Friday, November 17, 2017

ရခိုင်အရေးနောက်ဆုံးအခြေအနေ

,
15/11/2017နေ့ထုတ်7days ဂျာနယ်ပါဆောင်းပါး
ဒီနေ့ထုတ် 7Day News Journal မှာဖော်ပြတဲ့ ကျမရဲ့ piece။
‘နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံရဲ့ရှေ့တန်းစစ်မျက်နှာ’ဆိုတဲ့အတိုင်း အခုရက်ပိုင်းအတွင်း နိုင်ငံပေါင်း (၅၀)ကျော်က နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံကိုလာရောက်တဲ့အခါမှာ မြန်မာ့သံတမန်ရေးမျက်နှာစာကို အစွမ်းကုန်အသုံးချဖို့ အရေးကြီးနေပါတယ်။ နိုင်ငံတကာဇာတ်ခုံမှာ ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သတ်လို့ ဖိအားပေးခံနေရတာနဲ့အမျှ မြန်မာနိုင်ငံခြားရေးဝန်ကြီးဟာ အိမ်ကွင်း ၊ အဝေးကွင်း ပွဲစဉ်တွေ ဆက်တိုက်ကန်ရမယ့် ရက်သတ္တပတ်ပါ။


ပြီးခဲ့တဲ့အပတ်က ကုလလုံခြုံရေးကောင်စီကတော့ ဥက္ကဌကြေညာချက်နဲ့ တစ်သုတ်ပြီးသွားပါတယ်။ ဒါပေမဲ့ ကုလအထွေထွေညီလာခံရဲ့ တတိယကော်မတီနဲ့ လူ့အခွင့်အရေးကောင်စီတို့မှာ မြန်မာ့အရေးက ဆွေးနွေးနေတုန်းဖြစ်ပါတယ်။ အိုအိုင်စီက ဆုံးဖြတ်ချက်မူကြမ်းတင်ဖို့ လှုပ်ရှားနေပြီး ဥရောပသမဂ္ဂနဲ့ ညှိနှိုင်းနေပါတယ်။ အောက်တိုဘာ (၃၀)ရက် ရက်စွဲနဲ့ အိုအိုင်စီမူကြမ်းကတော့ ပြီးခဲ့တဲ့အပတ်က လုံခြုံရေးကောင်စီဥက္ကဌ ကြေညာချက်ထက်ပိုပြင်းထန်ပြီး မြန်မာအစိုးရအစောပိုင်းကငြင်းထားတဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်နဲ့ တခြားလူ့အခွင့်အရေးယန္တရားတွေ ဝင်ရောက်ခွင့်လည်း တောင်းထားတာ တွေ့ရပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းကို အီးယူနဲ့ညှိနှိုင်းပြီးရင် ကုလအထွေထွေညီလာခံကို တင်မှာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေကြားမှာ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တခြားနိုင်ငံကဝင်မစွက်ဖက်ရဆိုတဲ့ စည်းမျဉ်းစည်းကမ်းရှိပေမယ့် အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနဲ့ မလေးရှားက အိုအိုင်စီအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အိမ်နီးချင်းထိုင်းဟာ အိုအိုင်စီမှာ လေ့လာသူအဖြစ်ပါဝင်နေပြီး ရုရှားဟာလည်း အိုအိုင်စီရဲ့လေ့လာသူ ဖြစ်ပါတယ်။

