Thursday, September 7, 2017

" ပညာမတတ်ကြလို့ ဖြစ်နေရတဲ့ ပြသနာ"

,
အစ္စလာမ်ဘာသာကို လက်ခံလိုက်ရင် ငြိမ်းချမ်းသွားလိမ့်မယ်။ ဒီလိုရေးတော့ တဝူးဝူးတဝါးဝါးဖြစ်ကြဦးမယ်။ ကျနော် ခင်ဗျားတို့ကို အစ္စလာမ်ဘာသာပြောင်းခိုင်းနေတာ မဟုတ်ပါဘူး။ ပညာတတ် ရင့်ကျက်မှု ရှိဖို့ ထောက်ပြချင်တာပါ။

လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဓိက ဖြစ်နေရတာက ရိုဟင်ဂျာတွေဟာ မွတ်စလင်တွေမို့လို့ပါ။

မြန်မာပြည်မှာ ဘုန်းကြီးတွေနဲ့ စစ်အုပ်စုရဲ့ မှိုင်းတိုက်မှုကြောင့် တပြည်လုံး အစ္စလာန်ဖိုဘီးယား အစ္စလာန်ကြောက်ရောဂါစွဲနေတယ်။

ပညာရေးကလဲ အင်မတန်နုံ့တော့ မြန်မာတွေဟာ ဘွဲ့ရ၊ လူလားသာမြောက်လာတယ် အင်မတန်တိမ်သော၊ ကျဉ်းသော အမြင်တွေ ရှိကြတယ်။
တိမ်သောကျဉ်းသော ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘွဲ့ရ၊ တွေချည်းဆိုတော့ တိုင်းပြည်မှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့သာ ပြည့်နေတယ်။

ကိုးကွယ်ယုံကြည်မှုမှာလည်း တဘက်စောင်းနင်း ဗုဒ္ဓဘာသာမှတပါး တခြားမရှိ၊ လှေနံဓားထစ် ထားကြတယ်။
တကယ်တမ်း ဗုဒ္ဓဘာသာ ကိုသာ နက်ရှိုင်းစွာ ယုံကြည်သက်ဝင်ကြရင် ဘယ်ဘာသာကို မဆို လွယ်ကူစွာ လက်ခံနိုင်ပါတယ်။
မေတ္တာသုတ်မှာ မွေးမြူလွယ်ရမယ် ဆိုတာ၊ သူ့အကျိုးအကြောင်းလျော်ညီစွာ လက်ခံနားလည် သဟဇာတ ပေါင်းသင်းနေထိုင်တတ်ရင် မေတ္တာဖြစ်ခြင်းတပါး လို့ ဆိုလိုပါတယ်။

ဗြဟ္မဏဟိန္ဒူ၊
ဗုဒ္ဓ၊
ခရစ်ယာန်၊
အစ္စလာမ် အစဉ်လိုက်ပေါ်လာကြတဲ့ ဘာသာတရားတွေထဲ လူနဲ့ အနီးဆုံး ဘာသာတရားဟာ၊ အစ္စလာမ်ဘာသာဖြစ်ပါတယ်။

လူနဲ့ အဝေးဆုံးဘာသာတရားဟာ ဗုဒ္ဓဘာသာပါ။ လူတွေအတွက် မဆီလျော်လှဆုံး၊ လူတွေလိုက်နာဖို့ အခက်အခဲဆုံးဘာသာပါ။
ဗုဒ္ဓဘာသာဝင် အယောက် ၁၀၀ မှာ ၉၉ ယောက်ဟာ အယောင်ဆောင်ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ပါတယ်။
၉၉ ယောက်ထဲမှာ သင်္ကန်းဝတ်ဘုန်းကြီးတွေ ရှေ့ဆုံးက ပါပါတယ်။

ဗုဒ္ဓဘာသာ အမည်ခံပြီး ရွတ်ဖတ်သရဇ္ဈာယ်ရုံသက်သက် အရွတ်ဗုဒ္ဓဘာသာသက်သက်သာ ထွန်းကားနေတာပါပဲ။

