Friday, October 20, 2017

နာဂစ် ထက်ဆိုးတဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှု့

,
သမ္မတကြီး အထက်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေတာကို ကျနော် ဘာသာပြန်ပေးစရာမလိုတော့၊ ကိုယ်တိုင်ပြောထားတာကို သတိရကြအောင်သာ ကိုးကားသုံးစွဲခြင်းဖြစ်သည်။ ဗမာပြည်မှာ သမ္မတဆိုတာ စာချောက်ရုပ်ထက် မပို၊ ပြည်သူ ပြည်သားတွေက သမ္မတ သေလား၊ ရှင်လားလည်း စိတ်မ၀င်စားကြ၊ နောက်ဆုံး ဘန်ကောက်မှာ အူလမ်းကြောင်း ရောဂါဖြစ်တယ် ပြောတာတောင် စစ်တပ်က ဘာလုပ်လိုက်လို့လည်း ဆိုပြီး လူထုက ပြုံးစိစိ။
-
ဗမာပြည်မှာ စစ်တပ်က လူမျိုးတုန်း သတ်ဖြတ်မှု့ များစွာ လုပ်ခဲ့သည်။ ပထမဆုံး တိုင်းရင်းသားတွေကို လုပ်သည်။ တိုင်းရင်းသားတွေ မွေးရပ်မြေက ထွက်ပြေးအောင် နှိပ်စက်သည်၊ ရွာကို မီးရှို့သည်၊ ယောင်္ကျားကို သတ်သည်၊ မိန်းမကို မုဒိန်းကျင့်သည်၊ နွားကို ဟင်းလုပ်သည်၊ ထွန်တုံးကို မီးမွှေးသည်။ ကလေးဆိုရင် နှစ်ခါ သတ်သည်၊ ၃ ပိုင်း ပိုင်းသည်။ ဒါတွေက စစ်တပ် တိုင်းရင်းသားတွေ ရွာဝင်လာတာနဲ့ ယောင်္ကျားဆို သတ်၊ မိန်းမဆို ထပ်၊ နွားကို ဟင်းစား၊ ထွန်တုံးနဲ့ မီးမွှေးထားဆိုသည့် စစ်တပ်၏ ဆောင်ပုဒ်ဖြစ်သည်။ ဒီနေ့ ကမ္ဘာအနှံ့အပြားမှာ ရောက်နေတဲ့ တိုင်းရင်းသားအများစုဟာ ဒုက္ခသည်အနေဖြင့် ချစ်လှစွာသော ဗမာပြည်ကို စွန့်ခွာပြီး ဘ၀အတွက် နိုင်ငံရပ်ခြားမှာ ရပ်တည်နေကြသူများ ဖြစ်ကြသည်။
-
ပြည်သူအများ မှတ်မိကြအုံးမည်၊ စစ်တပ်က အာဏာအတွက်ဆိုရင် နာဂစ်လို လူသောင်းချီ သေ၊ လူသိန်းချီ ဒုက္ခရောက်တာတောင် နိုင်ငံတကာအကူအညီတွေ မပေးရ၊ မယူဘူးဆိုပြီး ငြင်းပယ်ခဲ့သည့် သက်သေတွေ၊ အထောက်အထားတွေ အများကြီး။ ဒီအကြောင်းတွေ ပြန်ပြောရတာက စစ်တပ်ဆိုတာ ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာတောင် ဆင်းရဲဒုက္ခရောက်တာ၊ အာဏာကို မထိပါးတဲ့ ပြည်သူတွေကို ဘယ်လို သတ်ဖြတ်သလည်း၊ ဘယ်လို အငတ်ထားလည်း သိကြဖို့ ဖြစ်သည်။ အခုအချိန်ထိလည်း နာဂစ်မှာ ဒုက္ခရောက်တဲ့သူတွေကို အစိုးရက ဘာမှ လောက်လောက်လားလား အကူအညီပေးခဲ့တာ မရှိ။ အခုအချိန်ထိ ဧရာဝတီတိုင်းက ရွာကလေးတွေမှာ ဒုက္ခရောက်နေဆဲ။ လူငယ်တွေ ရွာမှာ မရှိကြ။ အလုပ်အကိုင်က ရှားပါး၊ အစိုးရက မကူညီနဲ့ လူရောင်းစားတဲ့သူတွေ ၊ လူမှောင်ခိုဈေးကွက်တွေ ဧရာဝတီတိုင်းမှာ အများကြီး။
-