မြန်မာအစိုးရ စိုးရိမ်နေတဲ့ကိစ္စတစ်ခုက ကုလသမဂ္ဂမှာ vote ခေါ်ပြီး ဆုံးဖြတ်ကြဖို့ အဆင့်အထိ ရောက်သွားမှာပဲဖြစ်ပါတယ်။ တကယ်လို့သာ ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလအထွေထွေညီလာခံမှာ မဲပေးပြီး မဲအများစုစနစ်နဲ့ဆုံးဖြတ်ရင် မြန်မာဘက်က ဘယ်နှနိုင်ငံရပ်ပါ့မလဲဆိုတာ စိုးရိမ်စရာပါ။ တရုတ်နဲ့ ရုရှားဟာလည်း လုံခြုံရေးကောင်စီမှာပဲ ဗီတိုအာဏာရှိတာဖြစ်ပါတယ်။ အိုအိုင်စီမှာ အဖွဲ့ဝင် ၅၇နိုင်ငံပါဝင်တဲ့အနက်  ၅၆နိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်ကပဋိပက္ခအပေါ် ကမ္ဘာ့ပြည်သူအများစုနားလည်ထားတဲ့အခြေအနေနဲ့ မြန်မာပြည်တွင်းလူထုအများစု နားလည်ထားတဲ့အခြေအနေက တက်တက်စင်အောင် ကွဲလွဲနေပါတယ်။ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန် အစရှိတဲ့နိုင်ငံတွေက အစိုးရတွေအနေနဲ့လည်း မြန်မာအရေးနဲ့ပတ်သတ်ပြီး ပြည်သူတွေရဲ့ဖိအားပေးမှုကို သူတို့ပြည်တွင်းမှာ ခံနေရပါတယ်။ သူတို့လွှတ်တော်တွေရဲ့ဖိအားပေးမှုကို ခံနေရတယ်။

ဗီယက်နမ်မှာ အေပက်ထိပ်သီးအစည်းအဝေး၊ ဖိလစ်ပိုင်မှာ အာဆီယံထိပ်သီးအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးတွေ သွားတက်ပြီး ကနေဒါဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံပြန်လာပြီး ဆက်တိုက်ဆိုသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ၊ နောက်တစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ၊ နောက်တစ်ပတ်မှာ အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပါတယ်။ အဲဒီ့တွေ့ဆုံမှုတွေမှာ ထိပ်ဆုံးကနေရာယူထားတာကတော့ ရခိုင်ပြည်နယ်ကပဋိပက္ခပဲဖြစ်ပါတယ်။

နိုဝင်ဘာ(၁၀)ရက်က ဗီယက်နမ်မှာ ကနေဒါဝန်ကြီးချုပ်နဲ့  ၄၅မိနစ်ကြာတွေ့ဆုံချိန်အတွင်း နှစ်ယောက်စလုံး ရခိုင်ပြည်နယ်အရေးကို တဲ့တိုး ပွင့်ပွင့်လင်းလင်းပဲပြောခဲ့ကြတယ်လို့ ကနေဒါဘက်က ထုတ်ပြန်ပါတယ်။
“ဒုက္ခသည်တွေအခြေအနေရယ်၊ ကျွန်တော့်နိုင်ငံက ပြည်သူတော်တော်များများ စိုးရိမ်နေကြတဲ့ အခြေအနေရယ်ကို ကနေဒါနိုင်ငံက ဘယ်လိုဆက်လက်ကူညီနိုင်မလဲ ဆိုတာအပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးဖို့အခွင့်အလမ်းတစ်ရပ်ပါပဲ။” လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတာနဲ့ တန်းပြောတာကို ထုတ်လွှင့်ခဲ့တဲ့ဗီဒီယိုဖိုင်မှာတွေ့ရပါတယ်။

ကနေဒါဝန်ကြီးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီးတော့ ရခိုင်ပဋိပက္ခနှိမ်နှင်းပုံကို ရှုံ့ချကြောင်းထုတ်ပြန်ထားသူဖြစ်ပါတယ်။ ဗီယက်နမ်မှာ သီးသန့်တွေ့ဆုံတဲ့အခါ စစချင်းမှာ ဒီပြဿနာအပေါ် နှစ်ဖက်အမြင် မတူကြပေမယ့် အပြန်အလှန်သတင်းအချက်အလက်ဖလှယ် ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အဲဒီ့ဆွေးနွေးပွဲမှာပါတဲ့ မစ္စတာဘော့ရေးက သတင်းထောက်တွေကိုပြောပါတယ်။ ကနေဒါဝန်ကြီးချုပ်ဟာ အခုလဆန်းကပဲ ရခိုင်ပြည်နယ်အရေးဆိုင်ရာ ကနေဒါအထူးသံတမန်အဖြစ် မစ္စတာဘော့ရေးကို ခန့်အပ်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့အပတ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို အထူးသံတမန်အဖြစ် ပထမဆုံးခရီးစဉ်လာရောက်ခဲ့ရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားခွင့်မရခဲ့ပါဘူး။ အခု ဗီယက်နမ်မှာတွေ့ဆုံချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဘော့ရေးအနေနဲ့ နောက်တစ်ခါလာတဲ့အခါ ရခိုင်ပြည်နယ်ကိုအလည်အပတ်သွားဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူ(ဒေါ်အောင်ဆန်းစုကြည်)ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ စေ့စပ်ညှိနှိုင်းဆောင်ရွက်ဖို့ ၊ ဒုက္ခသည်တွေ ပြန်လာခွင့်ပြုဖို့ ၊  တကယ့်အစစ်အမှန် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ဖို့ သူ့အစိုးရဘက်ပိုင်းမှာ အင်မတန်ခိုင်မာတဲ့ စိတ်အားထက်သန်မှုရှိတာကို ဖော်ပြခဲ့ပါတယ်။” လို့ ကနေဒါအထူးသံတမန် မစ္စတာဘော့ရေးက ပြောပါတယ်။