မြန်မာပြည်ပညာရေးမှာ အထက်တန်းကျောင်းသာအောင်လာခဲ့တယ်။ လောကမှာ ဘယ်လိုနေရမယ် မြန်မာလူငယ်တွေ မသိကြဘူး။ ဘယ်လိုပေါင်းသင်းဆက်ဆံ၊ ဘယ်လို ဖွဲ့စည်း လုပ်ဆောင်၊ ဘယ်လို ဆွေးနွေးအဖြေရှာ ဆိုတာ တတ်ကို မတတ်ကြဘူး။

အနောက်နိုင်ငံတွေမှာ အထက်တန်းအဆင့်ပညာရေးမှာ အဓိက သင်တာ လူလုပ်တတ်အောင်သင်တာ။ လူလားမြောက်အောင် သင်ပေးတာ။
အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အတွက်အချက်တွေ ဆိုတာ ကာကူလေတာတွေ၊ ကွန်ပျူတာတွေ ပေါ်လာတဲ့နောက်မှာ အချိန်ကုန်ခံ သင်နေစရာမဟုတ်တော့ဘူး။ သင်္ချာသင်တာ အတွက်အချက်အတွက် မဟုတ်ဘူး။ စဉ်းစားတတ်အောင်၊ ဖြေရှင်းတတ်အောင်၊ အဖြေရှာတတ်အောင် သင်တာ။
သမိုင်းတွေ၊ ပထဝီတွေ သင်တာ အလွတ်ကျက်မှတ်ဖို့ သင်တာ မဟုတ်ဘူး။ နားလည်သဘောပေါက်ဖို့ သင်တာ။ ဘယ်နိုင်ငံ ဘယ်လတ္တီတွဒ်၊ လောင်ဂျီတွဒ်ထဲမှာ ရှိသလဲ ဆိုတာ အချိန်မရွေး ဂူဂဲလ်လုပ်ကြည့်လို့ရတယ်။ အဲဒါကို အလွတ်ကျက်စရာ မဟုတ်တော့ဘူး။
အထက်တန်းပညာရေးအဆင့်မှာ ကမ္ဘာပေါ်က ဘာသာတရားတွေ၊ အယူအဆတွေ၊ ကိုးကွယ်ယုံကြည်မှုတွေကို အခြေခံကျကျလေ့လာဆည်းပူးပြီးသား ဖြစ်ရမယ်။ ဒါမှ အပြန်အလှန်လေးစားတတ်မယ်။ အပြန်အလှန် ပေါင်းသင်းဆက်ဆံလို့ရမယ်။

ခေတ်သစ်ကမ္ဘာမှာ ဘာသာရေးဟာ ကိုးကွယ်ယုံကြည်မှုကနေ  ဓလေ့ထုံးတမ်းယဉ်ကျေးမှုအဆင့်ကို  တဖြည်းဖြည်း နောက်ဆုတ်ရွေ့လျားသွားတယ်။
ဘာသာရေးကို ကိုးကွယ်ယုံကြည်မှုလို အတင်းဆုပ်ကိုင်နေတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတော့တာပါပဲ။

ကိုယ်တိုင်က ဗုဒ္ဓဘာသာဆိုတယ်။ သင်ထားခံရလို့သာ နိဗ္ဗာန်ဆုတောင်းတယ်။ တကယ်တမ်းနေနေကြတာ နိဗ္ဗာန်ကအလွတ်၊ ကိုယ်ကအလွတ် ချည်းပါ။

ကုသိုလ်ကောင်းမှုလုပ်ရင် ကုသိုလ်ကောင်းမှုအကျိုးခံစားရတယ် ဆိုတဲ့ ကမ္မဝါဒ ဟာ တခြားဘာသာတွေမှလည်း သူ့အသွင်နဲ့ သူ ရှိနေတာပါပဲ။
သီလ၊ ဒါန၊ သမာဓိ စခန်းအထိကို ဘာသာတရားတိုင်းမှာ ရှိကြတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ဘုန်းကြီးပါးစပ်မှာ လမ်းဆုံးပြီး ပုံမကျပန်းမကျဖြစ်နေတယ်။

