Saturday, August 26, 2017

ကျောင်းသားသမဂ္ဂအဆောက်အအုံနဲ့ပတ်သက်ပြီး လက်ရှိကျောင်းသားတွေကို ပြောချင်တာက

,
မင်းတို့လက်ထက်မှာ ကျောင်းသားထုကြီးက တပြိုင်နက် ရွေးချယ်ပေးတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းကြီး ပေါ်ပေါက် ရရှိလာအောင် ပီပီပြင်ပြင် ဖွဲ့ကြပါ။ သမဂ္ဂအဆောက်အအုံ ဆောက်ဖို့ကိစ္စက မင်းတို့လက်ထက်မှာ မပြီးနိုင်ဘူး။ ဒါကြောင့် ဒီတက္ကသိုလ်သမဂ္ဂ အဆောက်အအုံကြီး ဖြစ်လာရင် ငါတို့နေရာရမှာ မဟုတ်ဘူးဆိုပြီး ညစ်ကတ်ကတ် အတွေးတွေနဲ့ အဆောက်အအုံ ကွက်လပ်ကြီးကို ဒီတိုင်းအမှတ်တရအဖြစ် ထားမှာတို့၊ အထိမ်းအမှတ် ကျောက်တိုင်ပဲ စိုက်မယ် ဆိုတာတို့၊ ကျောင်းဝင်းအပြင်မှာ ထားမယ်ဆိုတဲ့ လူပိန်းအတွေးတွေနဲ့ အမြင်ကျဉ်းမြောင်းတဲ့ စိတ်တွေကို ပြောင်းလိုက်ကြပါ။ မင်းတို့ လုပ်နိုင်စွမ်းရှိရင် လက်ရှိလုပ်နိုင်တာက ပီပြင်တဲ့ တနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းကို ဖွဲ့စည်းဖို့ပါ။ အဲ့လိုမျိုး ဖွဲ့ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ် နောက်တနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ရွေးချယ်ကြပါ။ အဲ့ဒီတော့မှ ကျောင်းသားတရပ်လုံးက ရွေးချယ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးပေါ်လာမှာ။

