Friday, November 10, 2017

မ.ဆ.လ အာဏာရှင်

,
၁၉၅၁ ခုနှစ်လောက်က စစ်တပ်မှနေပြီး တပ်တွင်းသက်သာချောင်ချိရေးဆိုပြီး စီးပွားရေးလောကထဲ စတင်ဝင်ရောက် လာပါတယ်။ ပထမတွင် ငါးပိ၊ငါခြောက် ရောင်းဝယ်ရာမှ ၁၉၅၈ စစ်တပ် အိမ်စောင့်အစိုးရလက်ထက်မှာ မှာတော့ မြန်မာကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားပြီး တပ်မတော်သက်သာချောင်ချိရေး ဆိုကာ စီးပွားရေးလုပ်ငန်းကြီးအဖြစ်တိုးချဲ့လာပါတော့တယ်။ထို့နောက် မြန်မာနိုင်ငံစီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း အမည်နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာပါတယ်။တဆင်ပြီးတဆင့် စစ်တပ်က စီးပွားရေး လောကကိုဝင်ရောက်ကာ ခေါင်းပုံဖြတ်စနစ်ကို ကျင့်သုံးလာပါတော့တယ်။ ထိုသို့ ခေါင်းပုံဖြတ်စနစ် ဖြင့်ကျင့်သုံးလာသောကြောင့် တကယ်လုပ်ကိုင်သူ လုပ်ငန်းရှင်တို့မှာ အမြတ်အစွန်းအပြင် ခေါင်းပုံဖြတ်စရိတ်ပါပေးနေရသောကြောင့် ဈေးနှုန်းများမြင့်တက်လာပြီး အခွန်ထမ်း အရပ်သားပြည်သူ တို့မှာ များစွာ နစ်နာခဲ့ရပါတယ်။

စစ်တပ်မှာတော့ သူတို့အတွက် ရရှိသော အမြတ်အစွန်းများကိုကြည့်ပြီး သူတိုကိုယ်သူတို့ တော်လှပြီ အထင်နှင့် လုပ်ငန်းများ ကိုတိုးချဲ့ လုပ်ကိုင်လာပါတယ်။တကယ်တမ်းနစ်နာခဲ့သည် မှာ ဆင်းရဲသားပြည်သူလူထုပင်ဖြစ်ပါတယ်။ထိုနောက် စစ်တပ်ပိုင်ဘဏ်လုပ်ငန်း ပင်လယ်ရေကြောင်းလုပ်ငန်း အထိပါဆောင်ရွက်လုပ်ကိုင်လာကြပါတယ်။ စစ်တပ်မှာ အခွန်ကင်းလွတ်ခွင့်ရထားသောကြောင့် ပုဂ္ဂလိက လုပ်ငန်းများထက် ပိုမိုမြတ်ကြပါတယ် ။ ထို့အပြင် မြေလွတ်မြေကွက်များကို စစ်တပ်အာဏာဖြင့် ဂရန်ရယူကာ တိုက်ဆောက်ပြီး နိုင်ငံခြားသားများ ကိုငှားစားပါတယ်။ တိုက်တလုံးနှင့်မျှ မကျေနပ်နှိုင်ကြဘဲ စစ်ဗိုလ်တဦးလျှင် လေးငါးဆယ်လုံး အပိုင်ယူကြ ပါတော့တယ်။ စစ်ဗိုလ် တို့၏တိုက်များမှာ ပါရမီရပ်ကွက်မှ စတင်တည် ထောင်ခဲ့ပါတယ်။ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ စစ်ဗိုလ်တို့ ရိပ်သာကြီးသည် ယခင်က ဆင်းရဲသားတဲများကို မြေတူးစက်များနှင့်ဖြိုဖျက်ပြီး စစ်တပ်မှသိမ်းယူ တည်ဆောက်ထားသော တိုက်များပင်ဖြစ်ပါတယ်။

