Saturday, October 21, 2017

ပို၍ပျက်စီးယိုယွင်းလာတဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်(ဖြိုးဝေလှ )

,
မကြာမီက မိုးလေ၀သပညာရှင်တစ်ဦးက ဒီနှစ်ဆောင်းရာသီ ဖြစ်မြဲ ထက်ပိုမည်ဟု ခန့်မှန်းသည်ကို ဖတ်လိုက်ရသည်။ ပူပူအေးအေး ကမ္ဘာကြီး ၏နေ့အပူချိန်ကတစ်နှစ်ထက်တစ်နှစ်တိုးလာနေပြီဖြစ်သည်။အယ်နီညို တွေ လာနီညာတွေ မကြာခဏ ကြားနေရ မြင်နေရပြီ။ အယ်လ်နီညိုက အာရှတိုက်ဘက်အခြမ်း အိန္ဒိယသမုဒ္ဒရာဘက်တွင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ အချိန်မျိုးဖြစ်ပါက  မြန်မာဘက်သို့ သက်ရောက်နိုင်မှု အားနည်းကာ
 နိုဝင်ဘာ မှဖေဖော်ဝါရီ ဆောင်းတွင်းကာလမျိုး ဖြစ်ပါက မြန်မာဘက် သက်ရောက်မှု အား ကောင်းသည်ဟု မိုးလေဝသပညာရှင်များက ဆိုကြ သည်။

          သေချာသည်ကတော့ သဘာဝနှင့် ရာသီဥတုကို  ကျွန်တော်တို့ အကောင်းဘက်ကနေ မျှော်လင့်မရ သောအခြေအနေဖြစ်သည်။ ဒါက လူသားတွေရဲ့ ကိုယ့်အကျိုးစီးပွားတစ်ခုတည်းအတွက် သဘာဝကို ရက်ရက်စက်စက်ဖျက်ဆီး ခဲ့ခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။ တစ်ချိန် က တောင်အမေရိကမှ ဘရားဇီးမိုးသစ်တောတွေ၊အာရှက ဘော်နီယိုကျွန်း မိုးသစ်တောတွေ၊မြန်မာက ပဲခူးရိုးမတွေဆိုတာ ဒဏ္ဍာရီ တစ်ခုလို ဖြစ် လာခဲ့ပြီ။

 ယခုပင်လျှင် ကျွန်တော်တို့နွေ၏အပူကို သိသိသာသာခံစားနေရပြီး ညဘက်ဆိုလျှင်လည်း ပူအိုက် စပ်စပ်ဖြင့် အိပ်လို့မရဖြစ်နေပြီ။ မိုးက ရွာလိုက် နေကပူလိုက်။တစ်ခါတစ်ရံ ညဘက်ဆောင်းလေ ကလေး က မြူးလိုက်။ မြန်မာနိုင်ငံ အဖို့ ရာသီဥတု က တဖြေးဖြေး ပိုဆိုးလာ သည်။ နွေရာသီတိုင်းသည် တစ်နှစ်ထက် တစ်နှစ်ပို၍ အပူချိန်ပြင်း လာ သည်။ မြန်မာနိုင်ငံအ လယ်ပိုင်း ဒေသများ၏ ဧပြီ၊ မေလများ အနိမ့်ဆုံး အပူချိန်မှာ ၄၂ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် အထိ ရှိလာသည်။ ယခုနှစ်များအတွင်း မြန်မာနိုင်ငံတစ်ဝန်း နွေဆိုလျှင် အပူချိန်မြင့်တက်ကာ အလယ်ပိုင်း မိုးနည်းဒေသအချို့တွင် မိုးခေါင်ခြင်း များရှိခဲ့သည်။ မိုးရာသီတိုင်းဆို ရေက နှစ်စဉ်ကြီးကာ ကမ်းတွေ ပြိုပြီး လူတွေ ဒုက္ခရောက်ကြ သည်။မြစ် ရေချိန်တွေက မြင့်ကာ လယ်တွေပျက် သည်။ ယခုပင် မိတ္တီလာမြို့ထဲ ရေတိုးနေပြီ။ အပူချိန်တိုးလာတာ ၊မိုးကြီး လာတာ၊ စိုစွတ်မှု များလာတာနှင့်အမျှ  ရောဂါဆန်းတွေ ဖြစ်ပွားလာသည်။

