Sunday, August 13, 2017

ငါတို့မျက်ရည် သွေးမျက်ရည်

,
မင်းကိုခိုင်


ပြုတ်ဆန်မစား   ရခိုင်သား
AUG 13ရက်မှာ ဗိုလ်ချုပ်ခွေးနေဝင်း ခွေးပြိုင်ပွဲ
လောင်းကစားရာမှ အရှုံးငွေ ဒေါ်လာ၇ သန်း
ကိုပြန်လည်ပေးဆပ်ရန် ရခိုင်မှဆန်များကို
မြောက်ကိုးရီးယားမှ လာယူရာမှ ဆန်ပြဿနာ
ရခိုင်တွင်ဖြစ်လာသည်...

ကုလားတန်မြစ်ပေါ်တွင် ဆန်တင်သင်္ဘော
၁၀စီးနီးပါး ဆန်အပြည်ဖြင့်ရပ်ထားသည်။
စစ်တွေ မြို့ထက်၌ ထမင်းငတ်နေသော ပြည်သူ
များကိုသေနတ်ဖြင့် အချက်ပေါင်းများစွာ
ပစ်ခတ်ပြီးပြည်သူတွေ သွေးမြေကျရသည်။
မဆလအစိုးရ ရက်စက်မှုအပေါင်းသရဖူ
ဆောင်းခဲ့ကြသည်။
မသေဘဲမြေထဲအမြုပ်နှံခံကြရသည်...

ငာတို့ ကျခဲ့ရတဲ့ မျက်ရည် သွေးမျက်ရည်
ဘယ်တော့မှ ငါတို့ မမေ့...

မိုးနှင့်ထိတွေ့ဖူးသည့်
သြဂုတ်နေရောင်မှာ ဖျော့တော့တော့
အသွင်ကို ဆောင်နေသည်။
ဝါတွင်းကာလများကို ဗုဒ္ဒဘာသာဝင်တို့၏ ထုံးစဉ်အတိုင်း ဥပုဒ်သီလဆောက်တည်ကာ ဖြတ်ကျော်ကြသည့် ရခိုင်ပြည်သူလူထုသည် ထိုနေ့အဖို့ ကျောင်းသွား၊ တရားနာစသည့် မေတ္တာဘာဝနာကို ပွားများနိုင်ရန်အတွက် နံနက်မိုးမလင်းမီကပင် ကြိုတင်ပြင်ဆင်လျက် ရှိကြသည်။

သို့သော်
အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုသည့် စကားအတိုင်း ရခိုင်ပြည်နယ်တစ်ခုလုံးသည် အူမတောင့်နိုင်ရန်အတွက် လုံးပန်းထုတ်နေရသည့်အချိန်လည်း ဖြစ်သည်။

အထူးသဖြင့်
မိမိတို့နေစဉ်စားသုံးနေသည့် ဆန်ကိုပင် ကောင်းစွာဝယ်ယူရရှိခြင်းမရှိသဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး၌ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရသည်။

သမိုင်းနှင့်ချီ၍
ဆန်စပါးပေါများခဲ့သည့်မြေပြင်တွင်
ဆန်စပါးများကို ဖန်တီးကြသည့် ပြည်သူတစ်ရပ်လုံးသည် မိမိတို့ခွန်အားစိုက်၍ မွေးမြူးခဲသောအသီးအပွင့်များကို စားသုံးနိုင်ရန်ပင် အခွင့်မရတော့သည့် ဦးနေဝင်းဦးဆောင်သော မဆလအစိုးရ၏ ဝိသမလောဘများသည် လူထုကိုတိုက်ရိုက်ပက်သက်လာကာ ၁၉၆၇ ခုနှစ် ရခိုင်သမိုင်းတွင် ဆန်ရှားပါးမှုအမဲစက်ကြီးကို ပြည်သူများ၏နှလုံးသွေးများဖြင့်ရေးထိုးခဲ့ကြသည်။

ထိုနေ့ကား
၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်ပင်ဖြစ်သည်။

ယခင်က
လူတစ်ဦးသည် နို့ဆီဗူးဖြင့် ဆန် ၆ လုံးခန့် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆန် ၃ လုံးသာ ရရှိတော့သည်အခါ မိသားစုများထဲတွင် ထမင်းကိုပင် ဝလင်စွာမစားရသည့်အဆင့်သို့ ရောက်လာသည်။

