Saturday, September 30, 2017

မြန်မာဘက်က အရှုံးထွက် ပါတယ်။

,
ဒီကနေ့ ဖြစ်နေတဲ့ ရခိုင်အကြမ်းဖက်မှုဖြစ်စဉ်ကြီး ကို စာရင်းချုပ်ကြည့် ရင် မြန်မာဘက်က အရှုံးထွက် ပါတယ်။ မျိုးချစ်စိတ် နိုင်ငံချစ်စိတ် နဲ့ ငါတို့ မရှုံးဘူးကွလို့ ဇွတ်နှစ် အော်ချင်လဲ အော်ပါ။ အဲလိုမဟုတ်တဲ့ ချင့်ချိန် တွေးတောစဉ်းစားကြမဲ့ လူတွေ အတွက် ဒီစာကို ရေးပါတယ်။

ပထမဆုံးထိခိုက်ခဲ့ရတာ ကတော့ လူထုခေါင်းဆောင် ရဲ့ နိုင်ငံတကာ ပုံရိပ် ဖြစ်တယ်။ တစ်ချိန်က ဒီမိုကရေစီ နဲ့ လူ့ရပိုင်ခွင့်တန်ဖိုးတွေ လူသားရဲ့ ဂုဏ်သိက္ခာတွေ အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့လို့ ကမ္ဘာ့လူသားထု ကြီးတစ်ရပ်လုံးရဲ့ အိုင်ကွန် မီးရှုးတန်ဆောင်ဖြစ်ခဲ့ရပေမဲ့ အခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အပေါ်မှာ နိုင်ငံတကာ လူမှုအသိုက်အ၀န်း က မျှော်လင့်တဲ့ အတိုင်း ရပ်တည်မှု မရှိခဲ့လို့ ဝေဖန်တိုက်ခိုက်တာတွေ ဂုဏ်ပျက်ကြောင်း ရှုတ်ချတာတွေ ဆုတွေ တံဆိပ်တွေ ဂုဏ်ထူးဆောင်ဘွဲ့တွေ ဂုဏ်ပြုချီးကျူးမှုတွေ ကို တစစ နဲ့ ပြန်လည်ရုပ်သိမ်း လာခဲ့တာ အားလုံး အသိပါပဲ။

ဒီနေရာမှာ ဘယ်သူမှန်လို့ ဘယ်သူမှားတယ် ဆိုတာ ငြင်းနေမှာ မဟုတ်ဘူး။ ကမ္ဘာ့မီဒီယာတွေ က မတရားဘူး တရားတယ် ဘက်မလိုက်ဘူး ဘက်လိုက်တယ် ဆိုတာတွေ ကို အဖြေရှာနေဖို့လည်း မဟုတ်ဘူး။ ဒီလိုပဲ နိုင်ငံတကာအသိုင်းအဝိုင်း က သတ်မှတ်တယ် ရှုမြင်ကြတယ် ဆိုတာလောက်အထိပဲ ပြောချင်တာ ဖြစ်တယ်။ မြန်မာ တပြည်လုံးက လူသား သန်း ၅၀ က လုထုခေါင်းဆောင် နဲ့ အတူတကွ ရပ်တည်ကြတယ်ဆိုတာ ပြသရုံ နဲ့ အဲဒီ မြေပြင် အခြေအနေတွေ က ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အဲဒီ အတူတကွရပ်တည်မှုဆိုတာတွေဟာ နိုင်ငံတကာ မျက်နှာစာမှာ အလုပ်မဖြစ်တဲ့ အပြင် ပိုလို့တောင် သံသယဝင် အဆိုးမြင်စေတယ် ဆိုတာမျိုး အကျိုးသက်ရောက် စေမှာ ပါ။

ရလဒ်က နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တဲ့ အနောက်တိုင်းပါဝါတွေ နဲ့ လူထုခေါင်းဆောင် အကြား က ကြိုးဟာ ပြတ်တောက်သွားရတာပါပဲ။ အပြီးသတ် ပြတ်တောက်မသွားရင်တောင် သတိနဲ့ စောင့်ကြည့်မယ်။ သံသယနဲ့ ချိန်ဆကြည့် နေမယ်ဆိုတာမျိုး ပါပဲ။ ပညာတော်သင်တွေ ကို ပြန်လွှတ်တာတွေ ကစလို့ စစ်ရေးပူးပေါင်းမဆောင်ရွက်တော့တာတွေ လက်နက်ရောင်းချမှုကို ပိတ်ပင်တာတွေက နေ နောက်ဆုံး အကန့်အသတ်နဲ့  စီးပွားရေးပိတ်ဆို့မှုတွေ အထိ ပြန်လည်လာ မဲ့ အနေအထားတွေ ကို မြင်နေကြားနေရ ပါတယ်။ စစ်အာဏာရှင်ခေတ် က စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ လို့ သီချင်း တကြော်ကြော် လုပ်ခဲ့ပေမဲ့ အစစအရာရာ ဘယ်လောက်ခက်ခဲနေခဲ့ကြသလဲ အားလုံး အသိပါပဲ။