ဗိုလ်နေဝင်းဟာ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ဖြစ်စဉ်အခါကထဲက စစ်အာဏာဖြင့်ပြည်သူလူထုအပေါ် ညှင်ပန်းနှိတ်စက်ခဲ့ပြီး မိမိကိုယ်ကျိုး အတွက်သာ ကြည့်ခဲ့သူဖြစ်ပါတယ်။ သူ၏သားသမီးများအတွက် မြေကွက်များ ဂရန်ယူပြီး သားသမီး တစ်ဦးလျှင် တိုက်တလုံးစီဆောက်ကာ သံရုံးများကို ငှားစားစေခဲ့ပါတယ်။ထိုကြောင့် စစ်ဗိုလ်တိုင်း တိုက်တလုံးရပိုင်ခွင့် ဆိုတာဖြစ်ပေါ်လာပါတယ်။ပြည်သူလူထုရဲ့ အခွန်များကို ငွေအရင်းပြု ပြည်သူလူထုရဲ့ စီးပွားရေးလုပ်ငန်းကို ဝင်လုပြီး နိုင်ငံတော်အတွက် ကျသင့်သည့်အခွန်ကျတော့ ကင်းလွတ်ခွင့်ယူ စစ်တပ်စီးပွားရေး ဓါးပြလုပ်ငန်း ပင်ဖြစ်ပါတော့တယ်။ ထိုအချိန်မှစပြီး နိုင်ငံတော်မှာတော့ တနေ့တခြား စီးပွားရေး ဆုတ်ယုတ်လာပါတော့တယ်။စစ်တပ်က တော့အခွန်အတုတ်မပေးရပဲ စီးပွားရေးလုပ် ပြီး အခွန်ပေးရသူ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် စီးပွားပြိုင်နေသည် မှာ တရားမျှတမှူမရှိပါ။

ပုဂ္ဂလိက လုပ်ငန်းတွေကို အမြတ်တော်ခွန် နှုံးထား ၉၉% အထိ တိုးမြှင်လိုက်တယ် သူတို့လုပ်ငန်းတွေကျတော့ အခွန်ကင်းလွတ်ခွင့်တဲ့ ဘယ်လောက် များ တရားမမျှတလိုက်သလဲလို့။၁၉၆၃ ခုနှစ်မှာ ဆိုရှယ်လစ် စီးပွားရေး စနစ်ထူထောင်မယ်ဆိုပြီး လုပ်ငန်းတွေ အားလုံးကို လက်နက်အားကိုးနဲ့ ပြည်သူ ပိုင်သိမ်းပါလေရော။ ဘီအိုစီရေနံကုမ္ပဏီ၊အိုင်ဘီပီရေနံလုပ်ငန်း၊ကိုသိမ်းပြီး မြန်မာ့ရေနံကော်ပိုရေးရှင်းကို ဖွဲ့စည်းတယ်။ဘဏ်တိုက် ၃၁တိုက် ကိုသိမ်းပြီး ကျန်တဲ့ လုပ်ငန်းကြီးတွေဖြစ်တဲ့ အင်္ဂလိုဘားမား သထ္ထုတွင်းနှင့် ပုလဲလုပ်ငန်း စီးကရက်ကုမ္ပဏီများ၊ဆပ်ပြာချက်လုပ်ငန်းများ၊ထီးစက်လုပ်ငန်း အစရှိသော စက်မှုလက်မှုလုပ်ငန်းများ၊ပုံနှိပ်စက်များ၊အရပ်သားပိုင်ကျောင်း (၈၁၄)ကျောင်း၊သာသနာပြုဆေးရုံ၊ရုပ်ရှင်ရုံ(၁၈၂)ရုံ ၊စသဖြင့် လုပ်ငန်းအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့ကြတယ်။ပြည်သူပိုင်လို့သာ အမည်တပ်တာ တကယ်တမ်းကျတော့ စစ်တပ်က ဗိုလ်မှူးကြီးတွေ လက်ထဲမှာ အားလုံးလိုလိုပါပဲ။ ပြည်သူပိုင်သိမ်းရာမှာ အကြီးစားလုပ်ငန်းကို ဗိုလ်မှူး ကကွပ်ကဲပြီး၊အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးက ကွပ်ကဲစေပြီး လက်နက်ကိုင်စစ်သားများကစောင့်ကြပ်ပေးရပါတယ်။ မ.ဆ.လ ပါတီဝင်တွေကို မူလပိုင်ရှင်တွေနေရာမှာ အစားထိုးပြီး လုပ်ကိုင်ကြ ပါတယ်။ ဆိုင်ကြီးများမှ လက်လီဆိုင်လေးများအထိ ပြည်သူပိုင်အမိန့်ကိုဖတ်ပြပြီး လုပ်ငန်း၏ သော့နှင့်ငွေကို အပ်ကြရပါတယ်။ထို့အပြင် မော်တော်ယဉ်နှင့် ကားသော့များပါ ပြည်သူပိုင်အဖြစ် သိမ်းယူခြင်း ခံခဲ့ရကြရပါတယ်။ထိုအချိန်မှစပြီး မော်တော်ယဉ် များသည် ဗိုလ်ကြီး သို့မဟုတ် တပ်ကြပ်ကြီး ပိုင်အဖြစ် ပြောင်းလဲသွားရပါတော့တယ်။ ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား ကားမအပ်သူကို ထောင်ဒါဏ် လေးနှစ်အထိ အပြစ် ပေးခဲ့ပါတယ်။ လုပ်ငန်းရှင်များ၊ဆိုင်ရှင်များ ထံမှ သိမ်းယူထားသော ကားများကို ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက်သုံးကြ ကုန်စည်များကိုလည်း ခိုးကြဝှက်ကြနှင့် အဖိုးတန်ဆိုင်များကို သိမ်းယူရသော စစ်ဗိုလ်များသည် နေ့ချင်းညချင်း ချမ်းသာလာကြပါတော့တယ်။