ကွက်လပ်ကြီးကို ဒီအတိုင်းပဲ ထားချင်တယ်ဆိုတဲ့ သူတွေကို မေးချင်တာက ထားခဲ့ရင် ကျောင်းသားတွေအတွက် ဒီကွက်လပ်ကြီးက ဘာတွေဘာအကျိုးပြုမှာလဲ ဆိုတာပါ။ ဒီစိန်ပန်းပင်တွေနဲ့ပြည့်နေတဲ့ ကွက်လပ်ကြီးက ဘယ်လို ရက်စက်မှုတွေကိုပြမှာလဲ ဒီစိန်ပန်းတောကြီးကို လာရောက်ငေးမောကြည့်ပြီး စစ်အာဏာရှင်တွေ ရက်စက်လိုက်ကြတာလို့ ဘယ်ကျောင်းသားကထင်မှာလဲ ဘယ်လို ဆွဲဆောင်နိုင်မလဲ ပြောကြစမ်းပါ။ ကျောင်းဝင်းအပြင်မှာ ထားမယ်ဆိုတဲ့ ဉာဏ်ကြီးရှင်တွေကိုလည်း ဘယ်နေရာတွေရှိလို့သွားဆောက်မှာလဲ၊ လှိုင်တက္ကသိုလ် အားကစားကွင်းကြီးနဲ့ အားကစား အဆောက်အအုံကိုတောင် စစ်တပ်ကသိမ်းထားတာ ပြန်မရတဲ့အနေအထားမှာ ဘယ်လို မြေနေရာတွေကို မင်းတို့ပထွေး တွေက ပေးမှာမို့လို့လား။ ကျောင်းသားတွေက ကျောင်းနဲ့ဝေးတဲ့ နေရာမှာဆောက်ထားတဲ့ သမဂ္ဂအဆောက်အအုံမှာ သွားပြီး အစည်းအဝေး လုပ်ရတာထက် မိမိ ကျောင်းဝင်းထဲမှာ တည်ရှိနေတဲ့ သမဂ္ဂကွက်လပ်မှာ ပြန်ဆောက်တဲ့ သမဂ္ဂအဆောက်အအုံမှာ အစည်းအဝေးလုပ်ရတာ နှစ်ခုထဲက ဘယ်ဟာက ပိုပြီးအဓိပ္ပါယ်ရှိသလဲ။ မေးချင်ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေထဲက ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ကျောင်းဝင်းအပြင်မှာ ဆောက်ချင်ပါတယ်လို့ ပြောနေတဲ့ ကောင်တွေဟာ မဆလ၊ နဝတ၊ နအဖ မှိုင်းမိနေတဲ့သူတွေ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် သူ့လူကိုယ့်ဖက်သား လုပ်နေတဲ့ ကောင်တွေပဲ ဖြစ်မယ်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံဆောက်တယ်ဆိုတာ နေ့ချင်းညချင်းလုပ်လို့ရတာမဟုတ်ဘူး အနည်းဆုံး ၃-၄နှစ်တော့ ကြာမယ် ဘာကြောင့်လဲဆိုတော့ ဒီသမဂ္ဂအဆောက်အအုံဆိုတာ နိုင်ငံခေါင်းဆောင်လောင်းတွေကို မွေးထုတ်ပေးမဲ့ နေရာဆိုတော့ ပေါ့ပေါ့ဆဆ တွေးလို့မရဘူး၊ မင်းတို့လက်ထက်မှာ ပထမနှစ် တက်နေတဲ့သူတွေတောင် သူတို့ကျောင်းပြီးရင် သမဂ္ဂအဆောက်အအုံက ပြီးအုံးမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအဆောက်အအုံကြီး ပြီးသွားရင် ငါတို့အဖွဲ့နေရာရမှာ မဟုတ်ဘူး၊ ဖြစ်တဲ့နည်းနဲ့ ဖျက်ရမယ်လို့ဆိုတဲ့ ကပျက်ယပျက် စိတ်တွေနဲ့ ပြောနေတဲ့ကောင်တွေကို ငါတို့ကျောင်းသားဟောင်းကြီး တွေက စောင့်ကြည့်နေတယ်။ မင်းတို့ရဲ့ တတထွာတမိုက် ဉာဏ်လေးတွေနဲ့ ငါတို့ခေတ်အဆက်ဆက်က မျှော်မှန်းခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ပြန်လည်ဖြစ်ပေါ်လာမှုကို မင်းတို့ဖျက်လို့ မရဘူးဆိုတာ မြဲမြဲမှတ်ထားကြပါ။  

ငါတို့ ၇၄ မျိုးဆက်အနေနဲ့ သမဂ္ဂအဆောက်အအုံကြီး ဆောက်ဖို့ကိစ္စမှာ နောင်မျိုးဆက်သစ်တွေအတွက် ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မဲ့ ခေတ်မီတက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံကြီး ပေါ်ပေါက်လာမှာကို ရိုးသားစွာ ကိုယ်ကျိုးမပါဘဲ အားပေးကူညီမယ်။ အခြေခံကောင်းတွေကို နောက်မျိုးဆက်တွေအတွက် ချပေးခဲ့မယ်ဆိုတဲ့ သန့်စင်တဲ့စိတ်ထားနဲ့ လုပ်ဆောင်ကြတာကို မြင်ချင်တယ်။ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့ စိတ်ကတော့ မထားရှိသင့်တဲ့ စိတ်ဓာတ်ပဲ။

ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ဆောက်မယ်ဆိုရင် အဆင့်လေးဆင့်ကို ဖြတ်ကျော်ရမယ်။
၁။ ကျောင်းသားသမဂ္ဂအကျယ်အဝန်းကို အတိအကျ တိုင်းတာရမယ်။ တက္ကသိုလ်အလေးမရုံကြီးကိုပါ အကျယ်အဝန်းထဲမှာ ထည့်ဖို့လိုတယ်။ ဒါမှ ပိုမိုကြီးကျယ်တဲ့အဆောက်အအုံကြီး ဖြစ်လာမယ်။ ဒါလဲဒေါ်စုအစိုးရနဲ့ညှိလို့ရနိုင်တယ်။
၂။ အကျယ်အဝန်းတိုင်းတာပြီးတာနဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ဗိသုကာပညာရှင်တွေကို ကြေညာပြီး ဒီဇိုင်းပုံစံတွေတင်ဖို့ ဖိတ်ခေါ်ရမယ်။ သူတို့ကို လက်ရှိခေတ်နဲ့ အနာဂတ်မှာ ဖြစ်လာမယ့်နည်းပညာ တိုးတက်မှုတွေကိုပါ ထည့်တွက်ပြီး ရေးဆွဲစေရမယ်။
၃။ ရေးဆွဲပြီး တင်ပြလာတဲ့ဒီဇိုင်းတွေကို ကျောင်းသားပြည်သူတွေကို ချပြပြီး ရွေးချယ်ခွင့်ပေးရမယ်။
၎။ ရွေးချယ်ပေးတဲ့အဆောက်အအုံပုံစံကို ပြည်သူကို ချပြပြီး အလှူကောက်ခံရမယ်။ လိုအပ်တဲ့ အလှူငွေ မရခဲ့ရင် အစိုးရက ထည့်ဝင်ငွေကို လက်ခံပြီး ဆောက်လုပ်ကြမယ်။

