Microsoft က Windows XP ကို အထောက်အပံ့ပေးမှု ရပ်ဆိုင်းတော့မည့် အခြေအနေသည်
ATM ငွေထုတ်စက်များအတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း သိရှိရသည်။
ကမ္ဘာပေါ်တွင် ATM စက် အများစုသည် Windows XP ကိုသာ အသုံးပြုလျှက် ရှိနေပြီး
ယင်းအတွက် Microsoft က အထောက်အပံ့ပေးမှု ရပ်တန့်သွားပါက လုံခြုံရေးဆိုင်ရာ
အားနည်းချက်များ ဖြစ်ပေါ်လာဖွယ် ရှိနေသည်။ ထိုအခါ Hacker များအတွက်
စိတ်ကြိုက် ထိုးဖောက်နိုင်စရာ ဟာကွက်များ ဖြစ်လာနိုင်ကြောင်း သုတေသီများက
မှတ်ချက်ပြုခဲ့သည်။
ဧပြီလ (၈) ရက်နေ့တွင် Windows XP အတွက် အထောက်အပံ့ အားလုံးကို ရပ်ဆိုင်းတော့မည်ဟု Microsoft က ကြေညာထားသည်။ Windows XP ၏ သက်တမ်းသည် (၁၃) နှစ်တာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ Microsoft သည် (၂၀၀၇) ခုနှစ်တွင် Windows Vista၊ (၂၀၀၉) ခုနှစ်တွင် Windows 7 နှင့် (၂၀၁၂) ခုနှစ်တွင် Windows 8 တို့ကို အသီးသီး ထုတ်ဝေခဲ့သော်လည်း ကမ္ဘာပေါ်တွင် ATM စက် (၉၅) ရာခိုင်နှုန်း ဝန်းကျင်မျှသည် Windows XP ကို အသုံးပြုနေဆဲဟု ယူဆရသည်။ အကယ်၍ Microsoft က Windows XP အတွက် လုံခြုံရေးဆိုင်ရာ အထောက်အပံ့များ တရားဝင် ရပ်ဆိုင်းလိုက်ပြီ ဆိုပါက ATM စက် အများစုကို လွှင့်ပစ်ရမည့် အခြေအနေ ဆိုက်ရောက်သွားဖွယ် ရှိနေကြောင်း သတင်းများက ရေးသားခဲ့ကြသည်။
Windows XP ရပ်နားသွားခြင်းသည် ATM ဈေးကွက်ကို သိသာသော သက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်စေမည်မှာ သေချာလျှက်ရှိကြောင်း လေ့လာသူ အများစုက ယုံကြည်ထားကြသည်။ Windows 7 ကို အသုံးပြုထားသည့် ATM စက်များ တင်ပို့ရောင်းချ ထားသော်လည်း အများစုသည် Windows XP ကိုသာ အခြေပြုနေဆဲဟု ဆိုသည်။ ATM စက်များအတွက် Software ထောက်ပံ့သည့် KAL ကုမ္ပဏီမှ အာရာဗင်ဒါ ကိုရာလာက အမေရိကန် တစ်နိုင်ငံလုံးတွင်ပင် အသုံးပြုထားသမျှ ATM စက်များတွင် Windows 7 ဖြင့် လည်ပတ်သည်မှာ (၁၅) ရာခိုင်နှုန်းအောက် အရေအတွက်သာ ရှိလိမ့်မည်ဟု မှတ်ချက်ပြု ပြောဆိုထားသည်။