Thursday, May 30, 2019

“အစိုးရရဲ့ပုံရိပ်ကို ဖျက်တာဆိုပေမယ့် တကယ်တမ်း တစ်နိုင်ငံလုံး ပုံရိပ်ကျသွားတာ . . .” အင်တာဗျူးး

,
“တည့်တည့်ပြောရရင် တာဝန်ရှိသူများက တာဝန်ရှိတဲ့ အလျောက် မဖြေရှင်းနိုင်တဲ့အခါမှာ၊ တာဝန်မယူတဲ့ အခါမှာ ကိုယ့်ဟာကိုယ် အဆင်ပြေသလိုလုပ်ရတဲ့အခါ ဒီလိုပဲ ကျွန်တော်တို့ နောက်ဆုတ်ရပါတယ်၊ ထိပ်တိုက်တိုးလို့မရပါဘူး။ ထိပ်တိုက်တိုးမယ်ဆိုရင် သူတို့ပြင်ထားတဲ့ ဂွင်ထဲကိုဝင်ပြီးတော့ ကျွန်တော်တို့ တစ်တိုင်းပြည်လုံး ဒုက္ခရောက်သွားနိုင်တယ် . . .”
------------------------------------------------------------

မေ၊(၁၆)၊ ၂၀၁၉၊ ရန်ကုန်
The Nyang News

မေလ(၁၅)ရက်နေ့က တောင်ဒဂုံမြို့နယ်တွင်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုမိန့်ဖြင့် အစ္စလာမ်ဘာသာဝင်များ ဘာသာရေး ဓလေ့ထုံးတမ်းအရ ၀တ်ပြုရန် သတ်မှတ်ထားသည့်နေရာသို့ လူတစ်စုက လာရောက် နှောင့်ယှက်ခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင် တည်ထောင်သူလည်းဖြစ်၊ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်လည်းဖြစ်သည့် ဦးမြအေးကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်း - မနေ့က တောင်ဒဂုံမှာဖြစ်သွားတဲ့ဖြစ်စဉ်အပေါ်မှာ ကိုမြအေး အနေနဲ့ ဘယ်လိုသုံးသပ်မိသလဲဗျ။

KMA - ကျွန်တော်မြင်တာကတော့ အခု ခင်ဗျားတို့လည်း ကြားမှာပေါ့ဗျ၊ ထောင်ဖြစ်စဉ်တွေ ဖြစ်တယ်ဗျာ။ ထောင်ဆူပူမှု ဖြစ်စဉ်တွေ။ ထောင်ဆူပူမှုဖြစ်စဉ်ဆိုတာ ကျွန်တော့်ရဲ့ သုံးသပ်ချက်အရဆိုရင် ထောင် ဆူမှုဖြစ်စဉ်တွေမှာ အစိုးရ၊ သမ္မတရဲ့စေတနာကို၊ Image ကို ဖျက်ပစ်တယ်လို့်၊ နိုင်ငံရေးအရ ဖျက်ပစ်တယ် လို့ ကျွန်တော်ဒီလိုပဲမြင်တယ်။ ဒီလိုပဲ မနေ့ကဖြစ်စဉ်က ဘာလဲဆိုတော့ ဒါမျိုးက ဒီနှစ်မှာမှ ဖြစ်တာ။ ဒီဥပုသ်လဖြစ်တဲ့ ပြဿနာက။ ဒီတောင်ဒဂုံမှာက ဗလီဝတ်ကျောင်းဆိုတာမရှိဘူး။ မရှိတဲ့အတွက် အစိုးရ ဆီမှာ ဥပုသ်လ ၀တ်ပြုဆုတောင်းဖို့ တရားဝင်ခွင့်ပြုချက်တောင်းပြီး လုပ်ရတဲ့ကိစ္စ၊ (၁၅) နေရာခွင့်ပြုဖို့ အစိုးရဆီတင်ခဲ့တယ်၊ (၃) နေရာခွင့်ပြုတယ်။ ဒီ (၃) နေရာကို လူအုပ်ကြီးနဲ့ လာပြီးလုပ်တာ။ ဆိုတော့ ဒီဖြစ်စဉ်ဟာ ကျွန်တော်မြင်တာက နံပါတ်တစ် လက်ရှိအခြေအနေမှာ ဘာသာရေး၊ လူမျိုးရေးကို ပြန်ပြီး မီးမွှေးလာတဲ့ အခြေအနေလို့ မြင်တယ်။ ပြဿနာဖြစ်အောင်လေ။ နောက်တစ်ခုက ဘာလဲဆိုတော့ ‘အစိုးရခွင့်ပြုလည်း ငါတို့အုပ်စုနဲ့ ဖျက်လို့ရတယ်’၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တယ်ဆိုတဲ့ Image ကို ဖြစ်သွားစေတယ်။ အစိုးရသိက္ခာကို ကျစေတယ်။ နိုင်ငံတော်ရဲ့ပုံရိပ်ကို နိုင်ငံတကာရဲ့အမြင်မှာ ကျစေတယ်။

