Monday, October 23, 2017

ဝန်ကြီးဌာနနှစ်ရပ်၊ ကော်မတီ(၁၆)ရပ် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ( ဒေါက်တာရန်မျိုးသိမ်း)

,
ဝန်နှင့်အား မြားနှင့်လေးဆိုသည့်စကားပုံကို အမှတ်ရမိသည်။ ဝန်နှင့်အား လိုက်လျောညီထွေ၊ ဟန်ချက်ညီနေမည်ဆိုလျှင် ထိရောက်အလုပ်ဖြစ်နေ မည်ဖြစ်သည်။ ဝန်နှင့်အားမမျှလျှင်၊ ဟန်ချက်မညီလျှင် ပုံပန်းမကျ၊ လေးလံထိုင်းမှိုင်းနေမည်ဖြစ်သည်။ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးတွင် တာဝန်နှင့်လုပ် ပိုင်ခွင့်သည်ထပ်တူနီးပါးကျရန်လိုအပ်သကဲ့သို့ စနစ်တကျခွဲဝေသတ်မှတ်နိုင်ရန်အရေးကြီးသည်။ သို့မှသာ အစိုးရမင်းတို့သည် ဝန်ထုပ်ဝန်ပိုးများပြေ လျော့ကာ၊ သွက်လက်ထက်မြက်ခြင်းနှင့်အတူ ကောင်းမွန်ပြီး၊ စွမ်းဆောင်ရည်မြင့်မားသောအစိုးရအဖြစ် တန်းဝင်လာမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီ၏ဥက္ကဋ္ဌတာဝန်ကိုရယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးအပြင် ကော်မတီ(၁၀)ရပ်ကျော်တွင် တာဝန်ယူထားရသဖြင့် နိုင်ငံ့အရေးဝန်ထုပ်ဝန်ပိုးများနှင့်ပိနေပြီလားဟု စိုးရိမ်ကြောင့်ကြသံများ၊ မေးခွန်း များ ဆူညံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မနိုင်ဝန်ထမ်းမိပြီး၊ ဗြူရိုကရေစီဆန်လွန်းသည့်ယန္တရား နှင့် ကြိုးနီစနစ်ကို အားပေးမိသွားမည်ကို လည်း မလိုလားကြပေ။ ကြိုးနီစနစ်ဆန်လွန်းမည်၊ ဗြူရိုကရေစီဆန်လွန်းမည်ဆိုလျှင် ဒီမိုကရေစီအပြောင်းအလဲနှင့်ဟန်ချက်လွဲမည့်အရေးကိုပို၍ စိုးရိမ်ခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီစပ်ကူးမတ်ကူးကာလတွင် စိန်ခေါ်မှုများ၊ အကျပ်အတည်းများ၊ ပြဿနာများက ဒုနှင့်ဒေးပင်ဖြစ်သည်။ ဦးစားပေးအဆင့် သတ်မှတ်နိုင်ရန်အရေးကြီးသကဲ့သို့၊ ဗျူဟာမြောက် စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ရန် သော့ချက်ကျသည်။ ပြဿနာတိုင်း၊ အကျပ်အတည်းတိုင်းနှင့် ဆက်စပ်သောကော်မတီတိုင်းတွင် လူလုံးထွက်ပြနေခြင်းသည် လျော်ကန်လက်တွေ့ကျသောချဉ်းကပ်မှုဖြစ်ပါ့မလား အနုလုံပဋိလုံဆန်းစစ်သင့်သည်။ ကော်မတီတွင် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို စနစ်တကျ ပိုင်းခြားသတ်မှတ်နိုင်ရန် ပဓာနကျသည့်နည်းတူ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ၏အမြင်သဘောထားကို အလေးအနက်နားစွင့်နိုင်ရန် အရေးကြီးမည်ဖြစ်သည်။ နိုင်ငံရပ်ခြားပညာရှင်များ နှင့် ကျွမ်းကျင်သူများ၏ အကြံဥာဏ်များ၊ အသံဗလံများသည် အဆီတဝင်းဝင်းဖြစ်သကဲ့သို့ ပြည်တွင်းပြဿနာများ၊ အကျပ်အတည်းများကို ချဉ်းကပ်အဖြေရှာရာတွင် ပြည်တွင်းပညာရှင်များ၊ ကျွမ်းကျင်သူများ၏အကြံဥာဏ်များ၊ အသံဗလံများသည်လည်း နိုင်ငံရေးဗီတာမင်များပင်ဖြစ်သည်ကို မမေ့မလျော့အပ်ပေ။

ပြဿနာများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများ အလွန်အမင်းများပြားနေခြင်းသည် စိုးရိမ်ရေမှတ်အထက်တွင် ရောက်ရှိနေခြင်းမဟုတ် ပေ။ အဆိုပါပြဿနာများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို ခရေစေ့တွင်းကျဆန်းစစ်သုံးသပ်၊ အစီအမံများကို အမြော်အမြင်ရှိရှိခင်းကျင်း၍ ထိထိရောက်ရောက်ဖော်ဆောင်နိုင်ပြီး၊ လုပ်ဆောင်မှုများအပေါ် အားနည်းချက်၊ အားသာချက်၊ ဟာကွက်များဟု ပိုင်းခြား၊ ထုတ်ဖော်သုံးသပ်၊ တွေ့ရှိချက်များနှင့်အညီ ပြုပြင်ပြောင်းလဲစသည့်ခြေလှမ်းများစွာ ဟန်ချက်ညီညီရုပ်လုံးပေါ်လာပြီဆိုလျှင်  အခြေအနေသည် စိုးရိမ်ရေမှတ်အောက် မလွဲမသွေ ရောက်ရမည်သာဖြစ်သည်။ စနစ်တကျစီမံခန့်ခွဲနိုင်သည့်ယန္တရားရှိနေမည်ဆိုလျှင် ပြဿနာနှင့်စိန်ခေါ်ချက်တို့ မည်၍မည်မျှများပြား သည်ဖြစ်စေ၊ စိုးရိမ်ဖွယ်ရာမရှိဟုယေဘုယျကောက်ချက်ပြုနိုင်သည်။

၂၀၁၅ ခုနှစ်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ဝင်ရောက်အရွေးခံမည့်ကိစ္စကို အလေးအနက်သုံးသပ်စဉ်းစားသင့်ကြောင်း နှင့် ဒီချုပ်ပါတီဥက္ကဋ္ဌအဖြစ်ရပ်တည်သင့်ကြောင်း တိုက်တွန်းရေးသား ခဲ့သည်။ မြန်မာ့ဒီမိုကရေစီစပ်ကူးမတ်ကူးတွင် ပါတီတည်ဆောက်ရေးသည် သော့ချက်ကျပြီး၊ နှစ်ပေါင်းငါးဆယ်ကျော်ရိုက်ချိုးခံခဲ့ရသည့် နိုင်ငံရေးပါတီ အပါအဝင်အင်စတီကျူးရှင်းများ အားကောင်းမောင်းသန်ရေးနှင့်ဆက်စပ်၍ နိုင်ငံရေးအုတ်မြစ်ခိုင်ခံ့ဖို့ အရေးကြီးသည့်အလျောက်၊ အိန္ဒိယကွန်ဂရက်ပါ တီဥက္ကဋ္ဌဆိုနီယာဂန္ဒီကဲ့သို့ ရွေးကောက်ပွဲမဝင်၊ ပါတီနိုင်ငံရေးထဲဇာတ်မြုပ်စေလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်သင့်ကြောင်း တိုက်တွန်းဆော်ဩခဲ့မိသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု၊ စိတ်ဝင်စားမှု၊ အလေးထားမှုစသည့်အရှိန်အဟုန်များနှင့်အတူ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲသည် နိုင်ငံတကာအသိုင်းအဝိုင်း၏အာရုံစိုက်မှုကို မြင့်မြင့်မားမားရရှိခဲ့သည်။ သံသယများ၊ စိုးရိမ်မှုများ၊ မရေရာမသေချာမှု များနှင့်အတူ ချီတုံချတုံဖြတ်သန်းမှုများအလွန်၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ဒုတိယမ္ပိတောင်ပြိုကမ်းပြို အောင်ပွဲခံခဲ့ပြန်သည်။ ရွေးကောက်ပွဲအလွန်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်နိုင်ငံရေးထဲဆက်နေပြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူသင့်ကြောင်း ထပ်မံတိုက်တွန်း၊ အကြံပြုခဲ့သည်။

