Tuesday, October 31, 2017

အောင်နိုင်စိုးအဖမ်းခံရတဲ့ကိစ္စမှာ_စာနယ်ဇင်းအဖွဲ့အစည်းတွေဘာလို့_နှုတ်ဆိတ်နေသလဲ

,
Posted By: Chit Swe (၂၀၁၇ ဧအာက်တိုဘာ ၃၁)

တူရကီရုပ်သံမီဒီယာ TRT သတင်းဌာန စင်ကာပူရုံးခွဲ မှ သတင်းထောက်နှစ်ဦးအား လွှတ်တော်အဆောက်အဦအနီး ဒရုန်းလွှတ်တင်သောကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပို့ကုန်သွင်းကုန် ပုဒ်မ ၈ နဲ့ အောက်တိုဘာလ ၂၇ ရက်က စလို့ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ စင်ကာပူနိုင်ငံသား Lau Hon Meng နဲ့ မလေးရှားနိုင်ငံသား Mok Choy Lin တို့အပြင် ဘာသာပြန်ဆောင်ရွက်နေတဲ့ သတင်းထောက် ဦးအောင်နိုင်စိုး နဲ့ ယာဉ်မောင်း ဦးလှတင်တို့လည်းပါဝင်ခဲ့ပါတယ်။

ကိုအောင်နိုင်စိုးဖမ်းခံရတဲ့ကိစ္စမှာ မြန်မာနိုင်ငံက စာနယ်ဇင်းအသင်းအဖွဲ့တွေအနေနဲ့ တုံ့ပြန်ဖို့နှောင့်နှေးနေတဲ့အပေါ်မှာ သတင်းစာဆရာဦးစည်သူအောင်မြင့်က ဝေဖန်ပြောကြားလိုက်ပါတယ်။ “မြန်မာနိုင်ငံထဲက စာနယ်ဇင်းအသင်းအဖွဲ့တွေပေါ့။ သတင်းထောက်တစ်ယောက်ကို ဖမ်းလိုက်ပြီဆိုရင် အရင်တုန်းကဆိုရင် မြန်မြန်ဆန်ဆန်သူတို့က တုံ့ပြန်တာပေါ့။ အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဘာညာ။ အခုကျတော့ အဲဒီလိုမျိုးတွေထုတ်ဖော်ပြောဆိုတာ မရှိဘူး။ ဘာလို့များလဲပေါ့နော်။ ဒါဟာ အောင်နိုင်စိုးက ဗုဒ္ဓဘာသာဝင်၊ ဒါမှမဟုတ် တိုင်းရင်းသားမဟုတ်လို့လား။ ဒါတွေက မေးခွန်းထုတ်စရာတွေအများကြီးရှိတာပေါ့။ အဲဒီလိုမြင်ပါတယ်” လို့ သူက ပြောလိုက်တာပါ။

စာနယ်ဇင်းအဖွဲ့တွေက သူတို့အနေနဲ့ စိတ်ပူပန်တယ်ဆိုလည်း ပူပန်တဲ့အကြောင်း၊ တကယ်လို့အပြစ်မရှိဘူးဆိုရင်လည်း မြန်မြန်ဆန်ဆန် ပွင့်ပွင့်လင်းလင်းပြောပြီးတော့ ပြန်လွှတ်ပေးသင့်ကြောင်းကို သူတို့ခွဲခြမ်းစိတ်ဖြာဖို့သင့်ပေမယ့်လည်း အခုတော့ ဘာတစ်ခုမှပြောတာမျိုးမတွေ့ရကြောင်း သူက ထောက်ပြခဲ့ပါတယ်။ “ဘယ်လိုသတင်းထောက်မျိုးဆိုရင်ပြောမယ်၊ ဘယ်လိုသတင်းထောက်မျိုးဆိုရင်မပြောဘူးဆိုပြီးတော့မှ သူတို့အသင်းအဖွဲ့တွေထဲမှာ ရှိနေသလားပေါ့” လို့ ဦးစည်သူအောင်မြင့်က မေးခွန်းထုတ်လိုက်ပါတယ်။