သိမ်းယူရရှိသော ကုန်စည်များကို စုပေါင်းရောင်းချရန် ဆိုင်ကြီးများသို့ ပြောင်ရွှေ့ပြီး လစ်လပ်သွားသော ဆိုင်ခန်း အိမ်ခန်းများ ကို စစ်ဗိုလ်များမှ ခွဲဝေယူပြီး ပြန်လည်ရောင်းစားကြရာ တရုပ်၊ကုလားများလက်သို့ပင် ပြန်လည် ရောက်ရှိသွားပါတော့တယ်။ဘဏ်များ၊ဆိုင်များ၊လုပ်ငန်းများကို မတရားသိမ်းယူပြီး စာရင်းမရှိ၊အင်းမရှိ ခိုးယူကြပြီး အများစုပိုင် မြန်မာလုပ်ငန်းများကိုမူ လျော်ကြေးမပေးပါ။သို့ရာတွင် နိုင်ငံခြားသားပိုင် လုပ်ငန်းများကိုမူ နိုင်ငံခြားငွေဖြင့် လျော်ကြေးပေးခဲ့ပါတယ်။ ဗိုလ်နေဝင်းမှာ နိုင်ငံခြားသားများကို သူရဲဘောကြောင် ကြောက်တတ်သော  စိတ်ဓါတ်နှင့် မြန်မာပြည်သူများကို အနိုင်ကျင့် ရက်စက်တတ်သည့် စိတ်ဓာတ်မှာ အလွန်ပင် စက်ဆုတ်ရွံရှာဖွယ် ကောင်းလှပါတော့တယ်။မြန်မာပိုင်ဆိုပေမယ့် သူနှင့်နီးစပ်ရာ လုပ်ငန်းရှင်များကိုတော့ လက်သိပ်ထိုး လျော်ကြေးပေးခဲ့ပါတယ်။ ဗိုလ်နေဝင်းဟာ မတရားမှူမှန်သမျှ တခုမကျန် ကျူးလွန်ခဲ့သူပဲဖြစ်ပါတယ်။