ငြမ်း - မနေ့ကဖြစ်စဉ်မှာ ကြည့်လိုက်တော့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေအနေနဲ့ ထိန်းသိမ်းလို့ရတဲ့ အခြေ အနေမှာ တကယ်အရေးယူသင့်၊ အရေးယူထိုက်တဲ့သူတွေကို အရေးယူတာမျိုး မတွေ့ရဘူး။ အဲဒီတော့ ရဲတပ်ဖွဲ့က ဘာကြောင့် ဒီလူတွေကို အရေးမယူနိုင်တာလဲဗျ။ ကိုမြအေးအနေနဲ့ အဲဒါကို ဘယ်လိုမြင်လဲ။

KMA - ဟုတ်တယ်၊ တော်တော်များများက ပြည်ထဲရေးက အစိုးရရဲ့လက်အောက်မှာ မရှိဘူးပေါ့နော်၊ သီးခြား။ တကယ်လည်း ဟုတ်ပါတယ်၊ တပ်မတော်ကာကွယ်ရေးဦးစီချုပ်က nominate လုပ်တဲ့သူက ပြည်ထဲရေးဝန်ကြီးဖြစ်တာကိုး။ ဒါပေမယ့် အသေအချာပြန်စဉ်းစား။ ကျွန်တော်ပြောတာက၊ အဲဒီလိုမျိုးကိစ္စ တွေဟာ တကယ်တမ်းကျတော့ မနေ့ကလူတွေလက်ထဲမှာ  လက်နက်တွေဘာတွေ ပါလာတာပဲ၊ ဒါနဲ့တင် အရေးယူလို့ ရနေတာပဲ။ သာမန်လောက်က လမ်းသွားမယ်ဆိုရင်တောင် လက်ထဲမှာ လူတစ်ယောက်ကို ထိခိုက်နိုင်တဲ့ လက်နက်ပါရင် အရေးယူလို့ ရနေတာပဲ။ အခု အရေးမယူဘဲ ဒါကြီးကို ပစ်ထားတယ်ဆိုတဲ့ ဟာက အစိုးရရဲ့ Image ကို တစ်ဖက်က ဖျက်တာဆိုပေမယ့် တကယ်တမ်း ကျသွားတာ တစ်နိုင်ငံလုံး ကျသွားတာ၊ အစိုးရတင်မဟုတ်ဘူး တစ်နိုင်ငံလုံး Image ကျသွားတာ၊ ကျွန်တော်တို့ပါ ကျသွားတာ။ တစ်ပြည်လုံးကျတာ။ ဆိုတော့ ဒါကမကောင်းဘူးလေ။ အဲဒီတော့ ကျွန်တော်မြင်တာကတော့ နိုင်ငံက democratization ဆိုတဲ့အကူးအပြောင်းမှာ တရားဥပဒေစိုးမိုးမှုအခြေအနေက အရမ်းအရေးကြီးတယ်ဗျ။ အစိုးရကလည်း တရားဥပဒေစိုးမိုးမှုကို ပီပီပြင်ပြင်လုပ်ရမှာ။ ဆိုတော့ အဲဒီလိုမလုပ်တဲ့အပေါ်မှာ၊ လျော့တိ လျော့ရဲဖြစ်နေတဲ့အပေါ်မှာ တော်တော့်ကို အားမလိုအားမရဖြစ်လာတယ်၊ ဒါလူတိုင်းပါပဲ။

