Sunday, August 27, 2017

အရပ်သားတွေကို မြန်မာတပ်ဖွဲ့တွေ ပစ်ခတ်ဟု သတင်းရ

,
ဘင်္ဂလားဒေ့ရှ် နယ်ခြားအရာရှိတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သောကြာနေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အပြီး မိမိတို့ကျေးရွာတွေက ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာရွာသားတွေကို စက်သေနတ်တွေ မော်တာတွေနဲ့ ပစ်ခတ်နေတယ်လို့ မနေ့ကရတဲ့ AFP သတင်းမှာ ပါရှိပါတယ်။ အဲဒီလို ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတချို့ရှိကြောင်းနဲ့ ထွက်ပြေးလာသူတွေထဲက ဒဏ်ရာရသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇား နဲ့ စစ်တကောင်းမြို့ ဆေးရုံတွေမှာ ကုသပေးနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ bdnews24 သတင်းမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အခုနောက်ဆုံးထပ်မံ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လုံးဝ လက်ခံမှာ မဟုတ်ကြောင်း မနေ့က ကြေညာပါတယ်။ ဒါကာမြို့မှာရှိတဲ့ မြန်မာသံရုံးတာဝန်ခံကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက စနေနေ့မှာ ဆင့်ခေါ်ပြီး ထွက်ပြေးနေတဲ့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးတွေကို စောင့်ရှောက်ဖို့နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ထွက်ပြေးလာသူတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြန်နှင်ထုတ်နေတယ် လို့လည်း သိရပါတယ်။ သောကြာနေ့ နောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသတွေ ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ မွတ်စလင်ဦးရေ ၁ဝဝဝ ကျော်ပြီလို့လည်း သတင်းတွေ ထွက်ပါတယ်။

သောကြာနေ့ မနက်က စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူဦးရေဟာ အစိုးရထုတ်ပြန်ချက်အရ ၁ဝဝ နီပါးရှိပေမယ့် အတည်ပြုလို့မရသေးတဲ့ သတင်းတွေအရ သေဆုံးသူ တရာကျော်သွားပါပြီ။

ဒီအတောအတွင်း တူရကီအစိုးရက ရခိုင်ပြည်နယ်ကပြသနာကို အကြမ်းဖက်ဖြေရှင်းလို့ မရနိုင်ကြောင်း မနေ့က ပြောပါတယ်။ သောကြာနေ့ကဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း နဲ့ အခြေအနေတွေကို ပိုမိုဆိုးဝါးအောင် လုပ်ဆောင်ခြင်းမပြုဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

https://m.facebook.com/story.php?story_fbid=10156553548523128&id=39218993127

(27.8.2017)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အရပ်သားတွေကို မြန်မာတပ်ဖွဲ့တွေ ပစ်ခတ်ဟု သတင်းရ”

Post a Comment

Related Posts Plugin for WordPress, Blogger...