အခြေခံ ငါးပါးသီလကို ပါဏာတိပါတာနဲ့ စ တယ်။ ဒီတော့ သူ့အသက်သတ်ခြင်း ကို ရှောင်ကြဉ်တယ်။ သို့သော် မနက်တိုင်း ဈေးခြင်းဆွဲပြီး သူတပါးသတ်ဖြတ်ထားတဲ့ အသား ငါးတွေကို ဝယ်ယူအားပေးကြ၊ မြိန်ရည်ယှက်ရည် စားကြတယ်။

လူ့ဘောင်လူ့လောက မှာ ဥပဒေစကားပြောရရင် သူခိုးမှာချည်း အပြစ်ရှိတာ မဟုတ်ဘူး။ သူခိုးလက်ခံမှာလည်း အပြစ်ရှိပါတယ်။
ခိုးရာပါ ပစ္စည်းကို ရောင်းဝယ်ဖေါက်ကားမှုဟာ ခိုးမှုနဲ့ ထပ်တူမျှ အပြစ်ခံရတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ အာပတ်လွတ် အသက်မသတ်ဘူး ဘူးတလုံးဆောင်ပြီး နေနေကြတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး ကတော့ အသား ငါးကို တဏှာနဲ့ တပ်မက်စွာ ချက်ပြုတ်စားသောက်နေတာလည်း ပါဏာတိပါတာတမျိုးပဲ လို့ ဟောခဲ့ဖူးပါတယ်။ သူ့အသက်သူ့အသားကိုမှ လျှာရင်းမြက် တပ်မက်တာကိုး။

အစ္စလာမ်ဘာသာမှာလည်း အသားကို အလွယ်တကူမစားဖို့ လမ်းညွှန်ဟောခဲ့တာပါပဲ။ တချက်ထဲ ခုတ်သတ်ရမယ်။ အိမ်တွင်း ပြင် မဟုတ်သော၊ အမိုးအကာ ရှိသော၊ မီးကျီပေါ်နင်း၍ စသဖြင့် ဟောသူက မစားစေချင်လို့ ဟောခဲ့တဲ့ သဘောပါ။
သို့သော်လည်း လူတွေ က လူတွေပါပဲ။
ဝိနည်း မရရအောင်ရှောင်ပြီး စားကြတာပါပဲ။

ဒီရက်ပိုင်းအတွင်း ဖတ်ခဲ့ရတဲ့ ကွန်မန့်တခု သဘောကျလွန်းလို့ ပြန်ဖေါက်သည်ချပါရစေ။ ဘာသာဝင်တိုင်းနဲ့ ဆိုင်ပါတယ်။

" လူတွေက သူတို့ တကယ် နားမထောင်၊ မလိုက်နာ၊ မကျင့်သုံးကြတဲ့ ဘာသာတရားတွေအတွက် စစ်ဖြစ်နေကြတယ်" တဲ့။

ဘယ်လောက်မှန်လိုက်တဲ့စကားလဲ။

ဗုဒ္ဓဘာသာဝင်ကွ၊ မွတ်စလင်ကွ ဆိုပြီး၊ တခြား ဘယ်ဘာသာအမြင်မှ လက်မခံ၊ တဘက်ပိတ်နေတာဟာ စာတအုပ်ဖတ်ပြီး၊ တခြား ရှုထောင့်မျိုးစုံက ရေးထားတဲ့ ဘယ်စာအုပ်မှ လက်မခံတဲ့ စာဖတ်သမားလိုပဲ။
လောကကြီးမှာ ငါမှငါ၊ ငါ့ဟာမှ အမှန်၊ အကောင်း ယူဆမှုဟာ ကောင်းသလား၊ သင့်သလား ချင့်ချိန်ပါ။
ကနေဒါနဲ့ စကန်ဒီနေးဗီးယန်းနိုင်ငံတွေရဲ့ ပညာရေးကောင်းတယ် ဆိုတာ အဲသလိုသင်တယ်။ အနောက်အာဖရိက က လာတဲ့ မွတ်စလင်တွေ၊ အီဂျစ်တွေ၊ ဥရောပသားမွတ်စလင်တွေ၊ စပိန်တွေ နဲ့ စကားပြောလို့ သိပ်ကောင်းတယ်။ သူတို့ မွတ်စလင်တွေပေမဲ့ ပညာရေးကောင်းတော့ အရမ်းကို အမြင်ကျယ်ပျော့ပြောင်းကြတယ်။