လွှတ်တော်နိုင်ငံရေးထက် အစိုးရအဖွဲ့ထဲသွားဖို့သာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စိတ်စောနေခဲ့ပုံရသည်။ လွှတ်တော်ဥက္ကဋ္ဌအနေ ဖြင့် ပါတီဥက္ကဋ္ဌတာဝန်ကို စွန့်လွှတ်ရန် မလိုအပ်သည့်အပြင်၊ ပါတီတည်ဆောက်ရေးကို နိုင်ငံရေးအပြောင်းအလဲနှင့်ဟန်ချက်ညီညီ ဖော်ဆောင် နိုင်မည်ဖြစ်ပြီး၊ အစိုးရ၏စွမ်းဆောင်ရည်ကိုလည်း စောင့်ကြည့်၊ လေ့လာ၊ ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာနေခဲ့မည်ဆိုလျှင် အစိုးရ၊ လွှတ်တော် နှင့် ဒီချုပ်အပါအဝင်နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍ စနစ်တကျ၊ ဗျူဟာမြောက် စောင့်ကြည့်၊ ထိန်းကျောင်း၊ တည့်မတ်နိုင်မည်ဖြစ်ပြီး၊ ပါတီများတည်ဆောက်ရေးအားကောင်းဖို့လည်း ကျားကန်နိုင်မည်ဖြစ်သည့် အလျောက် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်သည် အစိုးရဖွဲ့စည်းသောအခါ ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးဌာနလေးခုကိုတာဝန်ယူမည့်ဝန်ကြီးဖြစ်လာခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နိုင်ငံရေးကိုလည်းမရွေးချယ်၊ ပါတီတည်ဆောက်ရေးကို လည်း ဘေးဖယ်၍ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် အစိုးရထဲကို စိတ်ပိုင်းဖြတ်ကာ ဆိုက်ဆိုက်မြိုက်မြိုက်ခြေချခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ(၃၀)ရက် နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၌ အဖွဲ့ဝင်ဖြစ်လာသည်။ ၂၀၁၆ ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး နှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့်အပြင်၊ ကော်မတီ(၁၁)ရပ်တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကော်မတီတစ် ရပ်တွင်တွဲဖက်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကော်မတီနှစ်ရပ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကော်မတီနှစ်ရပ်တွင်အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ယူထားသည်ကို တွေ့ရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပြင်၊ ဝန်ကြီးဌာန(၂)ခု နှင့် ကော်မတီ(၁၆)ခု တွင် တာဝန်ထမ်းဆောင်လျက်ရှိနေသည်ဟုသုံးသပ်နိုင်သည်။

