Tuesday, November 21, 2017

ဝေဖန်ရင်း အမုန်းခံပါတယ်

,
လူကမွေးလို့ လူဖြစ်လာပေမယ့် သရဏဂုံ သုံးပါး မတည်ရင် လူမဟုတ်ဘူးလို့ ကျုပ်တို့ဗုဒ္ဓဘုရားဟောတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် မဟာဝံသကျမ်းထဲမှာ သရဏဂုံသုံးပါးမတည်ရင် လူမဟုတ်တဲ့သဘောမျိုးပါတာမို့ ဒါဟာ ကျမ်းဂန်နဲ့ညီပါတယ်ဆိုတာမျိုး သီတဂူရဲ့ တပည့်များက  စာထုတ်တော့ ဘုရားမဟောပေမယ့်လည်း ငါတို့လုပ်ချင်လုပ်မယ် ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ ရှေးလူတွေလည်း ဒီလိုပဲဆိုတဲ့သဘောနဲ့ ဒီမဟာဝံသာကျမ်းကို ကိုးကားခဲ့တဲ့ ရှေးဆရာတော်ကြီးတွေကိုတောင် ဆွဲထည့်ထားသေးတယ်။

လူမဟုတ်တဲ့သူကို သတ်ရင် အပြစ်မဖြစ်ဘူးဆိုတဲ့ အယူအဆက ဗုဒ္ဓအယူအဆ ဖြစ်နိုင်ပါ့မလားဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း လေးလေးနက်နက်တွေးတောစဉ်းစားသင့်ပါတယ်။

လူမဟုတ်သူ ဆိုတော့ ဘယ်တိရစ္ဆာန်သတ်သတ် အပြစ်မဖြစ်သလိုဖြစ်နေတယ်။ ဒါ့အပြင် လူကမွေးပေမယ့် သရဏဂုံမတည်ရင် လူမဟုတ်ဘူးဆိုတဲ့ သတ်မှတ်ချက်မျိုး ထပ်လုပ်တော့ ပိုပြီးလွဲကုန်ရော ... ။

ဘုရားလက်ထက်က ဘုရား တရား နဲ့ သံဃာကို မယုံတဲ့သူတွေ သတ်ခံရတာမျိုး မရှိခဲ့ဖူးဘူး။ အဲ့ဒီလို သတ်ခံရတာမျိုးရှိခဲ့ရင်လည်း အတွေးအခေါ်ရှိတဲ့လူတွေဗုဒ္ဓဘာသာဝင်ဖြစ်လာကြမှာမဟုတ်ဘူး။ ဗုဒ္ဓဘာသာ သာသနာထဲမှာ အတွေးအခေါ်ရှိတဲ့ ရဟန်းရှင်လူတွေ မရှိရင် ဗုဒ္ဓဘာသာ ဆိုတာလည်း ကမ္ဘာမှာ ကွယ်ပျောက်သွားတာ ကြာလှပြီ။

မဟာဝံသ ကျမ်းဆိုတာ ဗုဒ္ဓ မရှိတော့ချိန်နောက်ပိုင်း ရာစုနှစ်တွေ ကြာပြီးမှ အဌကထာဆရာတော်တွေ ဘုရင်ကို မြှောက်ပေးဖို့ ရေးတဲ့ကျမ်းလို့ပဲ ယူဆမိပါတယ်။

ဒီလို ကျမ်းမျိုးကို ယုံကြည် ပြီး ကိုးကားတာဟာ

တကယ့် ဘုရားဟောစစ်စစ်ဖြစ်တဲ့
ကေသမုတ္တိသုတ် ခေါ် ကာလာမသုတ် နဲ့ လုံးဝကို ဆန့်ကျင်ပါတယ်။
ဗုဒ္ဓဝါဒ စစ်စစ်ကို ကမ္ဘာကိုချပြနိုင်တဲ့ တကယ့်သုတ္တန်နဲ့ ဆန့်ကျင်နေတာပါ။
တနည်းအားဖြင့် ဘုရားဟော ကိုဆန့်ကျင်ခြင်းဖြစ်ပါတယ် .. ။

