Tuesday, October 31, 2017

ရခိုင်မှာ ကျပ်သိန်းပေါင်း တစ်သောင်းလှူပြီး ရန်ကုန်မှာ ကျပ်သိန်းပေါင်း ငါးသောင်းပြန်ယူသွားတဲ့ ခရိုနီ (ဂိုလ်ရှယ်လေး)

,
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုတွင် လယ်သမားများနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေအား တရားရုံးအမိန့်ဖြင့် ဇေကမ္ဘာ ကုမ္ပဏီက ခြံစည်းရိုးခတ်သည့် ဖြစ်စဉ် ယနေ့ (၃၀.၁၀.၂၀၁၇) ဖြစ်ပွားခဲ့ပါသည်။

၁။ ယင်းကိစ္စ မတင်ပြမီ မြန်မာနိုင်ငံ၏ လယ်ယာမြေ ပိုင်ဆိုင်မှု ပြဿနာ ဖြေရှင်းသည့် နည်းလမ်းများ သမိုင်းအား အနည်းငယ်ရှင်းလင်း လိုပါသည်။

- ဗြိတိသျှတို့ လက်ထက်တွင် နိုင်ငံခြားသားများက မြန်မာ တောင်သူများထံမှ လယ်မြေများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော တရားရုံးများ၏ စီရင်ချက်များဖြင့် သိမ်းယူမှုများ ဖြစ်ပွားခဲ့သည်။

မြန်မာများ ရင်းနှီးကျွမ်းဝင်သော ဗီဒီယိုဇာတ်ကားများတွင် ချစ်တီးကုလားများက လယ်မြေများကို သိမ်းယူရန် ပုလိပ်များဖြင့် လာရောက်သည့် ဇာတ်ဝင်ခန်းမျိုး ဖြစ်သည်။

- လွတ်လပ်ရေးရပြီးနောက် တောင်သူများကို ကာကွယ်ရန် (၁၉၅၃) တွင် လယ်မြေများကို ဥပဒေဖြင့် နိုင်ငံပိုင် ပြုလုပ်ခဲ့သည်။

ရည်ရွယ်ချက်မှာ လယ်မြေများကို (အင်္ဂလိပ်တို့ အုပ်ချုပ်စဉ်က ကဲ့သို့) တရားရုံးများမှ အမိန့် ဒီကရီများဖြင့် သိမ်းယူခြင်းမှ တားဆီးရန်ဖြစ်သည်။

ယင်းဥပဒေအရ တရားရုံးများသည် လယ်မြေကို စီရင်ခွင့် အာဏာမရှိပါ။ (ပုဒ်မ ၃၆၊ ပုဒ်မ ၃၇)

- တော်လှန်ရေးကောင်စီ လက်ထက်တွင် (၁၉၆၃) တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေကို ပြဌန်းကာ ယင်းဥပဒေ အရ လယ်ယာမြေ အပြင် လယ်ယာသုံး ပစ္စည်းများသည် တရားရုံး၏ ၀ရမ်းကပ်ခြင်း၊ သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

- မျက်မှောက်ခေတ် လွှတ်တော်များ ပေါ်ပေါက်လာပြီးနောက် (၂၀၁၂) ခုနှစ်တွင် လယ်ယာမြေ ဥပေဒကို ပြဌန်းကာ မြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှုများအား "လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များ" ကသာ စီမံ ဆောင်ရွက်ခွင့် ရှိပြီး မည်သူ၊ မည်ဝါ လယ်မြေပိုင်သည်ကို တရားရုံးများက စစ်ဆေး စီရင်ခွင့် မပြုပါ။ (ပုဒ်မ ၁၇)

- ယင်း "လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များ"တွင် အချို့ မြေသိမ်းယူခဲ့ကြသူ အုပ်ချုပ်ရေးများက များစွာ လွှမ်းမိုးနေသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွင် "လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံ ရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ" အဆင့်ဆင့်ကို ဖွဲ့စည်းကာ လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားမှုများအား ဖြေရှင်းရန် တရားဝင် တာဝန်ပေးအပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ် လယ်/စစ် ကော်မတီတွင် ကျွန်တော် ဦးအောင်လှိုင်ဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ပါဝင်၍ လယ်သိမ်းဆည်းခံ၊ ပိုင်ဆိုင်မှု အငြင်းပွားမှုများအား စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

၂။ ယနေ့ ဖြစ်ပွားသော လယ်သမား ဦးကံထွန်းနှင့် (အစိုးရမြေအား မြေငှားဂရန်ဖြင့် လုပ်ပိုင်ခွင့်ရ) ဇေကမ္ဘာ ကုမ္ပဏီတို့၏ မြေပိုင်ဆိုင်မှု အငြင်းပွားသည့် အမှုသည် "လယ်မြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီ" ၏ လုပ်ပိုင်ခွင့် ဖြစ်ပါသည်။