အစိုးရအုပ်ချုပ်ရေးပိုင်းမှာ တပ်မတော်က ဝန်ကြီးဌာနသုံးခု ယူထားတဲ့အခြေအနေကို ထောက်ပြပြီးလည်း
“သူ(ဒေါ်အောင်ဆန်းစုကြည်)က သိပ်ကိုခက်ခဲတဲ့ အကျဉ်းအကျပ်ထဲမှာရောက်နေပါတယ်။” လို့ မစ္စတာရေးက ဆိုပါတယ်။
ကနေဒါအနေနဲ့ မြန်မာအစိုးရနဲ့ဆက်လက်စေ့စပ်ဆွေးနွေးသွားမှာဖြစ်ပြီး အတတ်နိုင်ဆုံးကူညီမယ်လို့ ပြောပါတယ်။

နိုဝင်ဘာ (၁၄)ရက်က ဖိလစ်ပိုင်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံချိန်အတွင်း ရခိုင်ပြည်နယ်အရေး ဂျပန်ကကူညီမယ့်အစီအစဉ်ကို ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း မစ္စတာအာဘေး ကတိပေးခဲ့တဲ့ ငါးနှစ်တာကာလအတွက် ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ(၈)ဘီလျံထဲကနေ အခုနှစ်အတွက်ကူညီမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ လျှပ်စစ်စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍတွေကို ဗဟိုပြုပြီး လက်တွေ့ကျတဲ့ကူညီမှု မြန်မြန်ပေးသွားမယ်လို့ ဂျပန်ကဆိုပါတယ်။
ရန်ကုန်- မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး၊ တောင်သူလယ်သမား ဝင်ငွေတိုးမြှင့်ရေး၊ အသေးစား အလတ်စား လုပ်ငန်းတွေနဲ့ အိမ်ယာဆောက်လုပ်ရေး ကဏ္ဍမှာ လိုအပ်တဲ့ငွေကြေးထောက်ပံ့ရေး၊ တိုင်းရင်းသားဒေသတွေဖွံ့ဖြိုးတိုးတက်မှုကူညီထောက်ပံ့ရေး စတဲ့ကဏ္ဍတွေအတွက်  စုစုပေါင်း ဂျပန်ယန်းငွေ ၁၂၅ ဘီလီယံ ကူညီမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဆွေးနွေးပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်ကို အစွမ်းကုန်ထောက်ခံအားပေးဖို့ ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကားလမ်းဖောက်လုပ်ဖို့နဲ့ လျှပ်စစ်ရရှိဖို့အတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၅ ဘီလီယံကူညီသွားမယ်လို့ဆိုပါတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့အကူအညီတွေပေးဖို့ သုံးသပ်နေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းပေးရေး လက်တွေ့ကျတဲ့လုပ်ငန်းစဉ်ကို ဂျပန်အစိုးရက မြန်မာအစိုးရကို အဆိုပြုခဲ့ပါတယ်။

တစ်ရက်တည်းမှာပဲ မနီလာကိုရောက်နေတဲ့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေ၊ မစ္စတာကိုဖီအာနန်ကော်မရှင်ရဲ့အကြံပြုချက်တွေအပေါ် ကုလအနေနဲ့ပါဝင် အကူအညီပေးနိုင်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ့နောက် နေပြည်တော်ကို ဗုဒ္ဓဟူးနေ့မှာခရီးဆက်ရောက်လာမယ့် ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မနီလာမှာကြိုတွေ့ပြီး အမြင်ဖလှယ်ခဲ့ကြပါတယ်။