ကုန်ထုတ်လုပ်ငန်းတွေ၊ကုန်သွယ်လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတဲ့အတွက် ကုန်ပစ္စည်းရှားပါးမှူနှင့် ရင်ဆိုင်လာရပါတယ်။ပြည်သူပိုင်သိမ်းပြီး အစားဝင်ရောက်လုပ်ကိုင်သူများမှာ လုပ်ငန်းအကြောင်း နားမလည် ကျွမ်းကျင်သူများ မဟုတ်ကြသည့်အပြင် ရရှိသော အမြတ်အစွန်းဟူသမျှကိုလည်း အလုအရက် ကိုယ့်အိတ်ထဲကိုယ်ထည့်သူများပင် ဖြစ်နေပါသောကြောင့် ကုန်ပစ္စည်းများရှားပါးလာပြီး ကုန်ဈေးနှုန်းများ တက်လာပါတော့တယ်။ ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ပြည်သူလူထုမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် အစိုးရမှ ဝင်ငွေခွန် ထက် ထွက်ငွေမှာ ပိုများနေသော သောကြောင့် ယင်းပြသနာကိုဖြေရှင်းရန်  ၁၉၆၄ခု မတ်လ ၁၇ ရက် အချိန်တွင် ၁၀၀ တန် ငွေစက္ကူ နှင့် ၅၀တန် ငွေစက္ကူ များကို တရားမဝင် ကြေငြာ ကာ နိုင်ငံတော်တွင် လည်ပတ်နေသော ငွေကြေး၏ ၂၂% ကို ပယ်ဖျက်လိုက် သဖြင့်အစိုးရ အတွက် (၉၁၅.၈) သန်းအမြတ်ရရှိသွားပါတယ်။ ပြည်သူလူထုမှာတော့ (၉၁၅.၈)သန်း မွဲသွားပါတော့တယ်။

ထိုမျှသာမကသေး ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ ဗိုလ်နေဝင်း အစိုးရက ပြည်သူလူထုမှာ အခက်အခဲ အကြပ်ရိုက်နေသည့်ကြားကပင် ကုန်သွယ်ရေး အမိန့်အသစ်ထုတ်ကာ  ကုန်ပစ္စည်းအမျိုးအစား ၄၆၀ ကို ပြည်သူလူထုမှရောင်းဝယ်ခွင့်မရှိတောဘဲ အစိုးရကသာရောင်းဝယ်ခွင့် ရှိသည် ဆိုပြီး ဖွဲနု၊ဆန်ကွဲ မှစတင်ပြီး နနွင်းတက်အထိ အစိုးရကသာ သိုလှောင်ခွင့်ပြုတော့ပါတယ်။ထိုအချိန်မှစပြီး မှောင်ခိုလုပ်ငန်များ တွင်ကျယ် လာပါတော့တယ်။ ထိုကဲ့သို့  မ.ဆ.လ အစိုးရ၏ ဆိုရှယ်လစ်စီးပွားရေး စနစ်ကြောင့် လယ်ယာကုန်ထုတ်လုပ်မှူ လုပ်ငန်းများ ကျဆင်းလာပြီး ဆန်ရေစပါးရှားပါးသည့် ပြသနာများစတင်လာ ပါတော့တယ်။ ၁၉၆၇ခု သြဂုတ်လမှာ ရန်ကုန်မြို့ကြီး တွင် ဆန်ပြတ်သွားသောကြောင့် လူထုကြီးမှာ မျက်သလဲဆန်ပြာ ဖြစ်ပြီး ဆန်ထွက်ရှာနေကြရ သဖြင့် ရုံးများ ဆိုင်များ ပိတ်ထားရသည့် အခြေအနေ ပင် ဆိုက်ရောက်ခဲ့ရပါတယ်။ ဗိုလ်နေဝင်း အစိုးရမှ ယင်းပြသနာကို ဖြေရှင်းပုံကတော့ စစ်ထောက်လှမ်းရေးများမှ တရုပ်အမျိုးသားများကို စတင်ပြီး လိုက်လံရိုက်ပုတ်ရာမှ တရုပ်-ဗမာ အရေးအခင်းကို ဖန်တီးကာ လူထုကြီး၏သွေးဖြင့် ရက်စက်ယုတ်မာစွာ ဖြေရှင်းခဲ့ပါတယ်။ပြည်သူလူထုကြီးမှာတော့ အရာရာကို လက်နက်အားကိုးနှင့်သာ ဖြေရှင်းတတ်သော ဗိုလ်နေဝင်း ပြုသမျှကို ကျောကော့နေအောင်သာခံနေကြရပါတယ်။