ဒီလို အခြေအနေမှာ မိတ်ဆွေကောင်းယောင်ဆောင်တဲ့ အခွင့်အရေးသမားနိုင်ငံတွေ ဖြစ်တဲ့ ရုရှား တရုတ် အိန္ဒိယ စတာတွေ က ချဉ်းကပ်လာ ကြမှာ မလွဲပါ။ စီးပွားရေးမျက်နှာစာမှာ ချောင်ပိတ်ခံရတဲ့ တိုင်းပြည်အတွက် အဆီကိုစုပ် အသားကို ခုတ်မဲ့ လောဘသား တွေ ပဲ လင်းတတွေလို ဝဲခဲ့ကြတယ်မဟုတ်လားလေ။ ဒါကလဲ ပြည်သူတွေ အားလုံး အတူတကွရပ်တည်ကြမယ်လို့ ဆိုခဲ့ကြတဲ့ အတွက် စီးပွားရေးချောင်ပိတ်ခံရတဲ့ အခြေအနေတွေ ကို အားလုံး အတူ ခံကြဖို့ပါပဲ။

အဆိုးတကာ့အဆိုးဆုံးကတော့ လူ့ရပိုင်ခွင့် နဲ့ လစ်ဘရယ်တန်ဖိုးတွေ ဟာ လူထုခေါင်းဆောင်ရဲ့ ရုပ်ပုံလွှာကျဆုံးခြင်း နဲ့ အတူ ကျဆုံးသွားရတာပါပဲ။ ဒါကိုကလည်း အမျိုးသားရေးမီးတောက်မီးလျှံတွေ နဲ့ ဆူပွက်နေတဲ့ မျက်မှောက်ကမ္ဘာကြီး ရဲ့ ပင်မရေစီးကြောင်းလို ဖြစ်နေတာမဟုတ်လား။ တစ်ချိန် က စစ်အာဏာရှင်စနစ် ကို ခုခံတွန်းလှန်ခဲ့စဉ်က လူ့ရပိုင်ခွင့် နဲ့ လစ်ဘရယ်တန်ဖိုးတွေ ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ရဲ့ ချပ်ဝတ်တန်ဆာလို ဖြစ်ခဲ့တယ်။ အကြမ်းမဖက်နည်းနဲ့ အံတုတော်လှန်ရေးအတွက် စစ်ချီတေးတွေ ဖြစ်ခဲ့ကြတယ်။ အနောက်တိုင်းလစ်ဘရယ်အုပ်စုကြီး တစ်ခုလုံး က လည်း ပြည်သူတွေ နဲ့ အတူ လူထုခေါင်းဆောင်ဘက်ကနေ ရပ်တည်ပေးခဲ့ကြတယ်။ လူ့ရပိုင်ခွင့် နဲ့ လစ်ဘရယ်တန်ဖိုးတွေ ဆိုတဲ့ အလံတော်အောက်မှာ လူမျိုး ဘာသာ အဆင့်အတန်းမရွေး စည်းလုံညီညွတ်ခဲ့ကြပါတယ်။ လူထုခေါင်းဆောင် ဟာ လူ့ရပိုင်ခွင့် နဲ့ လစ်ဘရယ်တန်ဖိုးတွေ အတွက် ရပ်တည်ခဲ့သူမဟုတ်ရင် အနောက်တိုင်းဒီမိုအင်အားစုတွေ ကလည်း သူ့ဘက်က ရပ်တည်ပေးဖို့မရှိပါဘူး။ တူညီတဲ့ တန်ဖိုးတွေ နဲ့ ကမ္ဘာသစ်ကိုဖော်ဆောင်မယ်ဆိုပြီး တစ်လှေတည်း စီးခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ လူ့ရပိုင်ခွင့် နဲ့ လစ်ဘရယ်တန်ဖိုးတွေ အကြောင်း ပြောဆိုတဲ့သူတွေဟာ အမျိုးသားသစ္စာဖောက်တွေ လို့ တံဆိပ်အတပ်ခံနေကြရပါပြီ။ လူ့ရပိုင်ခွင့် နဲ့ လစ်ဘရယ်တန်ဖိုးတွေ ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းချောက်တဲ့ စကားလုံးတွေ လို အမြင်ခံနေရပါပြီ။ တရားမျှတမှုအကြောင်း ပြောရင်ကိုပဲ တိုင်းပြည်ဖျက်မဲ့သူလို့ ကင်ပွန်းတပ်နေကြ ပါပြီ။ ဒီတော့ အကျိုးဆက် က အဲဒီ အကြောင်းအရာတွေ ကို အမုန်းခံအမိုက်ခံပြီး ပြောဆိုမဲ့သူုတွေ နည်းပါလာမှာ ဖြစ်သလို ကြားချင်သူတွေ နားထောင်ချင်သူတွေတောင် ကြားရဖို့ အခွင့်အလမ်းမရှိတော့ပါဘူး။ ဒါဟာ တကယ်ကို စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ လူ့ရပိုင်ခွင့် နဲ့ လစ်ဘရယ်တန်ဖိုးတွေ ကို ငြင်းပယ်ရပ်တည်ခြင်းရဲ့ လားရာတွေ က ဘာဖြစ်မလဲ ဆိုရင် အင်အားပြိုင်ဆိုင်နေတဲ့ ရန်လိုတက်ကြွတဲ့ အမျိုးသားရေးဝါဒတွေ လုံးစည်းဖက်ဆစ်အတွေးအခေါ်တွေ ဆီ ကိုပဲ ဦးတည်နေပါလိမ့်မယ်။