ယင်းကြောင့်
သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့ဆတ်ရိုးကျချောင်းတွင် ရပ်နားထားသည့် ဆန်တင်ဘုတ်များကို ငတ်ပြတ်နေသည့် ပြည်သူများက ဖောက်ထွင်းဝင်ရောက်ကာ လုယူကြသည်။
သာမန်လက်လုပ်လက်စားနှင့် အလုပ်သမားလူတန်းစားများဆိုလျင် အငတ်ဘေးနှင့် ရင်ဆိုင်ကြရသည့်အတွက် ထိုသို့ဆန်လုပွဲကိုဖြစ်ပေါ်စေခဲ့သည်။
သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေလူ၏ ဆာလောင်ခြင်းရသများသည် ဆန်တင်သင်္ဘောများ၊ ဂိုဒေါင်များရှိရာသို့ ဦးတည်လာရာ ဖောက်ထွင်းမှုတစ်ချို့ရှိခဲ့သည်။

ထိုသို့ဖောက်ထွက်ခြင်း၏
ရလဒ်သည်ကား လူတစ်ချို့ ရေနစ်သေကြဆုံးခဲ့ကြရသည်။
တစ်ချို့လဲ ဒဏ်ရာရခဲ့ကြသည်။
တစ်ချို့မှာ ဖမ်းဆီးခြင်းခံကြသည်။ ထိုအဖြစ်အပျက်များသည် ၁၉၆၇ ခုနှစ် ရခိုင်သမိုင်းထဲတွင် သွေးမြေကျခဲ့ရသည့် ဆန်ရှားပါးမှုပြဿနာ၏ အစပင်ဖြစ်သည်။

" အဲဒီနေ့ကို မှတ်မှတ်ရရ ရှိနေတာက အဲ့ဒီနေ့က အိမ်ရှေ့မှာ ကိုစောဝေနဲ့စကားပြောနေတယ်။ ဒီအချိန်မှာ လူငယ်တစ်ယောက်ပေါ့ စက်ဘီးနဲ့ရောက်လာပြီးတော့ အသုဘမလိုက်ကြဘူးလားလို့ မေးတယ်။ ဆိုတော့ ဘာအသုဘလဲလို့ပြန်မေးလိုက်တော့ မနေ့က ဆန်ဂိုဒေါင်ဖောက်ကြရာမှာ ချောင်းထဲကျပြီး သေဆုံးသူတွေကို ဒီနေ့ ဒီနေ့ဆေးရုံက ချလာမှာလို့ပြောတယ်။
ဆိုတော့ ငါတို့ဆေးရုံကိုလိုက်သွားရမှာလားလို့မေးတော့ သူက ဆေးရုံကိုလာစရာမလိုဘူး။
ဘုရားကြီးက စောင့်ပါ ၁၂ နာရီထိုးရင် အသုဘချလာလိမ့်မယ်လို့ ပြောသွားတယ်။ ဒါကြောင့် ဘုရားကြီးကို နေ့လည် ၁၂ နာရီမှာရောက်သွားတယ်။ တို့ရောက်သွားတဲ့အချိန်မှာ လူငယ် ၂၀ လောက်ပဲရှိသေးတယ်။ ” ဟု ၁၃ သြဂုတ်အရေးအခင်းကို ဖြတ်သန်းခဲ့သူ စာရေးဆရာ စစ်တွေသိန်းနောင် က ပြောသည်။

အုပ်ချုပ်သူ
အာဏာရှင် ဦးနေဝင်းအစိုးရ၏
မှားယွင်းစွာ စီရင်မှုများသည် ရခိုင်သမိုင်း၌ ရှက်စရာအကောင်းဆုံး ဖြစ်သည့်
ဆန်ရှားပါးမှုကို ဖြစ်ပေါ်စေခဲ့သလို၊ တစ်ဖက်တွင်လည်း သမိုင်းစာမျက်နှာများထဲမှ ဆန်ရေစပါး ပေါများပြည့်လျံသည့် ရခိုင်ပြည်၏ ပတိတရားများစွာတို့ကို အာဏာဖြင့် အဓမ္မဖုံးကွယ်ရန်ကြိုးစားခဲ့ခြင်းလည်း ဖြစ်သည်။