 ကမ္ဘာတွင်လည်း ကြည့်။ ပြီးခဲ့သော ၂၀၁၅နှစ် မတ်လ  ဒုတိယပတ် အတွင်းက ပစိဖိတ်သမုဒ္ဒရာအတွင်း မုန်တိုင်းနှစ်ခု တစ်ပြိုင်နက်ဖြစ်ပွားခဲ့ တာ သတင်းထူးဖြစ်ခဲ့သည်။ ယခုနှစ်ချိန်မှာ မုန်တိုင်းတွေ တစ်ပြိုင်နက် ဖြစ် တာ၊  ဆက်တိုက်ဖြစ်တာတွေက ထူးထူးဆန်းဆန်း မဟုတ်တော့။ မကြာမီ ကတင် ထိုင်ဝမ်၊ဂျပန်နှင့် ဗီယက်နမ်တွင် အားပြင်းသော တိုက်ဖွန်းမုန်တိုင်း
တွေ ဆက်တိုက် ဝင်ရောက်ခဲ့သည် ။ လူတွေသေသည်။ အခြေခံ အဆောက်အဦးတွေ ပျက်ဆီးသည်။ ဒေသ၏အခြေခံ စီးပွားရေး အဆောက် အအုံ ပါ ပျက်စီး ကုန်သည်။ ဗီယက်နမ်ဝင်သော မုန်တိုင်းက ကုန်းတွင်းပြောင်းပြီး ရှမ်းပြည်အထိရောက်သည်။ အောက်တိုဘာလ အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်သည့် မုန်တိုင်းငယ်ကြောင့် တန်ဆောင်တိုင်ရောက်ခါနီးတောင် အထက်အညာတွေမှာ ကားလမ်း
ရေကျော် တာတွေ ကြားနေရ အိမ်တွေပြောင်းရွေ့နေရတာတွေဖြစ်နေ သည်။

 မိုးနည်းပြီး အပူချိန်မြင့် သည့်နှစ်တွေမှာ အပူရှိန်ကြောင့် လူနေ ထူထပ် သည့် ရန်ကုန်၊ မန္တလေးစသောမြို့ကြီးများတွင်လူသေဆုံးမှုအချို့ရှိခဲ့ သည်။ မိုးများပြီး မုန်တိုင်းစိပ်သည့် နှစ်တွေကြတော့ တုပ်ကွေးရောဂါ မျိုးဆက် မျိုးကွဲများစွာတွေရဲ့ အသံကို ကြားရသည်။ပြီးခဲ့ သည့်နှစ်တွေက ငှက်တုပ်ကွေး၊ကြက်တုပ်ကွေး။ပြီးခဲ့သောလတွေကတော့ဝက်တုပ်ကွေးဖြင့် အသက်တွေ ဆုံးပါးတာတွေ ထိဖြစ်လာသည်။ပူလည်း မကောင်း
 အေးလည်း မကောင်း။ ရာသီဥတု ဖောက်ပြန်လာတာနှင့်အမျှ ဗိုင်းရပ် အသစ်အဆန်းတွေ ပေါက်ဖွားလာသလို လူတွေရဲ့ ကိုယ်ခံအားစနစ်က ကမောက်ကမဖြစ်လာသည်။ဒုက္ခအမည်တွေက သစ်လာသည်။

 ၂၀ဝ၆ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု သည် ပိုမိုသိသာလာပြီး နွေရာသီ ကဲ့သို့သော ပူပြင်းခြောက်သွေ့သည့် ကာလရှည်လျားလာမှုသည် ရာသီဥတုပြောင်းလဲမှုကို လူတိုင်းသိသိ သာသာသတိပြုမိသောအချက်တစ်ချက်ဖြစ်သည်။ပုံမှန်အားဖြင့် မြန်မာနိုင်ငံ၏ နွေရာသီကာလသည် မတ်လမှ မေလအထိဖြစ်သော်လည်း ယခုနှစ်
နောက်ပိုင်းတွင်မူ ဖေဖော်ဝါရီလကုန်းပိုင်းမှစတင်ကာ အပူဒဏ်ကို ခံစား လာရသည်က ကြာနေပြီဖြစ်သည်။ မိုးရာသီကာလအဝင်တွင်လည်း မုတ်သုံနောက်ကျသဖြင့် ဒေသအများစုတွင် အပူဒဏ် ကို တွေ့ကြုံ ခံစားမြဲ
ဖြစ်သည်။ ယခုနှစ်တွင် ထူးထူးခြားခြား နိုဝင်ဘာလနားကပ်သည်အထိ မိုးက ရှင်းရှင်းမပြတ်သေး။