တရားရုံး၏ အမိန့်ဖြင့် ဖြေရှင်းရမည့် ကိစ္စမဟုတ်ပါ။ တရားရုံးများကို သိမ်းဆည်းခံ လယ်ယာမြေ အငြင်းပွားမှုများအား ဖြေရှင်းခွင့် အာဏာ အပ်နှင်းထားခြင်း မရှိပါ။

လယ်သမား ဦးကံထွန်း ကိုယ်တိုင်လည်း လယ်မြေ အသိမ်းခံရမှုအား တရားဝင် တိုင်တန်းထားသဖြင့် စိစစ် ဆောင်ရွက်ဆဲဖြစ်သည်။

ယင်းသို့ လယ်ယာမြေ အသိမ်းအဆည်း ခံရမှုများအား တရားဝင် လုပ်ပိုင်ခွင့် ရှိသည့် ကော်မတီ အဆင့်ဆင့်က စိစစ် ဆောင်ရွက်နေစဉ် အတွင်း လက်ဦးမှု ရယူကာ လယ်မြေအား လက်ရောက် သိမ်းပိုက်ခြင်းသည် နိုင်ငံတော်၏ လက်ရှိ မြေမူဝါဒများနှင့် ဆန့်ကျင်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စိစစ်ရာတွင် အခြေခံမည့် မူဝါဒများမှာ

- သိမ်းထားသည့် မြေကို လုပ်ပိုင်ခွင့် ရရှိသည့် အဖွဲ့အစည်း ကုမ္ပဏီ (ယခု ကိစ္စတွင် ဇေကမ္ဘာ ကုမ္ပဏီ) သည် သတ်မှတ်ကာလ အတွင်း အဆိုပါမြေတွင် စီမံကိန်း ဆောင်ရွက်ခြင်း ရှိ/မရှိ

- သိမ်းယူစဉ်က လယ်သမားအား လျော်ကြေးငွေ ပေး/မပေး

- သိမ်းယူထားသည့် ဌာနသည် စီမံကိန်းအတွက် လိုအပ်သည်ထက် ပိုမို သိမ်းယူထားခြင်း ရှိ/မရှိ

စသည်တို့ကို စိစစ်ကာ မူလ မြေပိုင်ရှင်အား မြေပြန်လည် ပေးအပ်နိုင်သည့် အခြေအနေရှိပါက ပြန်လည် ပေးအပ်မည် ဖြစ်သည်။

သို့သော် ယနေ့ ကိစ္စတွင် ခရိုင်တရားရုံး၏ အမိန့်ရသည် ဆိုကာ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များသာ မက တရားဝင် မဟုတ်သော၊ တာဝန်မရှိသော အရပ်သား နေ့စား အင်္ကျီနီဝတ်များဖြင့် အငြင်းပွား မြေအား လက်ရောက် ရယူရန်ကြိုးပမ်းမှုသည် နိုင်ငံတော်၏ မြေပြန်လည် စွန့်လွှတ်ရေး မူဝါဒများနှင့် ဆန့်ကျင်သည့် လုပ်ဆောင်ချက် ဖြစ်သည်။

၃။ သို့ဖြစ်ပါ၍ ယနေ့ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးတွင် ဖြစ်ပွားခဲ့သော (တရားရုံးက စီရင်ခွင့် မရှိသော သိမ်းဆည်းခံ မြေအငြင်းပွားမှု ပြဿနာအား) တရားရုံး၏ စာရွက်စာတမ်းများကို ကိုးကားပြုကာ အင်အား အလွန်အကျွံသုံး ဆောင်ရွက်ခဲ့သည့် အပြင် ပြည်သူများ၏ အိုးအိမ် နေအိမ်များကို ဖျက်ဆီးသည့် လုပ်ရပ်သည် မတရားသည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် နစ်နာခဲ့သူ ပြည်သူများအား လိုအပ်သလို ဆက်လက် ကူညီပေးသွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ဦးအောင်လှိုင်ဝင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာဒုံမဲဆန္ဒနယ်

https://m.facebook.com/story.php?story_fbid=1871558129525078&id=100000127263276

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်မှာ ကျပ်သိန်းပေါင်း တစ်သောင်းလှူပြီး ရန်ကုန်မှာ ကျပ်သိန်းပေါင်း ငါးသောင်းပြန်ယူသွားတဲ့ ခရိုနီ (ဂိုလ်ရှယ်လေး)”

Post a Comment

Related Posts Plugin for WordPress, Blogger...