ဆန်တစ်ဘူး(နို့ဆီတစ်လုံး)လျင် ငွေနှစ်ဆယ့်ငါးပြား(တစ်မတ်)ဖြင့်ရောင်းချနေရာမှ ချက်ချင်းဆိုသလို ဆန်တစ်ဘူး(နို့ဆီတစ်လုံး)လျင် ငွေတစ်ကျပ်အထိ တက်သွားသည့်အတွက် ဆင်းရဲသားပြည်သူများမှာ ဆန်ပြုတ်ကျိုသောက်ခဲ့ရသည့်အဆင့်သို့ ရောက်ရှိခဲ့သည်။

တစ်ချို့ငွေကြေးရှိပါလျက်နှင့်
ဆန်ကိုလုံလောက်စွာ ဝယ်ယူ၍မရခဲ့ကြ။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ရဟန်း၊ ရှင်လူများ၏ ခံစားချက်တို့သည့် ၁၃ သြဂုတ်ကို ဖြစ်ပေါ်စေသည့် အမျိုးသာရေးအသွင်ကိုဖေါ်ဆောင်ခဲ့ကာ စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်မှ စတင်၍ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်သည့်အဆင့်သို့ ရောက်ရှိလာကြသည်...

ဘုရားကြီးရင်ပြင်သို့ တစ်စတစ်စနှင့်ရောက်ရှိလာသည့် လူထုသည် နေ့လည် ၁၂း ၃၀ မိနစ်အချိန်ခန့်တွင် ဘုရားကြီးရင်မှနေ၍ ရွာကြီးတောင်စာကြည့်တိုက်လမ်းအတိုင်း လျောက်လာခဲ့ကြကာ၊ နေပူခံရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်၊ လမ်းသစ်ရပ်ကွက် စသည့်တို့ကိုဖြတ်ကာ ဦးရဲကျော်သူကျောင်းတိုက်ရှေ့မှ မင်းဘာကြီးလမ်းအတိုင်း ဘုတ်ဆိပ်နှင့် လမ်းမတော်စသည့်အတိုင်း ချီတက်လာခဲ့ရာ စထွက်စဉ်တုန်းက လူထုနည်းသည်ဆိုသော်လည်း တစ်ဖြည်းဖြည်းနှင့် ပူးပေါင်းပါဝင်လာသည့် လူထုသောင်းချီ၍ပင် ရှိလာခဲ့သည်။

ထိုအထဲတွင် ဥပုဒ်သီတင်း ဆောက်တည်နေကြသည့် သက်ကြီးရွယ်အို အဘိုးအဖွားများသည်ပင်လျင် ပါဝင်လာခဲ့ကြသည်။

" ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစား ရခိုင်သား၊ အငတ်ပြဿနာ ဖြေရှင်းပါ" စသည့် ကြွေးကြော်သံများသည် အဖိနှိပ်ခံလူတန်းစားဖြစ်သည့် ပြည်သူလူထု၏ ခံစားချက်များနှင့် တစ်ထပ်တည်းပင်ဖြစ်ကာ ဇာတိသွေးဇာတိမာန်များသည်လည်း အမျိုးသားရေးအတွက် နိုးကြားသက်ဝင်လျက်ရှိကြသည်။ အထူးသဖြင့် ဆန်ရှားပါးမှုနှင်ကြုံတွေ့ရသည့် စစ်တွေလူထု၏ ခံစားချက်များသည် ထိုနေ့အဖို့ ဆန္ဒပြတိုက်ပွဲဝင်ရန် အဆင်အသင့်လည်း ဖြစ်ခဲ့သည်။

၁၉၆၆ ခုနှစ်အတွင်း
ရာသီဥတုဖောက်ပြန်မှုကြောင့်
မြန်မာနိုင်ငံအတွင်း စပါးပျိုးစိုက်ဧက (၁၁)သိန်းကျော်ခန့် ပျက်စီးခဲ့ပြီး စပါးတင်းပေါင်း သိန်း(၅၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုသို့ ပျက်စီးသွားခဲ့သော်လည်း
အုပ်ချုပ်သူ ဦးနေဝင်းအစိုးရသည်
လူထုကို၏ စားသုံးမှုကို ဦးစားမပေးဘဲ
နိုင်ငံခြားသို့ ဆန်တန်ချိန် (၁၁)သန်းကျော်ကို တင်သွင်းခဲ့သည်။

၁၉၆၂ ခုနှစ် မဆလအာဏာသိမ်းစဉ်က ဆန်တစ်ပြည်ကို ပြား(၆၀)ခန့်သာ ရှိခဲ့သော်လည်း ၁၉၆၇ ခုနှစ် ဆန်ပြဿနာကို ကြုံတွေ့နေရသည့်အချိန်တွင် ဆန်တစ်ပြည်ကို (၇)ကျပ်မှ (၈)ကျပ်အထိပင် ရှိလာခဲ့သည်...