 ယခုနောက်ပိုင်းနှစ်များတွင် ဘာကြောင့်များ အပူချိန်၊မိုးရေချိန် မတည်ငြိမ်ပါသနည်း။ ဘာကြောင့် လွန်ခဲ့သော ဆယ်စုနှစ်သုံးခုလောက် ကရှိခဲ့သော ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်အခြေအနေ ကွာခြား
 နေပါသနည်း။ တစ်ကယ်သာ သတိထားမိမည်ဆိုလျှင် ဤကွာခြားမှုကို သတိပြုမိမည်ဖြစ်သည်။လွန်ခဲ့သော တော်တော်ဝေးဝေးအချိန်ကာလကိုမဆိုနှင့်ဦး၊ သိပ်မကြာသေးသည့်  ၁၉၈၈ ရှေ့ပိုင်းကာလများနှင့်ပင် ဘေး ပတ်ဝန်းကျင်တွင်ရှိသောသစ်တောသစ်ပင်နှင့်မြစ်ချောင်းများအခြေအနေက ယခုအခြေအနေနှင့် များစွာ ပြောင်းလဲနေသည်ကို တွေ့နိုင်မည်ဖြစ်သည်။


       တခြားမကြည့်နှင့်။ မြန်မာနိုင်ငံအထက်ဖျားပိုင်းဒေသတစ်ခုဖြစ်သည့်
 မေခမလိခမြစ်ဝှမ်း ရေဝေရေလဲ ဒေသအချို့တွင် ထူထပ်သော သစ်တော ဧက ခုနှစ်သိန်းကျော်မှာ သတ္တုတူးဖော်ခြင်း၊ သစ်အလွန်အ ကျွံထုတ်ယူခြင်း
 တို့ကြောင့် ပျက်စီးပြုန်းတီးခဲ့သည်။ ကုန်းမြင့်သမပိုင်းအမြဲစွတ်စိုသည့် ရာသီဥတုရှိသည့် အဆိုပါ ဒေသမှာ ခြောက်သွေ့သည့် ရာသီဥတုမျိုး ကဲ့သို့ တောမီးလောင်ခြင်း၊ မျိုးတွေထိဖြစ်လာသည်။ အခြား ဒေသများက လည်း ဘာများထူးပါသနည်း။

 ၁၉၈၈ အကျော်တွင် မဟာမြိုင်တောကြီးကိုဖြတ်၍ ကားလမ်းဖောက် ကြသည်။ တောတောင်ထူ ထပ် သော ဒုတိယကမ္ဘာစစ်ကာလက မဟာ မိတ်စစ်တပ်အခက်တွေ့ရသည့်အထိ သားရဲတိရစ္ဆာန်ထူပြောကာ ဘေး အန္တရာယ်များသည့် အဆိုပါ မဟာမြိုင်တောကြီးမှာ ယခင်အစိုးရ လက်ထက် ဖောက် လုပ်သော ကားလမ်းအပြီး ထူထပ်သောတောကနေ လုံးပါးပါးသွားတော့သည် ။ ထိုအချိန်ကာလက အဆိုပါ ဒေသတစ်ဝိုက်ရှိ သစ်ကုန် သည်များအဖို့ ရွှေထီးဆောင်းသော အချိန်ကာလပင်ဖြစ်သည်။ ထိုနည်းတူ ရန်ကုန်နှင့် နီးသော ပဲခူးရိုးမကြီး လည်း ဆည်အစုအဖွဲ့ စီမံကိနုးတွေကြောင့်သစ်တောတွေလည်းအစုလိုက်အပြုံလိုက် ပြောင်းသလင်းခါအကုန်တော့သည်။ ထိုမျှမကသေး ကြက်ဆူပင်၊ရေနက်ကွင်း ကဲ့
သို့သော ခပ်ကြောင်ကြောင် စီမံကိန်း များ ကြောင့် လည်း ပြုန်းတီးနေစ သစ်တောများကို သရဲသဘက်လက်နွားအပ်ဆိုသလိုဖြစ်ခဲ့ရသည်။ အဆိုပါ စီမံကိန်းက မြန်မာ နိုင်ငံ၏ အပူချိန်ကိုချိန်ညှိပေးနေသည့် သဘာဝ သစ်တောဂေဟစနစ်ကို နောက်ဆုံးရိုက်ချိုးဖျက်ဆီး လိုက်ခြင်းပင်ဖြစ်သည်။