ကိုအောင်နိုင်စိုးဖမ်းခံရတဲ့ ဖြစ်စဉ်မှာ မိသားစုကိုယ်စားဆောင်ရွက်လျက်ရှိတဲ့ ကိုရဲထူးကတော့ ဒီကိစ္စမှာ ကြားဝင်ဖြေရှင်းပေးဖို့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) ကို စာတင်ထားကြောင်း၊ သတင်းသမားတစ်ယောက်ဒုက္ခရောက်ရင် သတင်းမီဒီယာကောင်စီက ဝင်ရောက်ဖြေရှင်းပေးဖို့အတွက် ဒီအဖွဲ့ကိုဖွဲ့ထားတာဖြစ်ကြောင်း ပြောလိုက်ပါတယ်။ “သတင်းစာသမားတွေအတွက်ဖွဲ့စည်းထားတဲ့ တခြားသောအဖွဲ့အစည်းတွေ မြန်မာပြည်မှာ အများကြီးရှိတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက သူတို့က မလှုပ်ဘူး။ ဒီဟာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုမရှိဘူး” လို့ သူကဆက်ပြောပါတယ်။

ကိုရဲထူးက အခုလိုဆက်ပြောပါတယ်။ “အခုဆို ဖမ်းခံထားရတာ ၅ ရက်မြောက်နေ့ရှိပြီ။ တစ်စုံတစ်ရာထုတ်ပြန်ကြေညာချက်မထုတ်သေးဘူး။ ဖြစ်ဖြစ်ချင်း ကေ့စ်ကိုလိုက်စုံစမ်းရတာကို သဘောပေါက်တယ်လေ။ ဒါပေမဲ့ ၅ ရက်ထိ အချိန်ဘာလို့ယူရလဲဆိုတာမသိဘူး။ သတင်းစာအဖွဲ့အစည်းတွေဆီကနေ အများကြီးမမျှော်လင့်ပါဘူး။ အရှေ့မှာဖြစ်ထားတာတွေရှိတဲ့အတွက်ကြောင့် မမျှော်လင့်ရဲတာ” လို့ သူကပြောပါတယ်။

အခုအဖြစ်အပျက်ကို သဘောထားကြေညာချက်ထုတ်ပြန်ဖို့ရှိမရှိနဲ့ပတ်သက်ပြီး မြန်မာသတင်းစာဆရာများကွန်ရက် (MJN) က အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်ကို အောက်တိုဘာ ၂၈ ရက်မှာ MUNA က ဆက်သွယ်မေးမြန်းရာမှာ အချက်အလက်တွေရအောင် နည်းနည်းစောင့်ပြီးတော့ စုရကြောင်း၊ အချက်အလက်တွေတိကျအောင်လုပ်ဖို့လိုမှာဖြစ်ကြောင်း ပြောပါတယ်။ “အချက်အလက်မရဘဲလုပ်ရင်အမှားတွေပါလိမ်မယ်။ အချက်အလက်အခြေခံပြီးလုပ်ရမှာဆိုတော့ ရတဲ့အချက်အလက်စလွဲရင် ကျွန်တော်တို့ စတိတ်မန့်လည်းလွဲတော့မှာကိုး” လို့ သူကဆိုခဲ့ပါတယ်။

ကိုအောင်နိုင်စိုးဟာ လူသိများတဲ ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး နိုင်ငံတကာသတင်းမီဒယားတွေမသာက ပြည်တွင်းသတင်းမီဒီယာတွေမှာပါ သတင်းနဲ့ ဓာတ်ပုံတွေပေးပို့ဖူးသူဖြစ်ကြောင်းလည်း သိရပါတယ်။

ကိုအောင်နိုင်စိုးကို ထိန်းသိမ်းထားတဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ကိုရဲထူးက “လက်ရှိအချိန်ထိမိသားစုနဲ့ပေးမတွေ့သေးဘူး။ အချိန်အားဖြင့်တော့ ကြာနေပြီ။ လောလောဆယ်ပျဉ်းမနားအချုပ်မှာထားထားတယ်လို့ပြောတယ်။ ကြားတယ်ပေါ့နော်။ ကျွန်တော်တို့က ကြားသတင်းပဲရတယ်။ လူကိုယ်တိုင်မမြင်ရတဲ့အပေါ်မှာ ကိုယ်က ဘာမှပြောလို့မရဖြစ်နေတယ်” လို့ပြောပါတယ်။

#MUNA /နိုင်သူရ၊ ရဲနိုင်

https://m.facebook.com/story.php?story_fbid=550311088634390&id=100009665103567

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အောင်နိုင်စိုးအဖမ်းခံရတဲ့ကိစ္စမှာ_စာနယ်ဇင်းအဖွဲ့အစည်းတွေဘာလို့_နှုတ်ဆိတ်နေသလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...