ငြမ်း - နောက်တစ်ခုက အဲဒီနေရာတွေမှာ ၀တ်ပြုဆုတောင်းမှုတွေ မလုပ်တော့ပါဘူးလို့  လက်မှတ်ထိုး လိုက်ရတယ်လို့လည်း သိရတယ်။ တစ်ဖက်ကလည်း ဒီနေရာတွေဟာ တိုင်းဒေသကြီးအစိုးရက တရားဝင် ခွင့်ပြုပေးထားတဲ့ နေရာတွေဖြစ်တယ်။ ဒါပေမယ့် ၀တ်ပြုဆုတောင်းမှုတွေ မလုပ်ဖို့ တိုင်းဒေသကြီးအစိုးရကို ကျော်ပြီး လူတစ်စုရဲ့ဖိအားနဲ့ ခံဝန်ကတိလက်မှတ်ထိုးခိုင်းလာတော့ တရားမျှတမှု တစ်ခုခုအတွက် ဘာတွေ ဆက်လုပ်ဖို့ ရှိပါသလဲ ခင်ဗျ။

KMA - ဟုတ်ကဲ့၊ သိပ်မေးသင့်တဲ့မေးခွန်းပဲ၊ သိပ်ပြောသင့်တဲ့စကားပဲဗျ။ မနေ့ညကပဲ ဘာသာရေး အသင်း အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ တော်တော်ကြာကြာ စကားပြောဖြစ်ပါတယ်။ အဓိက က အဲဒီလိုမှ လက်မှတ် မထိုးဘူးဆိုရင် အဲဒီနေရာမှာရှိတဲ့ အိမ်တွေကိုဖျက်တာတို့၊ အဲဒီနေရာတွေကို ဖျက်ဆီးတာတို့၊ ရိုက်တာတို့၊ နှက်တာတို့ စသဖြင့် လူတွေအသေအပျောက်တွေ ဖြစ်လာလိမ့်မယ်။ အဲဒီလို မလိုလားအပ်တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းမျိုး ဖြစ်လာလိမ့်မယ်လို့ သုံးသပ်မိတယ်။ သုံးသပ်မိတဲ့အခါကျတော့ ဒီလိုပဲ လက်မှတ်ထိုးတဲ့ဟာမျိုး လုပ်ကြရတယ်။ မလုပ်လို့ဘယ်ဖြစ်မလဲ၊ ဘယ်သူမှတာဝန်ယူပြီး ကာကွယ် ပေးမယ့်သူမှ မရှိတာ။ ဆိုလိုတာက ကျွန်တော်တို့ အားကိုးတာက အာဏာပိုင်အဖွဲ့အစည်း၊ ပြည်သူ့ရဲပေါ့ ဗျာ။ ဒါပေမယ့် ခင်ဗျားတို့ မနေ့က မြင်တဲ့အတိုင်းပဲလေ၊ ကားတွေဘာတွေကို ဖျက်ဆီးထုရိုက်နေတာ ပြည်သူ့ရဲတွေ ရှေ့မှာပဲလေ၊  ပြည်သူ့ရဲတွေကိုယ်တိုင်က ဘာမှမလုပ်ဘူးလေ။ အဲဒီလို အခြေအနေမျိုးကြီး မှာ ကျွန်တော်တို့က ‘အစိုးရခွင့်ပြုထားတာပဲ၊ လက်မှတ်မထိုးပါဘူး’ ပြောရင် အဲဒီမှာရှိတဲ့လူတွေရဲ့ အသက် အိုးအိမ်တွေကို အများကြီး စဉ်းစားရတယ်ဗျာ။ ကျွန်တော်တို့တင် မဟုတ်ဘူး၊ ရပ်ကွက်ထဲမှာရှိနေတဲ့ တခြား ဘာသာဝင်များရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အကုန်လုံးကို စဉ်းစားရတာလေ။ အဲဒီတော့ ဒီလိုအခြေ အနေမှာတော့ ဒီလိုပဲ နောက်ဆုတ်ရမယ်။ ဒါသည် ဒီတစ်ခုတည်း မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ တည့်တည့်ပြောရရင် တာဝန်ရှိသူများက တာဝန်ရှိတဲ့ အလျောက် မဖြေရှင်းနိုင်တဲ့အခါမှာ၊ တာဝန်မယူတဲ့ အခါမှာ ကိုယ့်ဟာကိုယ် အဆင်ပြေသလိုလုပ်ရတဲ့အခါ ဒီလိုပဲ ကျွန်တော်တို့ နောက်ဆုတ်ရပါတယ်၊ ထိပ်တိုက်တိုးလို့မရပါဘူး။ ထိပ်တိုက်တိုးမယ်ဆိုရင် သူတို့ပြင်ထားတဲ့ ဂွင်ထဲကိုဝင်ပြီးတော့ ကျွန်တော်တို့ တစ်တိုင်းပြည်လုံး ဒုက္ခရောက်သွားနိုင်တယ်။ ကျွန်တော်တို့တင် မဟုတ်ဘူး၊ အစ္စလာမ်ဘာသာဝင်တွေတင် မဟုတ်ဘူး၊ တစ်တိုင်းပြည်လုံး ဒုက္ခရောက်သွားကြမှာပါ။ ဒါကြောင့်မို့ပါ။

