Wednesday, June 12, 2019

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ချင်းတိုင်းရင်းသား ခရစ်ယန်ဘာသာဝင်များကို ဗုဒ္ဓဘာသာ သို့ အတင်းပြောင်းခိုင်းဟုဆို

,
ရန်ကုန်၊ ၂၀၁၉ ဇွန် ၁၂

ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ် ၊ မွှားကျေးရွာအုပ်စု ၊ ပဒေကြေကျေးရွာတွင် နေထိုင်ကြသည့် ချင်းခရစ်ယာန်ဘာသာဝင်များကို  ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန်အတွက် ဖိအားပေးမှုများရှိနေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင်  ထုတ်ပြန်ပြောဆိုလိုက်သည်။

ပဒေကြေကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖမျေားက  အတင်းအကျပ်ခြိမ်းခြောက်ပြီး ဝန်ခံကတိထိုး လုပ်ခိုင်းများ ရှိနေကြောင်း၊ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် အတင်းအကျပ်လက်မှတ်ထိုးခိုင်းပြီး လက်မှတ်မထိုးပါက ကျေးရွာမှ မောင်းထုတ်ခံရမည် ဟု ခြိမ်းခြောက်ပြောဆိုများ ရှိနေကြောင်း  ချင်းလူ့အခွင့်အရေးအဖွဲ့ အစည်းမှ ဆလိုင်းတေရ က ပြောသည်။

 “ ကျေးရွာအုပ်စုတွင်းမှာ ဘုန်းကြီးတွေ ၊ ဂေါပကလူကြီး ၊ အုပ်ချုပ်ရေးမှူး  အားလုံးက အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်  အရ သူတို့ လုပ်တယ်လို့ ပြောတာပဲ။ သူတို့ ပြောဆိုချက်က ဒီနယ်မြေအတွင်းမှ  ဗုဒ္ဓဘာသာဝင်မှ အပ တခြားဘာသာဝင် မရှိရဘူးဆိုတဲ့ ဆုံးဖြတ်ချက် ထားရှိတယ်လို့ ကြားသိရတယ်။ တခြားဘာသာဝင်တွေ သူတို့နယ်မြေအတွင်းမှ မနေရဘူးဆိုတဲ့ သဘောမျိုး နဲ့ ဆုံးဖြတ်ချက် ချတယ်လို့ ကျနော်ကြားသိရတယ်။ သူတို့ကို ဗုဒ္ဓဘာသာဝင် ဝန်ခံကတိထိုးမှာ ဒီမှာ  နေခွင့် ရမယ် ။ ဒါမှမဟုတ်ရင်  မွှားကျေးရွာ အုပ်စုအတွင်း  ခင်ဗျားတို့  နေခွင့်မရဘူးဆိုပြီး သူတို့ကို ခြိမ်းခြောက်တယ်။ အဲ့တာကြောင့်  သူတို့လည်း မလွေမရှောင်သာ  ပထမ နေ့ ၊  မေလ ၂၄ ရက်နေ့မှာ လူ ၂ ယောက် လက်မှတ်ထိုးခိုင်းတယ်။ ” ဟု  ချင်းလူ့အခွင့်အရေးအဖွဲ့ မှ   ဆလိုင်းတေရ က ပြောသည်။


ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ် ၊ ပဒေကြေကျေးရွာသည် အိမ်ခြေ ၂၀၀  ကျော်ရှိပြီး  ခရစ်ယာန်ဘာသာဝင်  ၁၁ အိမ်ထောင်စုသာ နေထိုင်ကြသည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်း၊ ယမန်နှစ်ကလည်း ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် ခြိမ်းခြောက်ပြီး  ကတိဝန်ခံချက်ထိုးခိုင်းသည့် ဖြစ်စဉ် ၃ ကြိမ်နီးပါးခန့် ရှိခဲ့ခြင်းကြောင့်   အခြားကျေးရွာသို့ ပြောင်းရွေ့နေထိုင်ကြသူများ ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အပေါ် နိုင်ငံတကာ အဖွဲ့အစည်း ၊ မြန်မာနိုင်ငံဥပဒေရေးရာ အဖွဲ့တွေကို တင်ပြသွားပြီး အရေးယူပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း  ချင်းလူ့အခွင့်အရေးအဖွဲ့ ၊ ဆလိုင်းတေရက ပြောသည်။