ယင်းအချိန်က
စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် အစိုးရမှဖွင့်လှစ်ထားသည့် ရပ်ကွက်ပြည်သူ့ဆိုင်(ပပက) များ၌သာ ဆန်ကို ကတ်ပြားများပြ၍ အကန့်အသတ်ဖြင့် ဝယ်ယူကြရသည်။ အထူးသဖြင့် ဆင်းရဲသား၊ အလုပ်သမား လူတန်းစားပြည်သူများ၏ တစ်နေ့တာစားသောက်ရေးသည် တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့ခြင်းမှစတင်၍ ဆန်ရှားပါးမှုပြဿနာကို သြဂုတ်လ ၁၃ ရက်နေ့သွေးစက်များဖြင့် မှတ်တမ်းတင်ရေးဖွဲ့ခဲ့ကြသည်။

စစ်တွေမြို့ပေါ်ရှိ ဆင်းရဲသား၊ အလုပ်သမားလူတန်းစားများမှာ ဈေးအနည်းဖြင့်ရသည့် ပြုတ်ဆန်များကိုပင် ဝယ်ယူစားသောက်ခဲ့ကြရသည်။

စပါးကို ပေါင်းအိုးကြီးများထဲတွင် ထည့်ပြုတ်ပြီး နေလှမ်းကာ ကြိတ်ခွဲထားသည့် ပြုတ်ဆန်မှာ ဆန်ရင်းများကဲသို့ အရသာမရှိပဲ၊ အပေါရသည့်ဆန်တစ်မျိုးဖြစ်ကာ ဈေးလည်းချိုသဖြင့် အခြေခံမိသားစုများမှာ ပြုတ်ဆန်များကိုပင် စားသောက်ခဲ့ရသည်။

" အဲဒီတုန်းက ရခိုင်ပြည်က ဆန်တွေကို နိုင်ငံခြားကိုရောင်းတယ်။ ဆန်ဖြူရောင်းတယ်။ ပြုတ်ဆန်ရောင်းတယ်။ အဲဒီလို့ရောင်းဖို့ စာချုပ်ချုပ်တာ လွန်သွားတယ်။

အဲဒီလို
ဆန်တွေကိုနိုင်ငံခြားကို ပို့နေရတဲ့အတွက် တစ်နှစ်ပတ်လုံး စားမဲ့ဆန်ဟာ
စစ်တွေမြို့ပေါ်မှာ မရှိတော့ပဲ ဆန်ခွဲတမ်းတွေကို လျော့ချခဲ့တာဖြစ်တယ်လို့သိရ တယ်။

အဲဒီတုန်းက ချောင်းထဲမှာ ပြုတ်ဆန်တင်သင်္ဘောတစ်စင်းနဲ့ ဆန်ဖြူတင်သင်္ဘောတစ်စင်းဟာ ဆန်တင်လို့ရှိတယ်။ " ဟုလည်း သြဂုတ် ၁၃ ဆန်ပြဿနာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ စာရေးဆရာဗဂျီးကျော်(စစ်တွေ)ကပြောသည်။

သြဂုတ် ၁၃ ဆန္ဒပြလူအုပ်သည် တစ်စထက်တစ်စများပြားလာပြီး ယင်းအချိန်ကရှိခဲ့သည့် မြရုပ်ရှင်ရုံအတွင်း ရုပ်ရှင်ကြည့်ရှုနေကြသူများသည်လည်း ဆန္ဒပြလူအုပ်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

လူအုပ်သည်
များသထက်များလာခဲ့ပြီး စစ်တွေအကျဉ်းထောင်ဘက်သို့ ဦးတည်လာခဲ့ကြသည်။
သြဂုတ် ၁၂ ရက်နေ့က ဆန်ဂိုဒေါင်များကို ဖောက်ထွင်းလုယူခဲ့ကြသူများကို ထောင်အတွင်း ထိန်းသိမ်းထားသည်ဟုအထင်နှင့် အကျဉ်းထောင်ရှိရာသို့ ချီတက်လာခဲ့ခြင်းဖြစ်သည်။