ဝန်နှင့်အားမမျှမည်ကို စိုးရိမ်မိသည်။ အစိုးရယန္တရားကြီး လေးလံထိုင်းမှိုင်းသွားမည်ကို ပူပန်မိသည်။ ဗဟိုဦးစီးစနစ်သဘောကဲလာနိုင် သည်ကို ကြောင့်ကြမိသည်။ သူ့အိုးနှင့်သူ့ဆန်တော်ရုံ၊ တန်ရုံသည် အကောင်းဆုံးပင်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအပါအဝင် ကော်မတီအချို့တွင် ပါဝင်နေမှုများကို ပြန်လည်သုံးသပ်ဆန်းစစ်သင့် သည်။ လျော့သင့်သည်ကိုလျော့ရမည်ဖြစ်ပြီး၊ လွှဲပြောင်းတာဝန်ပေးသင့်သည်ကို လွှဲပြောင်းတာဝန်ပေးရန် လက်မတွန့်သင့်ပေ။ အသက်အရွယ်၊ ကျန်းမာရေးနှင့်အံဝင်ခွင်ကျဖြစ်ပြီး၊ အကောင်းဆုံးစွမ်းဆောင်နိုင်မည့်တာဝန်များမှတစ်ပါး၊ အခြားတာဝန်များကို လွှဲပြောင်းပေးလာနိုင်မည်ဆိုလျှင် ပို၍သာလွန်ကောင်းမွန်နိုင်ဖွယ်ရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီးပွားရေးရာကော်မတီ (၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်ဖွဲ့စည်း)၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် (၂၀၁၆ ခုနှစ် မေလ ၄ ရက်ဖွဲ့စည်း)၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော် မတီ (၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်ဖွဲ့စည်း)၊ မြန်မာနိုင်ငံတွင်နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှုကော်မတီ (၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၅ ရက်ဖွဲ့စည်း)၊ ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းများကိုမြန်မာနိုင်ငံသားအဖြစ်သတ်မှတ်ရေးအတွက်စိစစ်ရေးအဖွဲ့ (၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်ဖွဲ့စည်း) နှင့် မြန်မာနိုင်ငံပိုင်ဂြိုလ်တုစနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီ(၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ဖွဲ့စည်း)တို့တွင်ပါဝင်နေမှုကို ပြန်လည်သုံးသပ်ပြီး၊ စနစ်တကျလွှဲပြောင်းတာဝန်ပေးလာနိုင်မည်ဆိုလျှင် ဝန်ထုပ်ဝန်ပိုးကို အတန်အသင့် ပြေလျော့စေနိုင်ဖွယ်ရှိသည်။

အချုပ်ဆိုရသော် ဝန်ကြီးဌာန(၂)ရပ်၊ ကော်မတီ(၁၆)ရပ် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အလွန်ကြည့်ရဆိုးသောမြင်ကွင်းဟု ထင်မြင်မိသည်။ ထိလွယ်ရှလွယ်၊ သိမ်မွေ့လွန်းသော စိန်ခေါ်မှုများနှင့်အကျပ်အတည်းများအကြား အစိုးရသည် အားကောင်းမောင်းသန်မှသာ အုပ်ချုပ်ရေးယန္တရားသည်လည်း ထိရောက်တွင်ကျယ်မည်ဖြစ်သည်။ ဝန်နှင့်အားမျှတသောပတ်ဝန်းကျင်သည်သာ ဆန်းသစ်သော၊ မတူခြားနားသော အမြင်သဘောထားများ၊ သုံးသပ်ချက်များ နှင့် နည်းနာဗျူဟာများကို မွေးဖွားပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အုပ်ချုပ်ရေးယန္တရားနှင့်ဆက်စပ်သောဝန်ထုပ်ဝန်ပိုးများကို ပြန်လည်သုံးသပ်၊ လျော့ချပြီး၊ ဝန်နှင့်အား မြားနှင့်လေးဖြစ်ဖြစ်ရပ်တည်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။


- ဒေါက်တာရန်မျိုးသိမ်း

၂၀၊ အောက်တိုဘာလ၊ ၂၀၁၇

Photo - Credit
Via-Kyaw Naing Win

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၀န်ကြီးဌာနနှစ်ရပ်၊ ကော်မတီ(၁၆)ရပ် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ( ဒေါက်တာရန်မျိုးသိမ်း)”

Post a Comment

Related Posts Plugin for WordPress, Blogger...