နာဂစ် မဖြစ်ခင်ကတည်းက ရခိုင်ဒေသက ရိုဟင်ဂျာတွေကို စစ်တပ်က အနိုင်ကျင့် သတ်ဖြတ်၊ မုဒိန်းကျင့် သားတကွဲ၊ မိဘတကွဲ လုပ်ထားပြီး ကျွန်သာသာ ဆက်ဆံနေတာတွေကို မပြောချင်မှ အဆုံး၊ ဒါတွေကလည်း သက်သေ အထောက်အထားတွေ အပြည့်။ စစ်တပ် အုပ်ချုပ်နေတော့ ရိုဟင်ဂျာတွေက ထွက်ပြေးရင်း ဒါမှမဟုတ် စစ်တပ်နဲ့ အရပ်သား အာဏာပိုင်တွေကို ငွေကြေးပေးပြီး ဒေသတွေထဲက ထွက်ပြေးနေရသည်။ ဒီလိုနဲ့ နောက်ဆုံး ငွေမပေးနိုင်တဲ့သူတွေက လှေစီးပြေးရင်းနဲ့ ရိုဟင်ဂျာ သို့မဟုတ် လှေစီးဒုက္ခသည်ဆိုပြီး ကမ္ဘာ့လူသားတွေက သတိထားမိလာကြသည်။ တကယ်တန်းက ရိုဟင်ဂျာတွေကို လူကုန်ကူးတာ စစ်တပ် နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေများသာ။
-
နောက်ဆုံး ဘာသာရေးနဲ့ လူမျိုးရေးအဓိကရုဏ်းတွေ ဖမ်းဆီးလာတဲ့အခါမှာ ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာဝင် တော်တော်များများရဲ့ အလိုလို နေရင်း မုန်းတီးခြင်းကို ခံရတဲ့သူတွေဖြစ်လာတယ်။ ဗုဒ္ဒဘာသာဝင် အများစု လို့ ပြောတဲ့အခါမှာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ တော်တော်များများပါဝင်ပါတယ်။ အထူးသဖြင့် ထင်ရှားလှတာကတော့ ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ရခိုင်အမျိုးသားပါတီ ဖြစ်ပါတယ်။ ထိုသူတွေဟာ ရခိုင်ပြည်မှာ ရိုဟင်ဂျာတင် မကဘူး၊ ဗမာလည်း မကြိုက်သလို၊ ဘယ်တိုင်းရင်းသားမှ အခြေချတာကို မကြိုက်တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ တရုတ်က လွှဲရင်ပေါ့လေ။ စစ်တပ်ကို အဖေခေါ်တာက အမျိုးတော်လို့လည်း ပါမှာပေါ့။ ဘယ်တော့မှ ရခိုင်တိုင်းရင်းသားပါတီဟာ စစ်တပ်နဲ့ အတိုက်အခံ မလုပ်တဲ့အပြင်
-
ရခိုင်အမျိုးသားပါတီက စစ်တပ်နဲ့ ပေါင်းပြီး ရခိုင်ပြည်မှာ လူမျိုးရေးသုတ်သင်မှု့တွေကို ဦးဆောင်လုပ်ခဲ့ပါတယ်။ ဒေါက်တာ အေးမောင် ခေါင်းဆောင် တဲ့ ရခိုင်အမျိုးသားပါတီဟာ စစ်တပ်ကို ပင့်ဖိတ်ခဲ့သူတွေပါ။ အစိုးရသစ်ကို ကျော်ပြီး မင်းအောင်လှိုင်နဲ့ တိုက်ရိုက်တွေ့ကာ ဗမာပြည်ကို နိုင်ငံတကာမှာ ရစရာ မရှိအောင် လုပ်ခဲ့တဲ့သူတွေပါ။ စစ်တပ်က တရားခံဆိုရင်၊ ရခိုင်အမျိုးသားပါတီဟာ စစ်တပ်ရဲ့ စကားပြန်တင်မကဘူး၊ လမ်းပြတွေ ဖြစ်ပါတယ်။ ဗမာပြည်သူတွေဟာ စစ်တပ်ကို ချေမှုန်းနိုင်တောင် ၊ ရခိုင်အမျိုးသားပါတီကို မွေးထားလို့ မရဘူးဆိုတာကို သေသေချာချာ သိဖို့ လိုအပ်ပါတယ်။ ရခိုင်အမျိုးသားပါတီလို့ ပြောတဲ့အခါမှာ ခေါင်းဆောင်ပိုင်းနဲ့ ရခိုင်တိုင်းရင်းသား ရိုးရိုးသားသားတွေကို ခွဲခြားဖို့တော့ လိုပါလိမ့်မယ်။ စစ်တွေက ကျောင်းဆရာဟောင်း ဦးသန်းထွန်းဟာ အာဏာမယူထားပေမဲ့ ကြောက်စရာအကောင်းဆုံးသော တိုင်းရင်းသားတွေရဲ့ ရန်သူဖြစ်တယ်ဆိုတာကို မေ့လို့ မရပါဘူး။ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေက အလံသိမ်းတာကို အောက်ခံဘောင်းဘီထဲ သာသနာအလံကို ထည့်ယူတယ်ဆိုပြီး လူထုကိုလည်း ညာ၊ မီဒီယာမှာ ပြောခဲ့တာဟာ ဦးသန်းထွန်း ဖြစ်ပါတယ်။ ကမန်တွေကို မျိုးတုန်းသတ်ဖြတ်ဖို့အထိ ပြောခဲ့တာလည်း ဦးသန်းထွန်းပါပဲ။ ဒါတွေကို အများမေ့ရင်တောင် ကျနော်ကတော့ မမေ့ပါဘူး။
