Saturday, September 30, 2017

အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး လှုံ့ဆော်ပေးရန် စည်းရုံးသူရှိသည် ဟူသော ကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးတိုက်လျှောက်ထားမှု မကွေးခရိုင် တရားရုံးမှလက်ခံ

,
ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး လှုံ့ဆော်ပေးရန် စည်းရုံးသူရှိသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူပေးနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေက စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ဦးတိုက် လျှောက်ထားမှုကို မကွေးခရိုင် တရားရုံးမှ လက်ခံခဲ့ကြောင်း တိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက The Daily Eleven သတင်းစာသို့ အတည်ပြု ပြောကြားသည်။

အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေရေး လှုံ့ဆော်ပေးရန် မကွေးမြို့မှ အမျိုးသားတစ်ဦးကို ကျပ် ၅၀၀၀၀၀ ပေးမည်ဟု စည်းရုံးသူ ရှိနေပြီး မကွေးတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများအား ဆောင်ရွက်သင့်သည်များ ညွှန်ကြားပြီး ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက စက်တင်ဘာ ၂၆ ရက် ညနေ ၃ နာရီခွဲက ၎င်း၏ ရုံးခန်းတွင် မီဒီယာများအား ဖိတ်ခေါ်ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက တရားလိုပြု၍ လျှောက်ထား ခဲ့ကြောင်း၊ ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး စည်းရုံးခဲ့သည် ဟူသော မကွေးမြို့မှ အသက် ၆၀ ခန့်ရှိ အမျိုးသား တစ်ဦးအား ဥပဒေနှင့်အညီ ဆောင်ရွက် ပေးနိုင်ရန် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း လျှောက်ထားချက် တွင် စည်းရုံးခံရသူနှင့် ဒေါက်တာ အောင်မိုးညို အပါအ၀င် သက်သေငါးဦး ထည့်သွင်းခဲ့ပြီး မကွေးခရိုင် တရားရုံး တရားသူကြီး ဒေါ်မိမိစိန်က ရာဇသတ်ကြီး အမှု အမှတ် ၅၅/၂၀၁၇ ဖြင့် လက်ခံ ခဲ့ကြောင်း သိရသည်။

“ဒီကိစ္စကို ဥပဒေနဲ့အညီဖြစ်ဖို့၊ ကျွန်တော်တို့က ဥပဒေ ကျော်လွှားပြီးတော့ လုပ်ချင်ရာ လုပ်ဖို့ဆိုတာ လုံးဝ အစီအစဉ် မရှိဘူး။ ထိုက်သင့်တဲ့ ဥပဒေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ဖြစ်ဖို့၊ မဟုတ်ဘူး မမှန်ဘူး ဆိုလို့ရှိရင်လည်းပဲ သက်သေ အထောက်အထား မရှိလို့၊ မခိုင်လုံဘူးဆိုလည်း မခိုင်လုံတဲ့အလျောက်၊ ခိုင်လုံတယ်ဆိုလည်း ခိုင်လုံတဲ့အလျောက် ဖြစ်နိုင်ဖို့ အတွက်ကို ကျွန်တော်တို့ မကွေးတိုင်းမှာလည်းပဲ တိုင်းစီဘီလို့ခေါ်တဲ့ တိုင်း ရဲမင်းကြီးရှိတယ်။ တရားစီရင်ရေးမှာလည်း တရားရေး ဦးစီးရှိတယ်၊ နောက် တိုင်းလုံနယ်ဝန်ကြီး ရှိတယ်။ သူတို့နဲ့ ကျွန်တော်တို့က အကြိမ်ကြိမ်ညှိနှိုင်း တိုင်ပင်ပြီးတော့ လျှောက်သင့် လျှောက်ထိုက် ပြောသင့် ပြောထိုက်တာ တွေကို တရားရုံး ဦးတိုက်လျှောက်မယ့် စာမှာ ရေးပြီးတော့ကာ မကွေးခရိုင် တရားရုံးမှာ ဦးတိုက် လျှောက်ထားလိုက်ပြီ” ဟု မကွေးတိုင်း ၀န်ကြီးချုပ်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါ လျှောက်ထားမှုတွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေက တရားလိုအဖြစ် ပါဝင်၍ သက်သေစာရင်းများဖြင့် လျှောက်ထားခဲ့ကြောင်း၊ ခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်ကိုယ်တိုင် လိုက်ပါခဲ့ကြောင်း ဒေါက်တာအောင်မိုးညိုက ဆက်လက်ပြောကြားသည်။

“ဥပဒေနဲ့အညီပဲ ကျွန်တော်တို့က လုပ်မှာ။ ကျွန်တော် လည်းပဲ သက်သေထွက်ဖို့ အတွက် စာရင်းထဲမှာ ပေးလိုက်တယ်။ လိမ်ညာပြောတာမျိုး ကျွန်တော်တို့က လုံးဝမလုပ်ဘူး။ ကျွန်တော်တို့ ကြားတာသိတာကိုသာလျှင် ကျွန်တော်တို့ ပြောမှာဖြစ်ပါတယ်။ အကယ်၍များ လိမ်ညာပြီးတော့ ကျွန်တော်က သက်သေထွက်မယ်ဆိုရင် ဒီလိမ်မှု၊ ညာမှု မကောင်းမှုကြောင့် နေ့စဉ်နဲ့အမျှ သံသရာတစ်လျှောက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပါစေ။ ဘယ်သောအခါမှ မဂ်နဲ့ဖိုလ်နဲ့ မနီးစပ်တဲ့လူ ဖြစ်ပါစေ။ ဒါခင်ဗျားတို့ရှေ့မှာ သစ္စာဆိုပြီး ပြောရဲတယ်။ သက်သေထွက်တယ် ဆိုတာလည်း ကျမ်းကျိန်ပြီးတော့ သက်သေထွက်ရတာ” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

writer: အောင်သူငြိမ်း
Eleven Media Group
http://news-eleven.com/news/13788

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး လှုံ့ဆော်ပေးရန် စည်းရုံးသူရှိသည် ဟူသော ကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးတိုက်လျှောက်ထားမှု မကွေးခရိုင် တရားရုံးမှလက်ခံ”

Post a Comment

Related Posts Plugin for WordPress, Blogger...