 ထို့နောက်ပိုင်း ရာသီဥတု အခုနောက်ပိုင်း အပူချိန်ပြောင်းလဲလာမှုကို မထိန်းနိုင်တော့။ တောရွာများနှင့် နယ်ဒေသများတွင် အပူချိန်တိုးလာမှု၊ ရာသီဥတုပျက်ယွင်းမှုက မသိသာသော်လည်း မြို့ပြထူထပ်သော မြို့ကြီး များတွင် နေထိုင်လိုသူများသဖြင့် အများပြည်သူအသုံးပြုရန် နေရာများကိုပင် မချန်တော့ဘဲ အထပ်မြင့်အိမ်ရာ များ ဆောက်လုပ်လာနေကြပြီဖြစ်သည်။ ကွန်ကရစ်တိုက်တွေက နေ့အခါ အပူချိန်ကိုဖမ်းထားပြီး ညဘက်ဆို လျှင် အပူကို ပြန်လွှတ်သဖြင့် မြို့ပြတွေမှာ နေထိုင်သူတွေ မှာ ပေါင်းအိုးထဲ အမြဲနေရသူများလိုအပူဒဏ်ကိုခံနေရသူများဖြစ်သည်။ နွေရာသီလိုကာလများဆိုလျှင်တော့ တက်လာသည့်အပူရှိန်ကြောင့်ပိုဆိုးဖို့သာ ရှိသည်။ တစ်ခါတစ်ရံ အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ်ဟု ဆိုသော်လည်း တကယ်ခံ
နေ ရသည်က ၄၀ ဒီဂရစင်တီ ဂရိတ်ကျာ်နေသလိုဖြစ်သည်။

 တကယ်တော့ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုး သက်ရောက်ခြင်းဖြစ်သလို လူလုပ် ပယောဂများဖြစ်သည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာမှု၊ လူဦးရေ တိုးတက် လာမှု အတွက် သစ်တောမြေများကို ခုတ်ထွင်ရှင်းလင်းမှုများ၊ စိုက်ပျိုးရန်မြေ
နေရာချဲ့ထွင်မှုများ၊ဂေဟစနစ်ကို ထိန်းသိမ်း သည့် မြစ်များ၏ ရေဝေရေလဲ သစ်တောများသစ်ပင်ခုတ်ယူမှုများကြောင့်လည်း ပါဝင်သည်။

 အမှန်တကယ် စဉ်းစားကြည့်လျှင် ရာသီဥတုပြောင်းလဲမှု ကမ္ဘာ့ ရာသီဥတုပြောင်း လဲခြင်း သက် ရောက်ခြင်းထက် မိမိနိုင်ငံအတွင်းရှိ သဘာဝပတ်ဝန်းကျင်ပြောင်းလဲအောင် သစ်တောသစ်ပင်နှင့် သဘာဝ သံယံဇာတများကို အထိန်းအကွပ်မဲ့ သဘောရှိ ခုတ်ယူတူးဖော်ခွင့်
ပေးခြင်း၊ မြစ်ပိတ်ချောင်းပိတ် ဆည် ဆောက်ရန် လုပ်ကြခြင်းများက အဓိက ဖြစ်လိမ့်မည်ဟု ထင်ပါသည်။

 သေချာသည်ကတော့ ရွေးချယ်ခွင့်မရသော အခြေအနေ တွင်
 နေထိုင်နေရ သည့် ကျွန်တော်တို့အတွက် ရာသီဥတုဖောက်ပြန် ယိုယွင်း လာခြင်းက နောက်ထပ်ရွေးချယ်ခွင့်မရသော အရာတစ်ခုကို ကျွန်တော်တို့ လက်ခံ လိုက်ရပြီဆိုခြင်းပင်။

 ကျွန်တော်တို့ မကျူးလွန်ဘဲ ခံလိုက်ရသောပြစ်ဒဏ်များစွာရှိပါသည်။ ဆင်းရဲမွဲတေမှု၊ ပညာမတတ် မြောက်မှု၊ ကျန်းမာရေးချို့တဲ့မှု၊ လွတ်လပ်ခွင့် ချိုးနှိမ်ခံရမှု။ ဤသို့သော ကိုယ်မလုပ်ဘဲခံရသော ခံရမှုများထဲတွင် သဘာဝဘေးဒဏ်ကတော့ ကျွန်တော်တို့အတွက် မျှတမှု အရှိဆုံးဖြစ်လိမ့် မည် ထင်ပါသည်။

(opinion leaders)

https://m.facebook.com/groups/1469898766620657?view=permalink&id=2125506567726537

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပို၍ပျက်စီးယိုယွင်းလာတဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်(ဖြိုးဝေလှ )”

Post a Comment

Related Posts Plugin for WordPress, Blogger...