Thursday, October 19, 2017

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူ ငါးသိန်းရှစ်သောင်းကျော်ပြီလို့ ကုလပြော(17.10.17)

,
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ငါးသိန်း ရှစ်သောင်း နှစ်ထောင်လောက် ရှိနေပြီလို့ ကုလသမဂ္ဂက ဒီကနေ့ ပြောပါတယ်။

နေအိမ်တွေကနေ ထွက်ခွာဖို့၊ ထွက်မသွားရင် သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြားက ဆက်နေပေမယ့် နေအိမ်တွေ မီးရှို့ခံရချိန်မှာ ထွက်ခွာနေကြတာဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်ဒေသမှာ ရိုဟင်ဂျာ ရှစ်သိန်းလောက် နေရာချထားပေးမယ့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီးတစ်ခုတည်ဆောက်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ထောင်သောင်းချီ ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ဗီဒီယိုတွေကို ကောင်းကင်ကနေ ဒရုန်းတွေနဲ့ ရိုက်ကူးပြီး ကမ္ဘာကို ဖြန့်ချီနေပါတယ်။

တချိန်တည်းမှာပဲ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း ရိုဟင်ဂျာကျေးရာ ၂၉၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ဂြိုလ်တုရုပ်ပုံတွေကို ဒီကနေ့ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်းစကလို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ မရှိတော့ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၈ ရက်နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာ ၆၆ ရွာထက်မနည်း ရှိတယ်လို့ HRW အဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာကျေးရွာတွေကို မီးရွှိ့တာ၊ သတ်ဖြတ်တာ၊ မုဒိန်းကျင့်တာ၊ လူမျိုးတုံးသတ်ဖြတ်တာစတဲ့ ပြစ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း HRW အဖွဲ့က အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေ အိတ်ခ်ျ မာမွတ်အလီ (AH Mahmood Ali) ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၉ ရက်နေ့ လာရောက်မယ်လို့ သိရပါတယ်။

https://m.facebook.com/story.php?story_fbid=10156791214808128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူ ငါးသိန်းရှစ်သောင်းကျော်ပြီလို့ ကုလပြော(17.10.17)”

Post a Comment

Related Posts Plugin for WordPress, Blogger...