နိုင်ငံတော်အတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင် တရားတာမတရားတာ မရှိဘူး တရားမျှတဖို့မလိုအပ်ဘူး ဆိုတဲ့ အယူအဆတွေတောင် လှိုင်လှိုင်ထွက်နေပါပြီ။ သီလသမာဖြောင့်မတ်မှန်ကန်မှု ကို အခြေမခံတဲ့ လူ့ဘောင်အဖွဲ့အစည်း တွေဟာ အောင်မြင်ရင်လည်း ရေတိုပဲ အောင်မြင်ပါလိမ့်မယ်။ တရားမမျှတမှု ရဲ့ နောက်က လိုက်လာမှာ က မညီညွတ်မှု နဲ့ ပဋိပက္ခတွေ အားပြိုင်တိုက်ပွဲတွေ ပဲ ဖြစ်ပါတယ်။ ဘယ်တိုင်းပြည်ဘယ်နိုင်ငံလည်း တရားမျှတလို့လဲ ငါတို့လည်း တရားမျှတဖို့မလိုအပ်ဘူးဆိုတဲ့ ဆင်ခြေမျိုးဟာ ဘယ်သူမကောင်းကောင်းကိုယ့်ခေါင်းကိုတော့ ဘယ်မရွေ့ ဆိုတဲ့ သီလသမာ အတွေးအခေါ်နဲ့လည်း ဖြောင့်ေ့ဖြာင့်ကြီးဆန့်ကျင်နေပါတယ်။ တိုင်းပြည်အတွက် တိုင်းပြည်အပကလူတွေ ကို တရားမျှတမှုရှိစရာမလိုဘူးဆိုတဲ့ အမြင်ကို ဆွဲဆန့်ကြည့် ရင် ကိုယ့်မိသားစုအတွက် ကိုယ့်ဆွေမျိုးအုပ်စုအတွက် တခြား လူသားတွေ အပေါ် တရားမျှတမှု ရှိဖို့မလိုအပ်ဘူးဆိုတဲ့ အတ္တဗဟိုပြုအမြင်အထိ ဆွဲယူသွားနိုင်ပါလိမ့်မယ်။ ဒီလို အမြင် တွေ ကြီးစိုးနေတဲ့လောက၀န်းကျင်ဟာ အတ္တမီးတွေတောက်လောင်နေတဲ့ ပတ်ဝန်းကျင်မျိုးသာ ဖြစ်ပါလိမ့်မယ်။

အကြမ်းဖက်မှုကြီးပြီးဆုံးရပ်နားတဲ့အခါ လုပ်ရမဲ့ အလုပ်က ထွက်ပြေးခိုလှုံတဲ့ဒုက္ခသည်တွေ ကို နေရပ်ပြန် လက်ခံဖို့ အတွက် လုပ်ကြရပေဦးမယ်။ ဒီအတွက်လည်း လူအား ငွေအားနဲ့ အချိန်တွေ အများကြီး အသုံးပြုရပါလိမ့်ဦးမယ်။ ပြန်ရောက်လာသူတွေ ကို စိစစ်လက်ခံတာတွေ နိုင်ငံသားစိစစ်ရတာတွေ ကိုလုပ်ရပါလိမ့်ဦးမယ်။ အဲဒီလုပ်ငန်းတွေ နဲ့ အတူ နိုင်ငံတကာ ရဲ့ ဖိအားတွေ ကလည်း ဆက်လက်ရောက်ရှိလာကြပါလိမ့်မယ်။ နိုင်ငံသားဥပဒေ က လူမျိုးကို ပဲ အခြေခံတဲ့ အတွက် ပြဿနာတွေ က မပြေလည်မဖြေရှင်းနိုင်ပဲ တို့လို့တန်းလန်းနဲ့ ရပ်တန့်ပြီး နေပါလိမ့်ဦးမယ်။ မြင်ရ သလောက်ပြောရရင် နိုင်ငံမဲ့လူအုပ်စုကြီးဟာ နှင်းလုံးကြီးလိုပဲ လိမ့်လေပိုကြီးလေနဲ့ ဒေသတွင်းခြိမ်းခြောက်မှု နဲ့ ဖိအား တွေ ကို ဖြစ်စေတဲ့ ပြဿနာရင်းမြစ်ကြီးတစ်ခု ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