အကျဉ်းထောင်အတွင်း
လုံခြုံရေးယူထားသည့် အစောင့်များက လက်နက်အပြည့်ဖြင့် လူအုပ်ရှိရာကို ချိန်ရွယ်ထားကြသည်။
ဆန္ဒပြလူအုပ်မှ တစ်ချို့မှာ ထောင်ကိုခဲများဖြင့် ပစ်ပေါက်ခဲ့ကြသော်လည်း ပြဿနာမှာ မကြီးထွားသေးပေ။

ထောင်မှတစ်ဆင့် နာဇီရွာကုန်းဖက်သို့ ထပ်မံချီတက်ခဲ့ကြပြန်သည်။
မတရားဖိနှိမ်ခံပြည်သူ၊ အငတ်ဘေးဒုက္ခကိုရင်ဆိုင်နေကြရသည့် ရခိုင်ပြည်သူလူတို့၏ နှလုံးသားထဲတွင် စစ်အစိုးရ၏ ရက်စက်ယုတ်မာမှုများစွာတို့ကို ရွံမုန်းကြသည့်အတွက် လူအုပ်၏ကြွေးကြော်သံများသည်လည်း စစ်တွေမြို့ အနှံသို့ ပျံ့နှံ့လျက်ရှိနေပြီး လူထု၏ဒေါသသည်လည်း အုပ်ချုပ် သူစစ်အစိုးရပေါ်သို့ လုံးလုံးပင်ကျရောက်သွားခဲ့ကြသည်။

စစ်တွေမြို့ပေါ်နေလူထုသည်
နာဇီရွာကုန်းအလွန် မြဆန်စက်အနီးသို့ ရောက်သောအခါ အစိုးရအာဏာပိုင်များဘက်မှ စစ်တွေမြို့ပေါ်တွင် ပုဒ်မ ၁၄၄ ၊ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ကြောင်းကို လူထုရှေ့၌ ဖတ်ကြားခဲ့သည်။

သို့သော်
လူပေါင်းသိန်းနှင့်ချီသည့် လူအုပ်၏ ခံစားချက်ဒုက္ခများသည် ပေါက်ကွဲနေသည့် အချိန်ဖြစ်သည်ကတစ်ကြောင်း၊ လူထုအတွင်း ဦးခေါင်းသည့် ခေါင်းဆောင်နည်းပါးသည်ကတစ်ကြောင်း၊ အာဏာရှင်စန်၏ ဖိနှိမ်မှု၊ မတရားမှု စသည့် အကြောင်းအရာများကြောင့် ယင်းသို့ သွေးမြေကျခဲ့ရခြင်းဖြစ်ကြောင်းကို စာရေးဆရာ ဗဂျီးကျော် က ယခုကဲ့သို့ ပြောသည်။

" အစကတော့ လမ်းမဖြတ်ရအောင် ဘားဝါယာကာထားတယ်။ နောက်လူထုက ဖွင့်ပေးဖို့တောင်းဆိုတဲ့အတွက်၊ ဖွင့်ပေးခဲ့တယ်။ အဲဒီလိုဖွင့်ပေးပြီးတဲ့နောက်မှာပဲ ပစ်သတ်ခံလိုက်ကြရတာဖြစ်တယ်။

ဆန္ဒပြလူအုပ်ထဲက
လူတစ်ချို့ဟာ စစ်ကားတွေကို ကပိုင်သားချောင်းတွေနဲ့ ပစ်ကြတယ်။ အဲဒီနောက်မှာပဲ စစ်ကားပေါ်က ဗိုလ်တစ်ယောက်ဆင်းလာပြီးတော့ ပစ် ဆိုပြီး အမိန့်ပေးသံကြားလိုက်တယ်။

ဗဂျီးကတော့ အပေါ်ကို ထောင်ပစ်တယ်လို့ပဲထင်တယ်။ နောက်လှည့်ကြည်လိုက်တော့မှ လူတွေလဲနေကြပြီ၊ ထွက်ပြေးတဲ့လူတွေကလည်း လဲနေတဲ့လူတွေကို နင်းပြီး အကုန်ထွက်ပြေးကြတာပဲ။