ဒီလို ကျမ်းကလာတဲ့ အယူဝါဒကို အမှန်ပြုမယ်ဆိုရင် အင်္ဂုလိမာလ လို လူလည်း ရဟန်းမဖြစ်ခင် သတ်ခံရဖို့သာရှိပါတယ်။ နောက်ဆုံး ကေသမုတ္တိနိဂုံးက ကာလာမ တွေတောင် ဘုရားကို မယုံလို့ သရဏဂုံ မတည်ပဲ အကုန်မာလကီးယားပြီး ကမ္ဘာကျော် ကာလာမသုတ်တောင် ပေါ်ပေါက်လာဖို့မရှိပါဘူး။ ဘုရားပြောတာတောင် ယုံသင့်မှ ယုံဖို့သင်ကြားခံထားရတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ကျမ်းဂန်လာသည်ဟူမျှဖြင့်လည်း မယုံကြကုန်လင့်ဆိုတာ ကာလာမသုတ်မှာ ပါပြီးသားပါ။

သီတဂူ အဖွဲ့အစည်းမှာ အား ရှိပါတယ်။
လုပ်ထားသမျှ ပရဟိတ တွေလည်း အားကျစရာ လေးစား ဝမ်းမြောက် ဂုဏ်ယူစရာတွေပါ။ ကမ္ဘာအဆင့်မှာလည်း ထိုးဖောက်နိုင်စွမ်းရှိပါတယ်။

ဒီလို အဖွဲ့အစည်းလိုက်ကို ရွေ့အောင် ဦးဆောင်နိုင်တဲ့ ဆရာတော်နဲ့ သီတဂူတစ်ဖွဲ့လုံးကို ကျုပ်အပါအဝင် ဗုဒ္ဓဘာသာဝင်တွေက တန်ဖိုးထားကြပါတယ်။ တန်ဖိုးထားလွန်းတဲ့အတွက် ဗုဒ္ဓဝါဒနဲ့ လမ်းလွဲသွေဖည်သွားမှာကိုလည်း အလွန်အမင်းစိုးရိမ်ပါတယ်။  ဒီလိုစိုးရိမ်စိတ်နဲ့ ဝေဖန်တာဟာ သာသနာတော်ကို အဟန့်အတား ဖြစ်စေလိုတဲ့သဘောမဟုတ်ပါဘူး။ သာသနာတော်ကို ဗုဒ္ဓအလိုအကျ ဗုဒ္ဓဝါဒ အတိုင်းဖြစ်လိုတဲ့ စေတနာပဲ ရှိကြပါတယ်။

စော်ကားလိုခြင်းမရှိပါ
တိုက်ခိုက်လိုခြင်းမရှိပါ ....

ဝိသာခါကျောင်းအမကြီးရဲ့ ဝေဖန်မှုကြောင့် ဥဒါယီလို ရဟန်းတွေ လုပ်ချင်ရာလုပ်မရတော့တာ ဘုရားသာသနာမှာ အထင်အရှားရှိပါတယ်။

မေတ္တာ ကရုဏာနဲ့ ကိုယ်ချင်းစာတရားတွေကို ရှေးရှုရင်း လူသားဆန်မှုကို အားပေးတဲ့ ကံ ကံ၏အကျိုးတို့သန္ဓေတည်ပေါက်ဖွားရာ ဗုဒ္ဓဘာသာကို မြတ်နိုးစိတ်နဲ့ အမုန်းခံပါတယ်။

သီတဂူ မှာ ရှိသမျှအားတွေကို မေတ္တာဘက်သာ အားကုန်သုံးပေးစေချင်စိတ်နဲ့ ဝေဖန်ရင်း အမုန်းခံပါတယ်။

သီတဂူ ဆန်းလပမာ ချမ်းမြသာယာရှိပါစေ ... ။

လေးစားလျှက်
အောင်ကြီး

(မိတ်ဆွေများ ဆင်ခြင်တွေးဆနိုင်ကြစေရန်အတွက် NLD အစိုးရမတိုင်မီ ယခင် အစိုးရအဆက်ဆက်အခြေအနေကို ထင်ဟပ်စေသော ကာတွန်းဟန်လေး၏ ကာတွန်းများကို ပူးတွဲဖော်ပြလိုက်ပါတယ်။)

https://m.facebook.com/story.php?story_fbid=359452367833604&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဝေဖန်ရင်း အမုန်းခံပါတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...