မဆလ လို၊ စစ်အုပ်စုလို၊ မဘသ လို တဘက်ပိတ်နေတာကို ကိုယ်တိုင်ကော ဖြစ်နေသလား ကိုယ့်ဖါသာ ပြန်သုံးသပ်ကြစေချင်ပါတယ်။

တချို့က အနောက်တံခါးကြီး ဖွင့်လိုက်ရင်၊ တနိုင်လုံး ဘင်္ဂလီမွတ်စလင်တွေ လွှမ်းမိုးသွားမယ် တဲ့။
ခင်ဗျားတို့က တဘက်ပိတ်ပဲ မြင်တယ်။ မြန်မာပြည်မှာနေရင် မြန်မာတွေအနေနဲ့ နေကြမှာ၊ မြန်မာတွေ ဖြစ်ကုန်မှာ လို့ မမြင်ဘူး။
သူတို့ရုပ်ဆင်းသဏ္ဍန်တွေ ကွဲပြားလို့ ဆိုတော့၊ မြန်မာစစ်စစ်ရုပ် ကကော ဘယ်လိုရုပ်မျိုးလဲ ပြရခက်ပြန်တယ်။ တရုတ်လို ဖြူတဲ့ မြန်မာ၊ ကုလားလို မည်းတဲ့မြန်မာ၊ ရခိုင်ဆိုလည်း မြောက်ပိုင်းသား ရခိုင်၊ ကျောက်ဖြူမာန်အောင်ရခိုင်၊ တောင်ကုတ် သံတွဲ ရခိုင် ရုပ်ဆင်းတွေ ကွဲကြပြန်တယ်။
ဟိုးလွန်ခဲ့တဲ့ နှစ် လေးငါးရာလောက်က ရန်ကုန်(ဒဂုံ)၊ ပဲခူး(ဥဿာ) ဆိုတာ မွန်စကားပဲ ပြောတဲ့ မွန်တွေချည်း နေခဲ့တာ။
ခုကော။ မြန်မာတွေမြိုသွားတာ ပြန်တိုက်ထုတ်အော်စရာလား။
မြန်မာဆိုတာကော တသီးတခြား လူမျိုးတွေလား။ အဲဒီမွန်တွေ၊ ရှမ်းတွေ၊ ကုလားတွေ၊ တရုတ်တွေ သွေးပေါင်းစုံနှော ပေါ်လာတာပါ။
မွန် ကမှ ပြ စရာ ရှိသေးတယ်။ ပျူ ဆို ရေးရေးကျန်တော့တယ်။ ပျူစကား ပျူစာ ဆိုတာကတော့ လုံးလုံးကွယ်သွားပြီ။
ပျူတောင် အမျိုးမျိုးကွဲတယ်။ ဒွတ္ထဘောင်နဲ့ ဗိဿနိုး ပျူချင်းတိုက် ကြတာ။ သထုံ ပျက်လို့ ပြေးတဲ့ ပျူက ရှမ်းဆီမှာ ခိုလှုံပြီး ပအို့ဝ် ဖြစ်တယ် ဆိုတယ်။ ဗိဿနိုးက မဟာမြိုင်ဘက် သွားသေတယ်။ တောင်ရိုး ဆိုပြီး ယောနယ် ဆောနယ်မှာ ပျူနာမည်ဖျောက် နေခဲ့ကြတယ်။
မြန်မာမင်းဆက်ထဲမှာ ရှမ်းမင်းတွေလည်း အများကြီး။ ကုလားသွေးနှောတာလည်း အများကြီး။ ပုဂံခေတ်က ကသည်းမိဖုရားကို အဖေကော၊ သားတွေကော အပြိုင်ကြွေကြ၊ လုကြတွေ သမိုင်းမှာ အထင်အရှားရှိတယ်။
DNA စစ်ချင်သေးတဲ့ အရူးမျိုးက ရှိသေးတယ်။ ဟိုးအင်္ဂလန်က အင်္ဂလိပ် DNA စစ်လိုက်တာ ကူဗလေခိုင်နဲ့ မျိုးဆက်ဖြစ်နေတယ် ဆိုတာ ဖတ်ဖူးပါလေစ။