ထိုခေတ်က စစ်တပ်အသိုင်းအဝိုင်း ၊မ.ဆ.လ ပါတီဝင်၊ဗိုလ်နေဝင်းနှင့် နီးစပ်သူများ၊သာ ကောင်းစားခဲ့ပါတယ်။အတိုက်အခံများမှာတော့ မြန်မာတနိုင်ငံ လုံးတွင် ဗိုလ်ကြီးမှ ဆွေးနွေးခြင်လို့ပါ ဟု ပြောကာခေါ်သွားပြီး ပြန်ရောက်မလာသူ မိသားစုတော်တော်များများမှာ ကြုံတွေ့ခဲ့ရပါတယ်။ စစ်အစိုးရက အကြောင်းကြောင်းကြောင့် ဖမ်းဆီးသူများပြားပြီး ပြန်လွှတ်သူဦး ရေကနဲပါးလှပါတယ်။မည်သူ့ကိုမျှ မိသားစုနှင့် ထောင်ဝင်စာတွေ့ ခွင့်မပေးခဲ့ပါ။ ထောင်တွင်းရောက်သည်နှင့် ပြင်ပမှ မိသားစုသတင်း မိသားစုများမှာလည်း ထောင်ထဲတွင်သေလားရှင်လားပင်မသိရတော့ပါ။ရာဇဝတ်မှု ကျူးလွန်သူများမှာ မည်သည့်ရက် မည်သည့်လ တွင်လွတ်မည်ကို ကြိုတင်သိရှိနှိုင်သော်လည်း နိုင်ငံရေးနှင့်ထိမ်းသိမ်းခံထား ရသူများ အဖို့မှာတော့ မည်သည့်ရက်တွင်လွတ် မည် ဆိုတာကိုခန်မှန်းမရပါ။ ပြင်ပတွင်ကျန် နေရစ်ခဲ့သော မိသားစုတို့မှာလည်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကြောင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင် နေကြရပါတယ်။ စစ်အစိုးရမှာ မိသားစုနှင့်အဆက်အသွယ်မရစေခြင်း မည်သည့်ရက်တွင်လွတ်မည်မသိရခြင်း တို့ပြုလုပ်ထားပါက လူထုက စစ်အစိုးရ ကို ပိုမိုကြောက်စေမည်ဟု ယူဆထားသောကြောင့်ပင်ဖြစ်ပါတယ်။