ဒီအဆင့် ၄ ဆင့်ကို လုပ်ဖို့က တနှစ်လောက်ကြာမယ်။ နောက်စတင် တည်ဆောက်ပြီးစီးတာနဲ့ အချိန်ကာလက ၃ နှစ်လောက် ကြာနိုင်တယ်။ ဒါကြောင့် လက်ရှိ ကျောင်းသားတွေအနေနဲ့ မိမိတို့အဖွဲ့အစည်း နေရာရပြီး ရုံးထိုင်နိုင်ရေးဆိုတာ မိမိတို့ကျောင်းသားသက်တမ်းအတွင်းမှာ မဖြစ်နိုင်ဘူးလို့ သိထားပြီး ဘယ်အဖွဲ့အစည်းကဖြင့် အစိုးရနဲ့အဆင်ပြေတယ်၊ ဘယ်သူတို့နေရာရပြီး ငါတို့နေရာမရ ဖြစ်မှာတို့ကို စိုးရိမ်စရာမလိုဘဲ ဘယ်သူမှ ရုံးထိုင်နိုင်ခွင့်ရမှာ မဟုတ်ဘူးဆိုတာ သိမြင်ပြီး ရိုးသားစွာသမဂ္ဂ အဆောက်အအုံဖြစ်မြောက်ရေးကို ကြိုးစားအားပေးကြပါ။ ဒါမှနောက်မျိုးဆက်တွေ အကျိုးထူး ခံစားရမှာ ဖြစ်ပါတယ်။ ဒီလိုစေတနာသန့်သန့်နဲ့ လုပ်ဆောင်ပေးခဲ့ကြသူတွေလဲ သမိုင်းမှာ သူတို့ဘယ်လို ဆောင်ရွက်ခဲ့တယ်ဆိုတာ တင်ကျန်ရစ်မှာဖြစ်တယ်။
အရင်ဖဆပလအစိုးရလက်ထက်မှာ အစိုးရလိုလားတဲ့ ကျောင်းသားတွေနဲ့ တကသကျောင်းသားတွေ အားပြိုင်ကြတဲ့အခါ တကသကျောင်းသားတွေအနိုင်ရခဲ့တယ်။ ဒါကြောင့်အစိုးရအားပေးတဲ့ ကျောင်းသားအုပ်စုပဲဖြစ်ဖြစ် အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုပဲဖြစ်ဖြစ် မိမိဘယ်လောက်စည်းရုံးနိုင်တယ်အပေါ်မှာပဲမူတည်တယ်။ မိမိတို့ဘယ်လောက် ကျောင်းသားထုကြီးကို စည်းရုံးနိုင်တယ်ဆိုတဲ့အပေါ်မှာပဲမူတည်တယ်။ ကျောင်းသားထုထောက်ခံလာအောင် လုပ်ရမှာက ကျောင်းသားထု အကျိုးရှိမဲ့အလုပ်တွေပဲဖြစ်တယ် နေရာရဖို့မဟုတ်ဘူး။

ခေတ်မှီ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး တည်ဆောင်နိုင်ရေးရှေ့ရှုလျက်
ထွန်းအောင်ကျော် (၇၄မျိုးဆက်)
https://m.facebook.com/story.php?story_fbid=10154567399371580&id=724096579

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျောင်းသားသမဂ္ဂအဆောက်အအုံနဲ့ပတ်သက်ပြီး လက်ရှိကျောင်းသားတွေကို ပြောချင်တာက ”

Post a Comment

Related Posts Plugin for WordPress, Blogger...