တစ်ချို့ကလဲ ချောင်းကိုဖြတ်ပြီးကူးကြတယ်။ ချောင်းကူးတဲ့လူတွေကိုလဲ အပေါ်ကနေပစ်တယ်။ အဲဒီတုန်းက သေနတ်မှန်တဲ့လူ ၂၀ ကျော်လောက်ကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ ”

၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ မိနှစ် (၂)ခန့်အချိန်၌ ပစ်ခတ်သံများနှင့်အတူ ပရမ်းပတာထွက်ပြေးကြသည့် ဆန္ဒပြလူအုပ်သည်မှာ လွတ်ရာသို့ထွက်းပြေးကြသဖြင့် ရုပ်ရင်းဆန်ခတ်ဖြစ်နေချိန်တွင် သေနတ်ကျည်ထိမှန်ထားသော လူတစ်ချို့မှာကူညီသူမရှိပဲ လူအုပ်၏ နင်းကြိတ်မှုများကို ခံခဲ့ရသည်။

ချောင်းဖြတ်ကူးသူများကို
အပေါ်မှပစ်ခတ်မှုကြောင့် တစ်ချို့ကျဆုံးကြသလို တစ်ချို့ မှာလည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည်။ ထိုပစ်ခတ်မှုအတွင်း
စစ်တွေမြို့ပေါ်၌ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့သည်ဟု ပြည်သူလူထုမှ လက်ခံယုံကြည်ထားသော်လည်း အစိုးရဘက်မှ ဆန်ပြဿနာကြောင့် လူ ၂၄ ဦးခန့်သာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

လူပေါင်းများစွာမှာလည်း
ဒဏ်ရာများ ရရှိခဲ့ကြသည်။
တစ်ချို့မှာ ဒဏ်ရာမပြင်းထန်သော်လည်း
တစ်ချို့မှာ ခြေ၊ လက်များ ဖြတ်ပစ်ရသည့် အဆင့်သို့ရောက်ရှိခဲ့ကာ ဆန်ပြဿနာတွင် ပါဝင်ခဲ့သည့်လူတစ်ချို့မှာလည်း ပျောက်ဆုံးသွားခဲ့ရသည်။

ယင်းအပြင်
ပြဿနာဖြစ်ပြီးသည့် နောက်ပိုင်းကာလများတွင် မြို့ပေါ်လူထုအား ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

ယနေ့တိုင် ဆန်ပြဿနာနေ့ဖြစ်စဉ်တွင် ပါဝင်ခဲ့သူတစ်ချို့မှာ အကြောက်တရားများကြီးစိုးနေဆဲဖြစ်ကာ အဖြစ်မှန်ကိုပြောဆိုရန် သွေးပျက်နေသည့် လူကြီးများပင်လျင် ရှိသေးသည်ကို တွေ့ရသည်။

ဆန်ပြဿနာအတွင်း
ကြောက်စရာအကောင်းဆုံးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး ပြေးမရောက်နိုင်တော့သော လူနာများကိုပင် သေဆုံးသူများနှင့်ရောကာ စစ်ကားများဖြင့် တင်ဆောင်ပြီး ကျင်းတူးမြုပ်နှံခဲ့သည်ဟုလည်း သိရသည်။
...

ယင်းသို့
အာဏာရှင်လူတန်းစား၏
လူမဆန်စွာ ဆင်ခြင်တုံတရား ကင်းမဲ့စွာ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့ခြင်းမှာ ယခုဆိုလျှင် ၅၀ နှစ်တာ ခရီးရှည်တစ်ခုသို့ ရောက်နှင့်ခဲ့ပြီဖြစ်သော်လည်း
ရခိုင်ပြည်သူလူထု၏ နှလုံးသားများထဲတွင်၊ ဦးနှောက်ထဲတွင်၊ အသိတရားများထဲတွင် သြဂုတ်လ ၁၃ ရက်နေ့ ရောက်တိုင်း သွေးဖြင့်တောင်းဆိုခဲ့သည့် သမိုင်းဝင်ဆန်ပြဿနာနေ့အဖြစ် အစဉ်လွှမ်းမိုးနေဦးမည်ဖြစ်သည်။

Development News Journalမှ

မင်းကိုခိုင်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ငါတို့မျက်ရည် သွေးမျက်ရည်”

Post a Comment

Related Posts Plugin for WordPress, Blogger...