ငြမ်း - ဒီလိုအခြေအနေမျိုးနဲ့ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ လူတစ်စုက၊ လူအုပ်ကြီးက ဆိုတာနဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေ၊ လွတ်လပ်စွာကိုးကွယ်ခွင့်တွေက ထိပါးခံလိုက်ရတော့မှာလား။ ကိုမြအေး ဘယ်လိုမြင်လဲဗျ။

KMA - လူအုပ်စုကြီးနဲ့ အနိုင်ယူတဲ့အခါ၊ လူအုပ်ကြီးနဲ့ လာဖျက်တာတို့၊ လူအုပ်ကြီးနဲ့ လာအနိုင်ကျင့်တာ တရားမဲ့ဥပဒေကြီး ကျင့်သုံးတဲ့ပုံစံမျိုး ကျွန်တော်တို့တိုင်းပြည်မှာ သက်ဆိုးရှည်နေရင် တိုင်းပြည်ရဲ့ Democratization လည်း မအောင်မြင်နိုင်ဘူး။ တိုင်းပြည်က ဘာမှလည်း တိုးတက်လာမှာ မဟုတ်တော့ တဲ့အပြင် ကျွန်တော်တို့ အမုန်းတရားတွေနဲ့ ကျွန်တော်တို့အချင်းချင်းကြားမှာ ပိုပြီးအထင်မြင်လွဲမှုတွေ ပဋိပက္ခတွေ၊ သွေးထွက်သံယိုမှုတွေပဲ ဖြစ်မှာပဲ။ နိုင်ငံလည်း ပိုပြီးဆိုးသွားနိုင်တယ်။ Failed State ထိ ရောက်သွားနိုင်တယ်။ ဆိုတော့ ဒီဟာကြီးကို ဒီလူအုပ်ကြီးနဲ့ လာပြီးအနိုင်ကျင့်တယ်ဆိုတာမျိုး မဖြစ်စေချင် တော့ဘူး။ မည်သူမဆို၊ မည်သည့်ဘာသာဝင်မဆို နိုင်ငံသားမှန်လို့ရှိရင် ဥပဒေရဲ့အထက်မှာ ဘယ်သူ့ကိုမှ မထားပါနဲ့လား။ ဥပဒေချိုးဖောက်လာပြီ၊ ဒါမှမဟုတ်လို့ရှိရင် အစွန်းရောက်လာပြီ၊ ဥပဒေချိုးဖောက်လာပြီ ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အကုန်ပြဌာန်းထားပြီးသားပဲ။ အဲဒါတွေကိုတော့ ပြတ်ပြတ်သားသား အရေးယူမှုကို ဖြစ်စေချင်တယ်။ ဘယ်သူပဲဖြစ်ဖြစ်ဗျာ။ အဲဒီလိုမဟုတ်ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်က မလှပနိုင်ဘူး။ တအားဆိုးသွားလိမ့်မယ်။ နိုင်ငံတကာအလယ်မှာလည်း ကျွန်တော်တို့က အပြောခံရပြီးအပြောခံရတဲ့ အဆင့်ပဲဖြစ်နေတယ်။

ငြမ်း - ဒီဘာသာရေးဝတ်ပြုဆုတောင်းတဲ့ကိစ္စမှာ တိုင်းဒေသကြီးအစိုးရက တာဝန်ခံပြီး ခွင့်ပြုပေးထား တာဆိုတော့ အခုဖြစ်သွားတဲ့အပေါ်မှာရော အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုကို ဘာသာရေးအဖွဲ့အစည်း တွေက မမေးဘူးလား။ အစိုးရဘက်ကရော ဘာတွေတာဝန်ယူပေးမယ် ပြောလဲဗျ။