၁၉၄၈ခုနှစ်နောက်ပိုင်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၄ကျပ် ၇၅ပြား နှုန်း၇ှိခဲ့ပါတယ်။၁၉၆၂ခုနှစ် ဗိုလ်နေဝင်း တက်လာပြီးနောက်ပိုင်းတွင် ၁၉၇၁ခုနှစ်မှာ အမေရိကန်ဒေါ်လာတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၅ကျပ် ၃၅ပြား ဖြစ်ခါ မြန်မာငွေတန်ဖိုး လျှော့ကျလာသဖြင့် ၁၉၇၃ ခုနှစ်တွင် ၄ကျပ် ၈၁ပြားနှုန်း ပြန်မြှင်တင်ခဲ့ပါတယ်။၁၉၉၅ခုနှစ်မှာတော့ မြန်မာငွေကြေးကို မထိန်းနှိုင်ပဲ အမေရိကန်ဒေါ်လာတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၆ကျပ် ၆၂ပြား နှုန်းဖြစ်သွားသောကြောင့် ဘဏ္ဍာရေးဝန်ကြီးမှ ဗိုလ်နေဝင်းကို တင်ပြရာ ဗိုလ်နေဝင်းမှာ ဒေါကန်စွာဖြင့် “ဦးနု လက်ထက်က ကျပ်ငွေတန်ဖိုးကို ထိန်းသိမ်း ထားနှိုင်ပြီး သူ့အစိုးရလက်ထက်ကျမှ ငွေတန်ဖိုးကျ ရသည်ကို ရာဇဝင်အတင်မခံနှိုင်ဘူး ဟုအော်ဟစ်ပြောဆိုကာ ငါမသေမချင်း မင်းတို့တတွေ ကျပ်ငွေ ဈေးကိုမချရဘူး အမိန့်ပေးခဲ့ရာ ပြင်ပလောကတွင် ငွေဈေးမှာ အမေရိကန်တဒ်ါလာလျှင် ကျပ်ငွေ တထောင်ကျော်အထိဖြစ်သွားခဲ့သော်လည်း တော်လှန်ရေးအစိုးရ မဆလအစိုးရ နဝတအစိုးရ နအဖအစိုးရ စသဖြင့် စစ်အစိုးရ အဆင့်ဆင့် ပြောင်းလဲစေကာမူ ဦးနေဝင်းမသေမချင်း တရားဝင် ငွေလဲနှုန်း ၆ကျပ် ၆၂ပြား ကို မည်သူမျှပြင်ဆင်ရဲသူမရှိတော့ခြေ။ငွေကြေးမညီမျှမှုကို မထိန်းသိမ်း နှိုင်သည့်အပြင် ၁၉၈၇ခုနှစ်မှာ မ.ဆ.လ.အစိုးရကနေပြီး  မြန်မာနိုင်ငံကိုအဆင်းရဲဆုံးနိုင်ငံအဖြစ်စာရင်းသွင်းခဲ့ ပါတယ်။

အဲဒီနောက်မှာတော့ ၅.၉.၈၇-တွင် ၇၅ကျပ်တန် ၃၅ကျပ်တန် ၂၅ကျပ်တန် ငွေစက္ကူများဖျက်သိမ်းကြောင်းကြေညာခဲ့ပါတယ်။ပြည်သူလူထုအပေါ် ထပ်မံ အမြတ်ထုတ်ခြင်း ဖြစ်ပါတယ်။၎င်းနေ့ည၌ပင် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် ငွေစက္ကူများတရားမဝင်ဖျက်သိမ်းကြောင်းကြေညာချက်ကို မကျေနပ် ၍ စက်မှုတက္ကသိုလ်ကျောင်းသားများမှဆန္ဒပြခြင်း လူထုအုံကြွမှုဖြစ် ၍ မြို့နယ်ကောင်စီရုံးအားဖျက်စီးပစ်ခဲ့ပါတယ်။ နိုင်ငံတော် ဘဏ္ဍာငွေများကို အာဏာရှင် လူတစ်စုဟာ အလွဲသုံးစားပြုလုပ်ကြပြီး နောက်ဆုံးအခက်အခဲ ကြုံတွေ့လာတိုင်း ငွေစက္ကူဖျက်သိမ်း၍ ဖြေရှင်းကြရာ ပြည်သူလူထုမှာသာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရပြီး တနေ့တခြားဆင်းရဲသထက်ဆင်းရဲခဲ့ရပါတယ်။

