Thursday, November 2, 2017

ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောရင် ကြောက်ရတယ်

,
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ရဲ့ ဥပဒေဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးကိုနီ ကို ရန်ကုန်လေဆိပ် လူပုံအလယ် မှာ သေနက်နဲ့ ပစ်ခတ်လုပ်ကြံ ခံရပြီးတဲ့နောက် တစ်တိုင်းတပြည်လုံး က ဦးကိုနီ ကို ယုံကြည်ထောက်ခံ အားကိုးတဲ့ပြည်သူတွေ ၊ ဒီမိုကရေစီ ဘက်တော်သားတွေ ၊ အခြေခံ ဥပဒေ ပြင်ဆင်လိုသူတွေ ဦးကိုနီကို အာဇာနည်တစ်ဦး ဆုံးရှုံးလိုက်ရသလိုပူဆွေဝမ်းနည်းကြေကွဲခဲ့ကြရပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် လည်း ဒီလို ထပ်တူခံစားနေရမယ် ၊ ကျန်ရစ်ခဲ့တဲ့ မိသားစုကို အပြေးအလွှား အားပေးလိမ့်မယ်လို့ တွေးထင်ထားခဲ့ကြပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးကိုနီ အသုဘ ကို ပန်းခြင်းလည်း မပို့ခဲ့ပါဘူး ၊ မိသားစုကို အားပေးစကားပြောတယ်ဆိုတဲ့ အသံလည်း မကြားရတော့ ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ ဦးကိုနီ ကို ဆုံးရှုံးလိုက်ရတဲ့အပေါ်မှာ ခံစားတုန့်ပြန်မှု မပြသတဲ့အတွက် ပြင်ပ ဝေဖန်မှုတွေ ကျယ်လောင်လာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မိတ်ဆွေတွေ အကြားမှာလည်း ဒါကို ဘယ်လိုယူဆ သလဲ ဆိုပြီး သုံးသပ်ကြတာရှိပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြန်မာ့နိုင်ငံရေး ပါဝင်ပတ်သက်မှု တလျှောက်ကိုပြန်ကြည့်ရင် သူမ ရဲ့ ရဲဘော်ရဲဘက် လုပ်ဖေါ်ကိုင်တွေတင်မက သူမ ကိုယ်တိုင်ပါ လုပ်ကြံခံ ရဘူးတာကို အားလုံးသိကြမှာဖြစ်ပါတယ်။

တခါမှ ဒီလို လုပ်ကြံခံရမှုတွေ နဲ့ ပတ်သက်ပြီး သူမ နှုတ်ကနေ ပြင်းပြင်းထန်ထန် တုန့်ပြန်တာ ၊ ခံစားချက်ကိုဖေါ်ကြူး တာ တစ်ခါမှ မရှိခဲ့တာကို ပြန်တွေးကြည့်ရင် သိနိုင်ပါတယ်။

ကျွန်တော်ပြောချင်တာက အခုလို ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောတာဟာ ကြောက်စရာကောင်းတဲ့ တုန့်ပြန်မှုတစ်ခုကို ကိုယ်စားပြုနေတယ်လို့ ဆိုချင်ပါတယ် ။

ဖိနှိပ်မှု ၊ အနိုင်အထက်ပြုကျင့်မှု တွေအပေါ် ဒေါ်အောင်ဆန်းစုကြည် တိတ်ဆိတ်နေခြင်းဟာ လွန်စွာကြောက်မက်ဖွယ်ကောင်းကြောင်း အာဏာရှင်ဟောင်းတွေကပိုသိပါတယ်။

အရင်ဆုံးဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာထည့် ပြောဖူးတဲ့ အကြောင်းလေးတစ်ခုကို အရင်ပြန်ပြောပြချင်ပါတယ် ။

သူမ က " တစ်ခါတလေမှာ ကျမ ဟာ အနှိပ်အစက်ခံရရင် ဘယ်လိုနေမလဲ လို့ စဉ်းစားကြည့်မိတယ် ၊ ကျွန်မ အနှိပ်စက်ခံရမှာကို မကြောက်ဖူး ၊ အဲဒီ နှိပ်စက်တဲ့သူရှေ့မှာ နှိပ်စက်လို့ နာကျင်ပြီး ငြီးမိမှာ ကိုပဲကြောက်တာ .."လို့ပြောဖူးပါတယ်။

ဒါကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ဟာ သူမ ကို နာကျင်အောင် လုပ်တဲ့ သူတွေရှေ့မှာ ဘယ်တော့မှ သူမရဲ့ နာကျင်ခံစားမှုတွေကို တစ်ဖက်လူ မြင်ချင်ကြားချင်သလိုမျိုး
ဟန်အမူအရာ ၊ နှုတ်ထွက်စကားတွေ နဲ့ ဖေါ်ပြမှာ မဟုတ်ဖူးဆိုတာ မြင်နိုင် သဘောပေါက်နိုင် ပါတယ်။