“ ၂၀၀၈ ဖွဲ့စည်းပုံမှာ အတိအလင်းဖော်ပြထားတာ ရှိတယ်။ ဘယ်သူမဆို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတယ်ဆိုပြီးတော့ ဖော်ပြထားတာ ရှိတယ်။ အဲဒီလိုမျိုး ဖြစ်တဲ့အခါ  ဘာသာကြီးတစ်ခုကနေ တခြားဘာသာဝင်တစ်ခုကို  အဲဒီလို အောက်တန်းကျတဲ့နည်းနဲ့ လုပ်တာမျိုး  တကယ်ဆိုရင် အစိုးရမှာ အာဏာအပြည့်အဝ ရှိတာပေါ့ ။  အခုဖြစ်တာက တစ်ခါတည်း မဟုတ်တော့ဘူး။ မနှစ်တုန်း ၂၀၁၈ မှာလည်း  ခရစ်ယာန် ဘာသာဝင် ၂ ယောက်ကို ရွာသားတွေ ဝိုင်းရိုက်တာ  ရှိသေးတယ်။ နောက်တစ်ခါ  ခရစ်ယာန်ဆရာတစ်ပါးကိုလည်း ရွာသားတွေ ဝိုင်းရိုက်တာ ၊ အဲဒီဆရာလည်း  သတိမေ့ပြီး ဆေးရုံတင်ရတာ ရှိတယ်။  ခရစ်ယာန်ဘာသာဝင်အိမ်တွေကိုလည်း ခဲနဲ့ ပေါက်တာတွေလည်း ရှိသေးတယ်။  ခရစ်စမတ်ပွဲတော်လုပ်ဖို့ မဏ္ဍပ်ဆောက်ထားတာတွေ ကိုလည်း အုပ်စုလိုက် ဝိုင်းဝန်းဖျက်ဆီးအကြမ်းဖက်တာတွေ ရှိတယ်။  အဲ့လိုတော်တော်များများ ဖြစ်နေတာမို့ သူတို့ က  သက်ဆိုင်ရာ အာဏာပိုင်ကဖြစ်ဖြစ် ၊ ပတ်ဝန်းကျင်နားက ရဲစခန်း  မှဖြစ်ဖြစ် အကြိမ်ကြိမ်အကြောင်းကြားခဲ့သော်လည်း အစိုးရက တစ်စုံတစ်ရာ အရေးယူပေးခဲ့တာ မရှိခဲ့ဘူးလေ“  ဟု  ဆလိုင်းတေရ က ပြောသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရှိသေးကြောင်း ပြောဆိုသည်။

"အဲဒီသတင်းက အတိအကျ သိရလား ။ အဲဒီဒေသကို သွားပြီးတော့ ကွန်ဖန်းလုပ်ပြီးပြီလား။  သူတို့ သတင်းထုတ်ပြန်ထားတာကို သွားပြီးတော့ ကွန့်ဖန်းလုပ်ပြီးပြီလား။ အဲ့နေရာကို ၊ ကျနော်တို့ကတော့ အဲ့တာကို မသိသေးဘူး။ ကျနော်တို့က မသိသေးတာ ၊  ကျနော်တို့က ဘာကို ထင်မြင်ချက်ပေးလို့ရမလဲ ။  ကျနော်တို့က မသိသေးတာ ။ ကျနော်တို့က အခြေအနေ အကျိုးအကြောင်းလည်း မသိရသေးဘူး။  ကျနော်တို့ဘာမှ ပြောလို့မရသေးဘူး။  ကောင်းတာက အဲဒီက အုပ်ချုပ်ရေးမှူးကို သွားမေးတာက ကောင်းမယ်၊ ကျနော်တို့က ဘာမှ မသိရသေးတာပဲ ဘာမှ ထင်မြင်ချက် ပေးလို့မရဘူး။  အခု မီဒီယာက ပြောမှ ကျနော်တို့က သိရတာ" ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။

www.khitthitnews.com

https://m.facebook.com/story.php?story_fbid=667429853694364&id=385165108587508

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ချင်းတိုင်းရင်းသား ခရစ်ယန်ဘာသာဝင်များကို ဗုဒ္ဓဘာသာ သို့ အတင်းပြောင်းခိုင်းဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...