KMA - အဲဒါကတော့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဆိုင်တယ်ဗျ။ ကျွန်တော်ကတော့ နိုင်ငံရေးသမား ဖြစ်တဲ့အတွက် ကျွန်တော်ရိုးရိုးရှင်းရှင်းပြောတာပါ။ နိုင်ငံရေးကရှေ့မှာ၊ ဘာသာရေးက နောက်မှာ။ နိုင်ငံရေးဆိုတာ ခင်ဗျားသိတဲ့အတိုင်း မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပြည်သူအားလုံးရဲ့ အကျိုးစီးပွားက ကျွန်တော့်အတွက် တစ်ပါ။ ဘာသာရေးက နှစ်ပါ။ ဘာသာရေးက အနောက်မှာပါ။ ဘာသာရေးအဖွဲ့အစည်းတွေလည်း မပြောကြ၊ မဆိုကြဘူးတော့ မဟုတ်ဘူး။ ပြောတယ်၊ ဆိုတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ အစိုးရက ခွင့်ပြုတာလေဗျာ။ တကယ့်လက်တွေ့ မြေပြင်ပြဿနာ ဖြစ်သွားတဲ့အခါကျတော့ အစိုးရရဲ့တာဝန်ခံမှု၊ တာဝန်ယူမှုက သံသယဖြစ်စရာတွေ ဖြစ်လာတယ်။ မေးခွန်း ထုတ်စရာတွေ ဖြစ်လာတယ်။ ဆိုတော့ ဒီနေရာမှာ အခုတော့ ဘာဖြစ်လို့ တွန့်ဆုတ်နေသလဲဆိုတာ အဲဒီ တောင်ဒဂုံမှာရှိတဲ့ လူတွေရဲ့စိတ်ထဲမှာ ခံစားမိမှာပဲ။ ငါတို့ အကာအကွယ်မဲ့နေပြီဆိုတဲ့ စိတ်ကခံစားမိမှာပဲ လေ။

ငြမ်း - အခုဆို ရွေးကောက်ပွဲက နီးလာပြီလေ။ ဒီလိုနီးလာတဲ့အချိန်မှာ ဒီလိုပြဿနာမျိုးတွေ ပေါ်ပေါက် လာတာဆိုတော့ အဲဒီအပေါ်မှာရော ကိုမြအေးဘာပြောချင်သလဲခင်ဗျ။

KMA – အဲဒါ ကျွန်တော်တို့အချင်းချင်းကြားထဲမှာ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေကြားထဲမှာ တောက်လျောက် နက်ဝပ်ခ်နဲ့ ပြောနေကြပါပြီ။ ဘာနဲ့အလားသဏ္ဍန်သွားတူလဲဆိုတော့ ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီး ကာလတုန်းက ပြည်တို့၊ တောင်ကြီးတို့မှာ ဒီလိုလူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးတယ်ဗျ။ ဒါကို ကျွန်တော်တို့ ကျောင်းသားတွေအကုန်လုံး ၀ိုင်းတားခဲ့ကြတယ်။ အခုချိန်မှာရှိသင့်တာက ကျွန်တော်တို့ ဒီမိုကရက်တစ်အင်အားစုတွေလို့ ခံယူထားတဲ့ ဒီမိုကရက်တစ်အင်အားစုတွေအကုန်လုံးက တိုင်းပြည်မှာ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေမဖြစ်ဖို့ ကျွန်တော်တို့ ၀ိုင်းတားဖို့လိုလာပြီ။ စုပေါင်းပြီး တားဖို့လိုလာပြီ။ ပြည်သူလူထုကို Statement ထုတ်ပြီး ပြောတာဖြစ်ဖြစ်၊ အစိုးရကို တိုက်တွန်းတာဖြစ်ဖြစ်၊ ကျွန်တော်တို့ အားလုံးဟာ စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့ မြန်မာပြည်သူ အများစုကြီးကလည်း ဒါမျိုးကို အဖြစ်မခံဘူး။ ဒီလိုမှမဟုတ်ဘဲ ဒါကြီးကို ဆက်လွှတ်ထားမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ နီးလာလေလေ ဒီပြဿနာတွေ ပိုဆိုးလာလေလေ ဖြစ်လိမ့်မယ်။ အဲဒါကြီးကို ကျွန်တော်တို့ အဖြစ်မခံနိုင်ပါဘူး။ ကျွန်တော်တို့ အကုန်လုံး ၀ိုင်းတားဆီဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်။