တကယ်တော့ သူမ ရဲ့ နိုင်ငံရေး ဘဝခရီးကြမ်းကို ပြန်ကြည့်မယ်ဆိုရင် အရင်ဆုံး သေကောင်ပေါင်းလဲ ဝေဒနာနဲ့ ဆုံးပါးတော့မယ် ခင်ပွန်းသည် ရဲ့ အသက်နဲ့မျှားပြီး သူမ ရဲ့ နိုင်ငံရေး ကို လက်နက်ချခိုင်းခဲ့တဲ့ ဖြစ် ရပ်မှာ သူမ ဘယ်လောက်နာကျင်ခံစားခဲ့ရမယ်ဆိုတာ လူသားတိုင်း ၊ လူစိတ်ရှိတဲ့သူတိုင်း၊
မိသားစုရှိတဲ့သူတိုင်းနားလည်ကြပါတယ် ။

ဒီအတွက် သူမ ဘာမှ တုန့်ပြန်ခဲ့ခြင်းမရှိပါဘူး ။ တခါ စည်းရုံးရေး ခရီးစဉ်သွားရင်း ဒီပဲရင်း မှာ သူမ အသက်ကိုပါ ထိပါးတဲ့ အထိ လုပ်ကြံကြပြီး
သူမရဲ့ ရဲဘော်ရဲဘက် အောက်လက်ငယ်သားတွေ အများအပြားသေဆုံးခဲ့ရတဲ့ အခါမှာလည်း အခုလိုပဲ လက်တုန့်ပြန်ဖို့ မဆိုထားနဲ့ စကားနဲ့တောင် တုန့်ပြန်ခဲ့ခြင်းမရှိတာ အားလုံး အသိပဲဖြစ်ပါတယ် ။

နောက်တခါ ယခင် သူမရဲ့ လုံခြုံရေး သုံးရောင်ခြယ် အဖွဲ့ ဝင် ကိုပါကြီး အသတ်ခံရစဉ် ကလည်း ဒီလိုပါပဲ ၊ ဒါပေမယ့် ကိုပါကြီး ရဲ့ ဇနီး မသန္တာ ကို ဘဝတူချင်းသဖွယ် အားပေး လက်တွဲပြီးခေါ်ခဲ့လို့ ဒီကနေ့ ဆိုရင် မသန္တာ ဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ဥပဒေပြုရေး မဏ္ဍိုင်မှာ တက်တက်ကြွကြွ ပါဝင်ထမ်းဆောင်နေပြီဆိုတာတွေ့ကြရမှာ
ဖြစ်ပါတယ် ။

ကိုပါကြီး ဖြစ်စဉ် နဲ့ ကိုပါကြီးရဲ့ ဇနီး မသန္တာရဲ့ နောက်ဆုံး လျှောက်လှမ်း ခဲ့တဲ့ ခရီးကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မတရားဖိနှိပ် ရက်စက်မှုတွေအပေါ် လက်တုန့်ပြန်မှုဟာဘယ်လိုပုံသဏ္ဍန်မျိုးလည်းဆိုတာ တစ် စိတ်တစ်ပိုင်းတွေ့ကြရမှာဖြစ်ပါတယ်။

သင့်ကို အထင်သေးအမြင်သေးနဲ့ ထိပါး စော်ကားခဲ့သူတွေဟာ သူတို့ ထင်ထားသလို သင်ဟာ အထင်သေးအမြင်သေးစရာ မဟုတ်တဲ့အပြင် သင်ဟာ အထင်ကြီးလေးစား စရာ လူတစ်ဦးဖြစ်လာခဲ့မယ်ဆိုရင် သင့် အပေါ်ကျူးလွန်ခဲ့သူတွေဟာ ဒီအပြစ်တွေကြောင့် စိတ်မလုံခြုံမှုကိုခံစားရင်းအကြောက်တရားရဲ့အကျဉ်းစံ ဘဝ အဖြစ် မသေမချင်း ခြောက်ခြားစွာ နေထိုင်သွားရမှာပါ ။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အေးချမ်းစွာ

လက်တုန့်ပြန်ခြင်း ဖြစ်ပါတယ်။ " ခင်ပွန်းသည် ရဲ့ အသက်ကို မှီချင် ရင် ခင်ဗျားရဲ့ နိုင်ငံရေး ကို စွန့်လွှတ်ပါ" ဆိုပြီး ရက်ရက်စက်စက် အကြပ်ကိုင် ပြီး သူမရဲ့ လင်ယောင်္ကျားကို နိုင်ငံရေး ပြန်ပေးဆွဲခဲ့ သူတွေ ဒီနေ့ ဘယ် ပုံ ဘယ် ဘဝ မှာ နေရပြီး သူမ က ဘယ် အထိ တက်လှမ်းနိုင်ခဲ့ပြီလဲ..., ။

