်းမကလည်း ဘာသာတူပဲ ။

ဒါ့ပြင် မိန်းမဖက်က စစ်မှုထမ်းတွေပါ ။
ဒါပေမယ့် မွတ်ဆလင်ဆိုသည်အတိုင်း တစ်ယောက်မှတော့ ဗိုလ်မှူးအဆင့်ထက် မပိုခဲ့ကြဘူး ။
ဒါကိုလည်း သူတို့ကျေနပ်နေခဲ့ကြတယ် ။
မလေးရှားမှာ တရုတ်ပုံပေါက်နေတဲ့ ကိုယ့်ကို ၊ လူတိုင်းလိုလိုက 'တရုတ်လား'လို့ မေးလေ့ရှိတယ်

မေးတိုင်းလည်း ကိုယ်က မြန်မာပြည်က ကရင်လူမျိုးဖြစ်ကြောင်း ပြောပြလေ့ရှိတယ် ။
ဒါကို ကျနော့်ရဲ့ ဗမာမွတ်ဆလင်မိတ်ဆွေကြီးက ပြုံးပြီးပြောတယ် ။

"မင်းကွာ ၊ ဗမာလို့ပြောလိုက်လည်း ပြီးတာပါပဲ" တဲ့ ။
သူကတော့ သူ့ကိုယ်သူ ဗမာလို့ခံယူတာကြောင့် ၊ ဗမာလိုပဲတွေးတာလို့ နားလည်လက်ခံပေးခဲ့တယ် ။
စကားစမြည်တွေ ပြောဖြစ်တော့ ၊ ကရင်တွေရဲ့ဒုက္ခကို ပြောပြဖြစ်တယ် ။

သူက "စစ်ဦး ဘီလူးပေါ့ကွာ" လို့ဆိုတယ် ။
ကျနော်က "စစ်ဦးဘီလူးကလည်း နှစ် ၅၀ ကျော်နေပြီ ၊ စစ်ဦးတုန်းပဲလား" လို့ဆိုတော့ သူပြုံးပြီး အ
သာငြိမ်နေလိုက်တယ် ။

ခုတော့ နှစ်ပေါင်း ၂၀ ကျော်စပြုခဲ့ပြီ ။
အင်မတန် ခင်မင်စရာကောင်းတဲ့ ကျနော့်မိတ်ဆွေကြီး ၊ ဗမာလူမျိုး ဗမာပြည်ကိုချစ်တဲ့ ဗမာမွတ်ဆ
လင်ကြီး ... သူကိုယ်တိုင် မခံရလောက်ပေမယ့် ၊ သူနဲ့ ဆက်စပ်နေသူတွေကတော့ ဒုက္ခပင်လယ် ဝေ
နေခဲ့ကြရပြီ ။
 

ဒီကနေ့ ပြန်တွေ့ကြမယ်ဆိုရင် ......
ကျနော့်မိတ်ဆွေကြီး ဘယ်လိုတွေပြောမလဲ ................... ။ 

(မန်းကိုကို)

၁၅ ၊ ၀၇ ၊ ၂၀၁၃

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မိတ်ဆွေကြီးတစ်ယောက် အရင်လိုစိတ်မျိုး ထားနိုင်ဦးမလား”

Post a Comment

Related Posts Plugin for WordPress, Blogger...