တိုင်းနယ်နမိတ်တံတိုင်းကြီးတွေဟာ လူတွေ အသက်ထက်တန်ဖိုးရှိသလား။
ငါ့မြေ တလက်မမှကျူးမခံ ဆိုတာတွေဟာ သမိုင်းစာမျက်နှာထဲ ကျန်ခဲ့ဖို့ကောင်းပြီ။

ခုခေတ်က လာပါ လာပါ အပြီုင်အဆိုင်ခေါ်နေရတဲ့ခေတ်။
ကိုယ်သာပညာတတ်၊ ချမ်းသာကြွယ်ဝရင် အလုပ်လုပ်ဖို့ လူတွေ တသီးတသန့်ကို ခေါ်ရဦးမှာပါ။

မြန်မာတွေသာ ချမ်းသာရင် ဘင်္ဂလားဒေ့ရှ်မှာ ရုံးသွားဖွင့်ပြီးကို အလုပ်သမားတွေ ခေါ်ယူကြရမှာ။
ခင်ဗျားတို့ဟာ အနောက်ဘက်မောင်တောက မွတ်စလင် ၂ သန်းလောက်ဝင်လာမှာကို အသည်းအသန်ကြောက်နေချိန်မှာပဲ မြန်မာသန်းပေါင်းများစွာကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ က လက်ခံထားတယ်။ ဂျပန်မှာ သိန်းချီ ရှိတယ်။ ကိုရီးယားကလည်း သိန်းချီ ခေါ်နေတယ်။
အဲဒီနိုင်ငံတွေကျ ဘာလို့ လူမျိုးခြား မြန်မာတွေကို ခေါ်နေသလဲ။
သူတို့ဆီမှာ ပညာတတ်ကုန်ကြ၊ ချမ်းသာကုန်ကြတော့ အောက်ခြေအလုပ်လုပ်မယ့်သူလိုတယ်။
Man Power ဟာ အသုံးချတတ်ရင် အား ပဲ။

ဒီ မောင်တောသားမွတ်စလင် ၂ သန်းကို အသုံးချနိုင်တဲ့ Man Power ၂ သန်း ဖြစ်အောင် လုပ်ရမှာပါ။

ခေတ်သစ်နိုင်ငံတော်တွေဟာ လူ ကို အခြေခံတယ်။ တရားမျှတမှု ကို အခြေခံတယ်။ အဲဒီလို အခြေခံနိုင်ဖို့ ပညာရေးကောင်း လိုတယ။်

ဘာသာရေးကို အခြေခံ၊ လူမျိုးနွယ်ကို အခြေခံနေတဲ့ တိုင်းနိုင်ငံတွေ ထူထောင်ဖို့ အားထုတ်နေသရွေ့ ကမ္ဘာငြိမ်းချမ်းမှာ မဟုတ်ပါ။

ချိုတူးဇော်

https://m.facebook.com/story.php?story_fbid=1854519721526888&id=100009066359698

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ " ပညာမတတ်ကြလို့ ဖြစ်နေရတဲ့ ပြသနာ"”

Post a Comment

Related Posts Plugin for WordPress, Blogger...