နိုဝင်ဘာ (၁၅)ရက်မှာ မြန်မာနိုင်ငံကိုလာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတီလာဆန်ဟာ အမေရိကန်လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေရဲ့ဖိအားပေးမှုကြောင့် ရောက်လာမှာဆိုရင် မမှားပါဘူး။ မြန်မာအပေါ် (အထူးသဖြင့်) တပ်မတော်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူလုပ်ဖို့ အမေရိကန်လွှတ်တော်က ပြင်းပြင်းထန်ထန်ဖိအားပေးနေပါတယ်။ မစ္စတာတီလာဆန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ပြင်းထန်တဲ့စကားလုံးမျိုး သုံးဖို့ပါ တိုက်တွန်းဖိအားပေးနေကြတာတွေ့ရပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း အဲဒီ့လိုအုပ်ချုပ်ရေးပိုင်းက လှုပ်ရှားလိုက်ခြင်းအားဖြင့် လွှတ်တော်နဲ့ပြည်သူရဲ့ဖိအားကို တစ်နည်းတစ်ဖုံ ဖြေလျှော့နိုင်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့လိုက်တာဟာ အခက်အခဲတွေကြုံနေရတဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပိုအဟန့်အတားဖြစ်စေနိုင်တာကြောင့် ပိတ်ဆို့မှုမလုပ်သင့်ကြောင်း သုံးသပ်သူတွေလည်း ရှိပါတယ်။ တပ်မတော်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုမလုပ်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းတဲ့အနေနဲ့ နေပြည်တော်ကို လာတာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ မစ္စတာတီလာဆန်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း နေပြည်တော်မှာတွေ့ဆုံမှာ ဖြစ်ပါတယ်။  ဘာပဲပြောပြော ဒီတွေ့ဆုံမှုဟာ နှစ်နိုင်ငံကြားမှာ အရေးကြီးတဲ့ တွေ့ဆုံမှုပဲဖြစ်ပါတယ်။

ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး နောက်တစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခကိုကိုင်တွယ်ရာမှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးသလို မြန်မာအစိုးရ အလေးထားဆောင်ရွက်နေတဲ့ ဆက်ဆံရေးလည်း ဖြစ်ပါတယ်။


လာမယ့်အပတ် နိုဝင်ဘာ ၂၀၊ ၂၁မှာတော့ နေပြည်တော်မှာ အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။ အေဆမ်မှာ နိုင်ငံပေါင်း ၅၁နိုင်ငံနဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းနှစ်ခု ပါဝင်ပါတယ်။ အေဆမ်အစည်းအဝေးမစတင်ခင် နိုဝင်ဘာ ၂၀ရက်မနက်ပိုင်းမှာ နိုင်ငံပေါင်း ၅၀ကျော်က နိုင်ငံခြားရေးဝန်ကြီးတွေကို ရခိုင်ပြည်နယ်ပဋိပက္ခအရေးဆွေးနွေးညှိနှိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ ရခိုင်ပြည်နယ်ကပဋိပက္ခနဲ့အတူ နိုင်ငံတကာဇာတ်ခုံမှာ အကျည်းတန်သွားတဲ့ မြန်မာနိုင်ငံပုံရိပ်ကို ပြန်အဖက်ဆယ်ဖို့နဲ့ နက်နဲရှုပ်ထွေးလှတဲ့ပြဿနာကို ဖြေရှင်းဖို့ ခက်လှပါတယ်။ ဒါပေမဲ့ သံတမန်ရေးနည်းနဲ့ တတ်နိုင်သမျှအစွမ်းကုန် ချဉ်းကပ်ဆွေးနွေးဖြေရှင်းဖို့အတွက် အခုရက်ပိုင်းဟာ မြန်မာနိုင်ငံအတွက် အချက်ပေးခေါင်းလောင်းသံတွေ ကျယ်ကျယ်လောင်လောင်မြည်နေတဲ့ ကာလပဲဖြစ်ပါတယ်။
cop
y

https://m.facebook.com/story.php?story_fbid=379430912488177&id=100012638134972

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရခိုင်အရေးနောက်ဆုံးအခြေအနေ”

Post a Comment

Related Posts Plugin for WordPress, Blogger...