Friday, October 6, 2017

၂၁ ရာစုမှာ ခေတ်မမီတော့တဲ့ မျိုးစောင့်ဥပဒေ

,
သမ္မတဦးသိန်းစိန် အတည်ပြုလိုက်တဲ့ မျိုးစောင့်ဥပဒေမူကြမ်းဟာ အမျိုးသမီးအခွင့်ရေးကို စော်ကားရာရောက်ပြီး ဘာသာရေးခွဲခြားဆက်ဆံမှုကို အားပေးရာ ရောက်နေတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

“ဒီဥပဒေကြမ်းက အမျိုးသမီးတွေဟာ ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိဘူး၊ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ ယောက်ျားတွေ ထက် အားနည်းတယ် ဒါကြောင့် သူတို့က ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်ဆိုတဲ့ ခွဲခြားဆက်ဆံတဲ့ ယုံကြည်မှုကို အခြေခံထား တာဖြစ်တယ်”လို့ လူမှုရေးအသင်းများ မဟာမိတ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
မ.ဘ.သ လို့ခေါ်တဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းကြီးတွေဦးဆောင်ပြီး ဘာသာခြားနဲ့အိမ်ထောင်ကျတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ လှုပ်ရှားမှုကနေ ဥပဒေကြမ်းအဖြစ် လွှတ်တော်ထဲအထိ တင်သွင်းလာခဲ့တာဖြစ်ပါတယ်။
ကလေးယူခွင့် ကန့်သတ်မှုနဲ့ ဘာသာကူးပြောင်းပါက ဒေသဆိုင်ရာအာဏာပိုင်တို့ရဲ့ ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်တဲ့ အဲဒီမျိုးစောင့်ဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမှာ ပေါ်ပြူလာနိုင်ငံရေးကို ဖန်တီးချင်နေတဲ့ ဦးသိန်းစိန်က အတည်ပြုပေးပြီး ဒီဇင်ဘာ ၃ ရက်နေ့က လွှတ်တော်ကို တရားဝင် ပေးပို့ပါတယ်။
ဒီဥပဒေမှာ ဘာသာခြားနဲ့ယူတဲ့ ဗုဒ္ဓဘာသာအမျိုးသားတွေကိုတော့ ကန့်သတ်ထားတာမျိုးမရှိဘဲ ဘာသာခြားနဲ့ယူတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေကိုသာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ယူရမယ့်အပြင် ကန့်ကွက်ရန် ရှိမရှိ လူသိရှင်ကြား အသိပေးကြေညာထားရပါမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
၂၁ ရာစုမှာ ဒီလိုဥပဒေမျိုးက ခေတ်မမီတော့ပါဘူးလို့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီဥပဒေကြောင့် ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးပွားနိုင်တယ်လို့လည်း ကော်မရှင်က သတိပေးထားပါတယ်။
ရိုဟင်ဂျာနဲ့ အခြား မွတ်စလင်တွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် အဓိက လှုံ့ဆော်သူတွေလို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ၉၆၉ ကို အမည်ပြောင်းထားတဲ့ မ.ဘ.သ အဖွဲ့တွေဟာ ဘာသာမတူသူ လက်ထပ်ထိမ်းမြားမှု ကြောင့် အဓမ္မဘာသာကူးပြောင်းခံရမှုနဲ့ မြန်မာ့အမျိုးသားရေးလက္ခဏာများ တစတစ ပျောက်ကွယ်သွားနိုင်တယ်လို့ အကြောင်းပြပါတယ်။
<<< လူ့အခွင့်ရေး လှုပ်ရှားသူတို့ ကန့်ကွက် >>>
“ဘယ်သူကမှ လူတစ်ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုကို ထိန်းချုပ်လို့မရပါဘူး၊ ဘာသာကွဲ ထိမ်းမြားလက်ထပ်မှုဥပဒေဟာ နိုင်ငံတကာ လူ့အခွင့်ရေးဥပဒေနဲ့ရော ကျွန်တော်တို့ နိုင်ငံက ဖွဲ့စည်းပုံနဲ့ပါ ဆန့်ကျင်နေပါတယ်”လို့ ခရစ်ယာန်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းဦးက ဆိုပါတယ်။
“ဒီဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးသလိုလိုနဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒကို ဆန့်ကျင်နေတာပါ”လို့ Triangle Women's Group မှ မခင်လေးက ပြောပါတယ်။
ဘာသာကူးပြောင်းနဲ့ လက်ထပ်ထိမ်းမြားတာတွေမှာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရယူရမယ်ဆိုတဲ့အချက်ဟာ အကျင့်ပျက်ချစားမှုနဲ့ အာဏာအလွဲသုံးစားလုပ်ချင်သူတွေကို အခွင့်ရေးပေးရာရောက်ကြောင်း လူ့အခွင့်ရေးအဖွဲ့တွေက ထောက်ပြဝေဖန်ပါတယ်။
၂၀၁၁ ခုနှစ် သမ္မတတာဝန်စတင်ထမ်းဆောင်ချိန်ကစပြီး နိုင်ငံအ၀ှန်း ပြုပြင်ပြောင်းလဲရေးတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ချီးကျူးပြောဆိုမှုတွေ ရလာတဲ့ ဦးသိန်းစိန်ဟာ မျိုးစောင့်ဥပဒေကို အတည်ပြုလက်မှတ် ရေးထိုးပြီးနောက် သူ့ရဲ့ အစွန်းရောက်အမျိုးသားရေးဝါဒကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပေါ်ပေါ်ထင်ထင် လှစ်ဟပြသလိုက်တာပဲ ဖြစ်ပါတယ်။
Source : AFP / Anadolu Agency

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၂၁ ရာစုမှာ ခေတ်မမီတော့တဲ့ မျိုးစောင့်ဥပဒေ ”

Post a Comment

Related Posts Plugin for WordPress, Blogger...