ဒီပဲယင်း ခြောက်အိမ်မက် နဲ့ ကိုယ့်ကိုယ်ကို နေအိမ် အကျယ်ချုပ်ပြန်ချ ၊ ကိုယ့်နိုင်ငံရေးကို ကိုယ်တိုင် အဆုံးစီရင်လိုက်ရတာ ဘယ်သူတွေလဲ ...။

လူတစ်ယောက်အနေနဲ့ ဖြစ်ဖြစ် ၊ အဖွဲ့အစည်းအနေနဲ့ဖြစ်ဖြစ် နိုင်ငံရေး ကို ရှေ့တန်း က ပါဝင်ခဲ့ပြီး ကိုယ့်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကြောင့် သမိုင်းမှာ မျက်နှာမပြ ရဲတာလောက် ဘဝဆုံး ၊ ဘဝရှုံးရတာမရှိဘူးလို့ ဆိုချင်ပါတယ်။

#မတရားမှု ရဲ့ ကြောက်စရာအကောင်းဆုံးမာယာ ကသူ့ကိုတုပြိုင်မိုက်လာအောင်ဆွဲဆောင်တာပဲဖြစ်ပါတယ်။

မတရားမှု နဲ့ တုပြိုင်မိုက်မိပြီဆိုရင်တော့ နိုင်လည်းရှုံး ၊ ရှုံး လည်း အရှုံးပဲ ဖြစ်ပါတယ် ။ တရားမှုကို လိုလားသူ ၊ တရားမှုကို မြတ်နိုးသူတွေဟာ မတရားမှုနဲ့ ပြိုင်မမိုက်မိအောင် သတိ ကြီးကြီးထားကြရမှာ အမှန်ပါပဲ။

အခု ဦးကိုနီ တစ်ယောက် ဒီမိုကရေစီ တည် ဆောက်ရေး ခရီးမှာ လှေလှော်ရင်း တက်ချိုး ခံလိုက်ရပါတယ် ။

ဒီအချိန် လှေကို လူးမသွားအောင် တိမ်းမသွားအောင် ကျန်တဲ့ တက်တွေ ၊ လက်တွေ က ညီဖို့လိုပါတယ် ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲမှာ၊ မျက်လုံးထဲမှာ လှေကို တည်တည်ငြိမ်ငြိမ်ရှိနေ စေဖို့ဆိုတဲ့ ရည်ရွယ်မှန်းချက် ၊ ရည်ရွယ်ချက် က ကြီးစိုးနေပါတယ် ။

သူမ အနေနဲ့ တက်တစ်ချောင်း ကို ရိုက်ချိုးလိုက်သူတွေ မြင်ချင်နေ ကြတဲ့ လူးလွန့်လှုပ်ခါသွားတဲ့လှေတစ်စင်း အဖြစ်ခံမှာ မဟုတ်ပါဘူး ။

ရန်သူရှေ့မှာ ဘယ်တော့ စိတ်လှုပ်ရှား ငြီးညူ ပြလေ့မရှိသူတစ်ယောက်အနေနဲ ကျိုးသွားတဲ့ တက်နေရာမှာ ဘယ်လို လက်ထိုးလှော်မလည်း ဆိုတာကိုသာ သူမအနေနဲ့ စဉ်းစားနေမှာအသေအချာပါပဲ ။

ဦးကိုနီ လုပ်ကြံ ခံ ရတဲ့ ကိစ္စ၊ ဦးကိုနီလို အရည်အချင်းပြည့်ဝ တဲ့ ရဲဘော်တစ်ယောက်
ဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့် သူမ အနေနဲ့ ဘယ်လောက်ပဲ ခံစားရ သည်ဖြစ်စေ သူမ နှုတ်က ဘာမှပြောမှာ မဟုတ်ပါဘူး ။

ဒါပေမယ့် သူမ အနေနဲ့ အဲဒီလို ဘာမှ မပြောဘူးဆိုရင်တော့ မတရား သတ်ဖြတ်မှု နဲ့ သက်ဆိုင်သူတွေ ၊ တာဝန်ရှိသူတွေ အတွက်တော့ အလွန် ကြောက်မက်ဖွယ် ပါပဲ လို့ ပြောလိုက်ပါရစေ…

(သီဟသွေး)သိန်း ဝင်း သူ

https://m.facebook.com/story.php?story_fbid=352719068506934&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောရင် ကြောက်ရတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...