ငြမ်း - မနေ့က တောင်ဒဂုံဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာရော၊ အပြင်မှာရော ဗုဒ္ဓဘာသာ ၀င်တွေက ဒီဖြစ်ရပ်အပေါ် လွန်စွာစိတ်မကောင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုတာတွေ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုကြတယ်။ ဒါပေမယ့် တိုင်းဒေသကြီးအစိုးရ အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ တစ်စုံတရာ ထုတ်ဖော်ပြောကြားတာ၊ တစ်ခုခုဆောင်ရွက်တာ မတွေ့ရသေးဘူး။ ဒီတော့ ကိုမြအေးအနေနဲ့ တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်အစိုးရကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာများပြော ချင်လဲဗျ။

KMA – ကျွန်တော် ပြည်သူလူထုကို အားကိုးတယ်။ ကျွန်တော်တို့ ပြည်သူတွေ။ ကျွန်တော် မျက်ရည် တောင် ၀ဲမိပါတယ်။ ကျွန်တော်တို့ပြည်သူတွေ အဲဒီစိတ်မရှိဘူးဗျ။ ကျွန်တော်တို့တိုင်းပြည်မှာလေ၊ တကယ့် ဗုဒ္ဓဘာသာဝင် ညီအစ်ကိုမောင်နှတွေ၊ တကယ့်ကို အလွန်ကိုနွေးထွေးတာဗျ။ တကယ်လည်း စိတ်မကောင်း ဖြစ်ကြတယ်။ တိုင်းပြည်က အဲဒီလိုချစ်စရာ။ ကျွန်တော့်ကို ဖုန်းတွေလည်းဆက်ပြောတယ်။ အားလုံးက တစ်သားတည်းရှိတယ်ဆိုတာ အားပေးတယ်။ ကျွန်တော် စိတ်ထဲ တော်တော်မကောင်းဖြစ်မိတယ်။ အစ္စလာမ်ဘာသာဝင်တွေအတွက် ကျွန်တော်တို့ရဲ့ ဘာသာမတူတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမ တွေရဲ့ အကာအကွယ်ကိုပဲ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါ ကျွန်တော်ရိုးရိုးသားသားပြောတာပါ။ နိုင်ငံရေး ဆိုတာက ရှုပ်ထွေးပါတယ်။ နောက်တစ်ခုက ပါဝါဂိမ်းတွေလည်း ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးရဲ့ ရှုပ်ထွေးမှုသံသရာကြားထဲမှာ ကျွန်တော်တို့ကို အခုလိုအကာအကွယ်ပေးတဲ့၊ နွေးထွေးပေးတဲ့ ဗုဒ္ဓဘာသာ မြန်မာပြည်သူပြည်သားအားလုံး၊ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် မြန်မာပြည်သူပြည်သား အားလုံး ကို ကျေးဇူးအရမ်းတင်ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အစိုးရပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တို့က တရားဥပဒေစိုးမိုးရေး ဘယ်နေ့များ ရမလဲဆိုတာ ကျွန်တော်တို့ ဆက်လက်မျှော်လင့်နေဆဲပဲလို့ ကျွန်တော်ပြောချင်ပါတယ်။

ဓာတ်ပုံ - (Ko) Mya Aye FB/ (ko)Thet Oo

ဦးမြအေး

#ငြမ်းမီဒီယာ#တောင်ဒဂုံ #လူအုပ်စု #နှောင့်ယှက် #တိုင်းဒေသကြီးအစိုးရ

https://m.facebook.com/story.php?story_fbid=2368622500062464&id=1867433203514732

0 ယောက်မှတ်ချက်ပြုခဲ့သည် to ““အစိုးရရဲ့ပုံရိပ်ကို ဖျက်တာဆိုပေမယ့် တကယ်တမ်း တစ်နိုင်ငံလုံး ပုံရိပ်ကျသွားတာ . . .” အင်တာဗျူးး”

Post a Comment

Related Posts Plugin for WordPress, Blogger...