Thursday, August 24, 2017

အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆုတောင်းမှု၊ ဓမ္မရေးရာ သင်ကြားမှုတွေကို ကန့်သတ်တားမြစ်

,
အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆုတောင်းမှု၊ ဓမ္မရေးရာ သင်ကြားမှုတွေကို ကန့်သတ်တားမြစ်တဲ့ ဒေသန္တရအမိန့်တွေကို ရန်ကုန်က မြို့နယ်တစ်ချို့မှာ သြဂုတ်လ ၂၂ ရက်၊ ၂၃ ရက်နေ့တွေမှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်

အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့နေတဲ့ ဒီစာရွက်တွေဟာ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေက ထုတ်ပြန်တဲ့ အမိန့်တွေဖြစ်တယ်ဆိုတာ သေချာကြောင်း၊ သြဂုတ်လ ၂၃ ရက်နေ့ ညပိုင်းမှာ သာကေတမြို့နယ်အပါအ၀င် မြို့နယ်တစ်ချို့မှာ အသံချဲ့စက်နဲ့ လိုက်လံကြေငြာခဲ့ကြောင်း ဒေသခံတွေက အတည်ပြုခဲ့ကြပါတယ်။

၂၀၁၇ သြဂုတ်လ ၂၂ ရက်နေ့ရက်စွဲနဲ့ ဒေါပုံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ

"နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လွန်စွာအရေးပါသော ဤကာလ၌ ဘာသာရေးကိစ္စများကို အကြောင်းပြု အဓိကရုဏ်းများ ဖြစ်ပွားစေနိုင်မည့် ကိစ္စအရပ်ရပ်ကို ရှောင်ရှားရန် အထူးအရေးကြီးကြောင်း၊ ညွှန်ကြားချက်များအရ ဗလီအတွင်း၌သာ ၀တ်ပြုဆုတောင်းနိုင်ရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်"

"သို့ဖြစ်ပါ၍ ရပ်ကွက်များအတွင်း ခွင့်ပြုချက်မရှိဘဲ ဘာသာရေးဆိုင်ရာ အဆောက်ဦးများ ဆောက်လုပ်ခြင်း၊ ဘာသာရေးဆိုင်ရာ စာပေသင်ကြားခြင်း၊ နေအိမ်နှင့် ဘာသာရေးစာသင်ကျောင်းများတွင် စုပေါင်းဝတ်ပြုခြင်းနှင့် ဆုတောင်းခြင်း မပြုလုပ်ရန်နှင့် ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ကာယကံရှင်အား တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ပါသည်" လို့ ဖော်ပြထားပါတယ်။

သာကေတမြို့နယ်နဲ့ ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက ထုတ်ပြန်တဲ့ ကြေငြာချက်တွေကလည်း ဒီလိုသဘောသက်ရောက်တဲ့ ကြေငြာချက်မျိုးတွေ ဖြစ်ပါတယ်။

ဒီမြို့နယ် ၃ ခုအပါအ၀င် ရန်ကုန်မြို့အတွင်းက မြို့နယ်တော်တော်များများမှာ အစ္စလာမ်ဘာသာဝင်တွေအတွက် လိုအပ်နေတဲ့ ၀တ်ပြုရာနေရာတွကို ခေတ်အဆက်ဆက် အစိုးရတွေက ဆောက်လုပ်ခွင့်မပေးတာကြောင့် ဘာသာရေး စာသင်ကျောင်းတစ်ချို့မှာ စုပေါင်းဝတ်ပြုနေရတာ၊ နေအိမ်တစ်ချို့မှာ ကလေးငယ်တွေကို ဓမ္မစာပေတွေ သင်ကြားနေရတာတွေ ရှိနေပါတယ်။

အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုရာနေရာ မလုံလောက်မှု ကိစ္စအတွက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတော့ ဒီကြေငြာချက်တွေမှာ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

Poto Credit - Facebook

http://www.m-mediagroup.com/news/70664

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆုတောင်းမှု၊ ဓမ္မရေးရာ သင်ကြားမှုတွေကို ကန့်သတ်တားမြစ်”

Post a Comment

Related Posts Plugin for WordPress, Blogger...