ကမ္ဘာ့နိုင်ငံ အရပ်ရပ်တွင် ပေါ်ထွန်း ခဲ့သော စစ်အာဏာရှင်ကြီးများ ဟာ သွေးထွက်သံယို သတ်ဖြတ်ပြီး အာဏာ သိမ်းလေ့ရှိပါတယ် ။သို့သော် ဗိုလ်နေဝင်းမှာ သူတို့ထက်ပင် ပိုပြီး ရက်စက်ယုတ်မာပါတယ်။ဒီမိုကရေစီခေါင်းဆောင်များ နိုင်ငံရေးသမားများ သူ့ကို ရန်ပြုနှိုင်သော အစိုးရဝန်ထမ်းကြီးများ ကို အသေသတ်ဖြတ်ခြင်းမပြုပဲ အသက်မွေးမှုအခွင့်အရေး စီးပွားရှာဖွေစားသောက်ခွင့် တို့ကိုသာ သတ်ဖြတ်ပြီး သူ၏လက်အောက်သို့ ခေါင်းလျှိုရသည့် အလုပ်မှတပါး အခြားလုပ်ပိုင်ခွင့်မရှိသည့် စနစ်ကိုတီထွင်ကာ ရန်သူမှန်သမျှ သူ၏လက်အောက်သို့ ကျရောက် စေပါတယ်။ သူ့ကိုတော်လှန်သောသူများမှာ တောခိုရန်မှတပါးမရှိတော့ပါ။လူတွေငတ်မှ စစ်တပ်ကို ဦးကျိုးကြမည် ခေါင်းလျှိုးကြမည် ဆိုသော လမ်းစဉ် ဖြင့် တမင်ငတ်မွတ်စေရန် ဖန်တီးခဲ့ခြင်း ဖြစ်ပါ တယ်။

တနေ့တခြားဆင်းရဲတွင်းနက်လာတဲ့ပြည်သူလူထုကြီးဟာ အားမတန်သော်လည်း မာန်တင်းကာ အာဏာရှင်စနစ်ကို တွန်းလှန်ဘို့ အစပြုခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေကို မခံမရပ် ဖြစ်နေကြတဲ့ပြည်သူလူထုကြီးကိုယ်စား ကျောင်းသားများမှ နေပြီးစတင်တွန်းလှန်ခဲ့ကြပါတယ်။အာဏာရှင်စနစ်အောက်တွင် ပြည်သူလူထုမှာ ဆင်းရဲတွင်းနက်သထက်နက် လာသဖြင့် မခံမရပ်နှိုင်ဖြစ်ကာ ၈.၈.၈၈ တွင်လူထုအုံကြွမှုကြီးဖြစ် ခဲ့ပါတယ်။ နိုင်ငံတော် စီးပွားကျဆင်းပြီး ပြည်သူလူထု၏ မကျေနပ်မှူများလာသည်ကို သိရှိနေသော ဗိုလ်နေဝင်းဟာ စစ်အင်အားကို ပိုမိုတိုးချဲ့ပြီး အရေးအခင်း ဖြိုခွင်းခြင်း လေ့ကျင့်မှုများကို တပ်တွင်းတွင် ကြိုတင်လေ့ကျင့်ပြင်ဆင်နေခဲ့ ပါတယ်။အသေးစား သံချပ်ကာကားများ စစ်သားတင်ယဉ်များ ကြိုတင်ဝယ်ယူထားခဲ့ပါတယ်။ပြည်သူလူထုကြီး မည်သို့ပင် အုံကြွပါစေ စစ်ဗိုလ်တစ်စုက ရထားသော အာဏာကို မည်သည့်အရပ်သားမှလွှဲပေးမည်မဟုတ် ဟုခံယူထားသလားမှတ်ရပါတော့တယ်

Hlwnan Wai Lwin

https://m.facebook.com/story.php?story_fbid=355217761590398&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မ.ဆ.လ အာဏာရှင်”

Post a Comment

Related Posts Plugin for WordPress, Blogger...