-
အခု ရိုဟင်ဂျာအရေးဖြစ်တယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စစ်တပ်က တရားလွန်မလုပ်ပါဘူးလို့ တရားဝင်ပြောပါတယ်။ နိုင်ငံတကာကို ၀င်ခွင့်မပေးတာ NLD ပါတီပါ၊ လွှတ်တော်ကြီးမှာ တရားဝင်ကို ဆန့်ကျင်ကြတာပါ။ နောက်တဖွဲ့ ရှိပါသေးတယ်။ ဒါကတော့ ၈၈ ပွင့်လင်းမျိုးဆက်ပါ။ ကျမတို့ကိုယ်တိုင် ရခိုင်ပြည်နယ်ကို ရောက်ပါတယ် စစ်တပ်က ဘာမှ မလုပ်ပါဘူးလို့ မမီးမီး ကိုယ်တိုင် ပြောခဲ့ပါတယ်။ ၈၈ မျိုးဆက်ကနေ အကြမ်းဖက်မှု့တိုက်ဖျက်တာ မှန်တယ်၊ စစ်တပ်က လုပ်တာကို ထောက်ခံရမယ်ဆိုတာကိုပါ တရားဝင် ပြောခဲ့ပါတယ်။ နောက်ပိုင်းတော့ ပုဂ္ဂလိက တယောက်ချင်းတွေက အောင်ဆန်းစုကြည်နဲ့ ရပ်တည် ပါတယ်ဆိုပြီး စစ်တပ်က လူသတ် မုဒိန်းကျင့်တာတွေ၊ ဗမာပြည်သား ရိုဟင်ဂျာတွေကို မောင်းထုတ်တာကို ထောက်ခံခဲ့ကြတာတွေ အခုနောက်ပိုင်းမှာတော့ ဗမာပြည်မှာတင် မကပါဘူး၊ နိုင်ငံတကာက ဗုဒ္ဓဘာသာအသိုင်းအ၀န်း အားလုံးနီးပါးက ပြုလုပ်လာကြပါတယ်။
-
နိုင်ငံတကာက သတ်မှတ်တာက အာဆာ အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့ မဟုတ်ပါဘူး။ မခံနိုင်လွန်းလို့ အစိုးရယန္တရားကို တိုက်ခိုက်တဲ့ သူပုန်အဖွဲ့သာ ဖြစ်ပါတယ်။ တကယ်လို့ အကြမ်းဖက် အဖွဲ့သာ ဖြစ်မယ်ဆိုရင် အကြမ်းဖက် အဖွဲ့တွေ ဘာလုပ်တယ်ဆိုတာကို အစိုးရသစ်ပဲဖြစ်ဖြစ်၊ အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ စစ်တပ်ပဲ ဖြစ်ဖြစ် ပြကို ပြရဲရမှာပါ၊ အစစ်ဆေး ခံကို ခံရဲရမှာပါ။
-
လူသတ်ပြီးတော့ ငါတို့က ဗုဒ္ဓဘာသာတွေဆိုတဲ့ ဘာသာေ၇းနဲ့ သင်္ကန်းခြုံပြီး အတင်းငြင်းလို့ မရပါဘူး။ ဒီလို ငြင်းနေတာကိုလည်း ဘာသာရေးခေါင်းဆောင်တွေက နုတ်ပိတ် မနေသင့်ပါဘူး။
-
နာဂစ်လို ကပ်ဆိုး ကြုံတဲ့အချိန်မှာ ကိုယ့်ပြည်သူ ကိုယ်နိုင်ငံသားအစစ်ကြီးတွေကို အကာအကွယ်မပေးတဲ့ စစ်တပ်ကို ဆက်ပြီး ထောက်ခံနေမယ်ဆိုရင်တော့
-
ခင်ဗျားဟာ အောင်ဆန်းစုကြည်နဲ့ ရပ်တည်ပြီး ဗမာပြည်ကို ဖျက်ဆီးတဲ့သူတယောက်အဖြစ် သမိုင်းက မှတ်တမ်းပြုစုထားမှာ သေချာပါတယ်။ ဒါနဲ့ ရိုဟင်ဂျာအရေးက ငါနဲ့ မဆိုင်ဘူးဆိုပေမဲ့ လမ်းပိတ်ပြီး ဆုတောင်းပွဲတွေ လုပ်နေတော့ ခင်ဗျားလည်း အနဲနဲ့ အများတော့ ဒုက္ခရောက်မှာ ကျိန်းသေပါတယ်။

https://m.facebook.com/story.php?story_fbid=380463812407266&id=100013309512348

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နာဂစ် ထက်ဆိုးတဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှု့”

Post a Comment

Related Posts Plugin for WordPress, Blogger...