အိမ်နီးချင်းနိုင်ငံမှာ အကြမ်းဖက်ဝါဒလိုလားတဲ့ အစိုးရမျိုးတက်လာတဲ့ အခါမှာ အကြမ်းဖက်သမားတွေဟာ ပေါက်တူးတွေ ဂေါ်ပြားတွေ ၀ါးချွန်တွေကို ကိုင်စွဲကြတော့မှာမဟုတ်ပဲ ခေတ်မီလက်နက်တွေနဲ့ အကြမ်းဖက်သူတွေ ဖြစ်လာကြပါလိမ့်ဦး မယ်။ ဒီအတွက် တိုက်ခိုက်နှိမ်နင်းရလေလေ စစ်ဘောင်ကြီးက ကျယ်လာလေလေ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဆိုတာတွေ နဲ့ ဝေးလေလေ ဖြစ်မှာ အမှန်ပါ။ ဘုံရန်သူတွေ ရှိလာလို့ အမြတ်အနေနဲ့ ပြည်တွင်းအင်အားတွေ ညီညွတ်လာနိုင်တယ်ဆို ဦးတော့ ပြည်ပရန်ကို စိုးထိတ်နေရတဲ့ ပြည်တွင်းညီညွတ်မှုဆိုတာလည်း အနှစ်သာရမရှိလှပါဘူး။ တိုင်းပြည် က ကမ္ဘာမိသားစုကြီးတစ်ခုလုံးနဲ့ သဟဇာတ ဖြစ်မယ့် တိုင်းပြည်မျိုးဖြစ်ဖို့လိုပါတယ်။ ဘယ်သူမှ ကြာရှည် အထီးကျန် ရပ်တည် လို့မရနိုင်ပါဘူး။

လက်ရှိအစိုးရကတော့ အတတ်နိုင်ဆုံးပွင့်လင်းမြင်သာ ရှိမှု နဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို တတ်နိုင်သလောက် အဖတ်ဆယ်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ ဒါကို ၀မ်းမြောက်ကြိုဆိုပါတယ်။ အခု အစိုးရရဲ့ လုပ်ငန်းတွေဟာ နိုင်ငံတကာမျက်နှာစာကိုကြည့်ပြီး လုပ်ရတဲ့ အခါမှာ ပြည်သူတွေ ရဲ့ အကြိုက်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အခုတောင် ဒုက္ခသည်တွေပြန်လက်ခံဖို့ ကျပ်ငွေသိန်း ထောင်ပေါင်းများစွာ ကုန်ကျမယ်လို့ အဆိုပြုချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာတွေ မြင်တွေ့နေရ ပါတယ်။ တကယ်တော့ နိုင်ငံတော်အနေနဲ့ရော ပြည်သူတွေအနေနဲ့ပါ အခုအချိန်ရွေးချယ်လုပ်ဆောင်သမျှတွေ ဟာ နိုင်ငံရေး ရုပ်ပြကောင်းနေဖို့ Political Correctness ရှိနေဖို့အလွန်တရာ အရေးကြီးလှပါတယ်။ လူမျိုးရေး ဘာသာရေး နိုင်ငံရေး သွေးထိုး လှုံဆော်မှုတွေ ကို နားမယောင်ကြပဲ လူသားတန်ဖိုးကို အလေးအမြတ်ပြုတဲ့ ပြည်သူတွေ အဖြစ် ကမ္ဘာ က မြင်လာ အောင် လုပ်ဆောင်ကြဖို့ သိပ်ကို အရေးကြီးတယ်ဆိုတာ ထပ်ပြောပါရစေ။

Credit : လင်းထက်ဆွေ
Ye Myint Win ပိုစ်မှ ကူးယူဖော်ပြပါသည် ။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာဘက်က အရှုံးထွက် ပါတယ်။”

Post a Comment

Related Posts Plugin for WordPress, Blogger...