Sunday, August 27, 2017

ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ဝေဖန်မှုများကို လက်တွန့်မည် မဟုတ်၊ ဖွဲ့စည်းပုံပြဋ္ဌာန်း ချက်အရ ဆက်လက်ဆောင်ရွက်မည်

,
ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် မဟုတ်မမှန် စွပ်စွဲ ပုတ်ခတ်ဝေဖန်မှုများ ကို လက်တွန့်မည် မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဗိုလ်မှူးကြီးထွန်းမြတ်ရွှေက သြဂုတ် ၂၄ ရက်တွင် ပြောကြား ခဲ့သည်။

ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စောဝေ တင်သွင်းသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသကို ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ရေး အဆိုနှင့်ပတ်သက်ပြီး တပ်မတော် သား လွှတ်တော်အမတ် ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေက  လွှတ်တော် အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့ရာတွင် ထိုသို့ ထည့်သွင်းပြော ဆိုခဲ့ခြင်း ဖြစ်သည်။

“တချို့ပုဂ္ဂိုလ် အဖွဲ့အစည်းတွေက တပ်မတော် နဲ့စပ်လျဉ်းပြီး အထူး အခွင့်အရေးတွေ ရနေတယ်၊ လုပ်ပိုင်ခွင့်တွေ ရှိနေတယ်၊ ထိန်းချုပ်လို့ မရဘူးလို့ စွပ်စွဲနေတာတွေ ရှိပါတယ်။ တပ်မတော် အနေနဲ့ မည်သို့ပင် ဖြစ်စေ မဟုတ်မမှန် စွပ်စွဲပုတ်ခတ် ဝေဖန်မှုများကို လက်တွန့်မှာ မဟုတ် ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၆ ပုဒ်မ ၂၀ ပုဒ်မခွဲ(င) ပုဒ်မခွဲ(စ)နဲ့ ပုဒ်မ ၃၄၁ တို့အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း” ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူ လုံခြုံရေးနှင့် ကာကွယ်ရေးစွမ်းအား တည်ဆောက်ရွာတွင် အချိန်တိုအတွင်း တည်ဆောက်၍ ရနိုင်သည့် အလုပ်မဟုတ်သည့် အတွက် ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ ပထ၀ီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ပထ၀ီ ပကတိ အနေအထားများအရ နိုင်ငံတော်လုံခြုံရေး အတွက် ကာကွယ်ရေးစွမ်းပကားများ တောင့်တင်းရန် တပ်မတော်နှင့်အတူ နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် တိုင်းရင်းသားများ လက်တွဲပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းကပြောသည်။

“ဘင်္ဂလီများကို အကြမ်းဖက်သမားများ ဘင်္ဂလီအကြမ်းဖက် အဖွဲ့အစည်း များအဖြစ် သတ်မှတ်ကြေညာ ပေးမှသာ လုံခြုံရေး ကိစ္စများကို ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။ တိတိကျကျ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးထွန်းမြတ်ရွှေ က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆)တွင် နိုင်ငံတော်သည် (က) ပြည်ထောင်စု မပြိုကွဲရေး၊ (ခ) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ) အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ (ဃ) စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ (င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးနှင့် (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ ပုဒ်မခွဲ(င)တွင် ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မခွဲ(စ)တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၁ ၌ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံ သားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဇော်မင်းထွန်း
The Ladies News

https://m.facebook.com/story.php?story_fbid=805380636303574&id=178829095625401

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ဝေဖန်မှုများကို လက်တွန့်မည် မဟုတ်၊ ဖွဲ့စည်းပုံပြဋ္ဌာန်း ချက်အရ ဆက်လက်ဆောင်ရွက်မည်”

Post a Comment

Related Posts Plugin for WordPress, Blogger...