Thursday, August 8, 2019

စစ်ခုံရုံးတောင်ဆံ့ပါ့မလား။

,
၇ သြဂုတ် ၂၀၁၉

စစ်ခေါင်းဆောင်တွေ ချမ်းသာနေကြပြီး အောက်ခြေစစ်သားတွေက ငှက်ပျောအူစား အသက်စွန့်နေရတဲ့အကြောင်း ရေးသားတိုင်း စစ်တပ်က ရာထူးအမြင့်ကို လိုလားနေသူတိုင်း ၊ စိတ်ဓာတ်စစ်ဆင်ရေး အကောင့်တွေ ကနေ မဟုတ်ကြောင်း ငြင်းဆိုကြတယ်။ သူတို့ပြောနေတာက စစ်ခေါင်းဆောင်တွေ ချမ်းသာနေတယ်ဆိုတာကို သက်သေပြပါတဲ့။ မှန်ကန်ရင် စစ်ရာဇဝတ်ရုံးအထိ ပို့လို့ရတဲ့အကြောင်း ပြောဆိုတာမျိုး တွေ့ရတယ်။

အထောက်အထားမဲ့ ပြောဆိုတာမျိုးက ကျနော်တို့ လုပ်လေ့လုပ်ထ မရှိတဲ့အရာဖြစ်ပါတယ်။ ဘာကြောင့် စစ်ခေါင်းဆောင်တွေ ချမ်းသာနေတာကို တစိုက်မတ်မတ်ပြောရသလဲဆိုရင် စစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူအထင်ကြီးအောင် သုံးဖြုန်းနေတာတွေ ဒုနဲ့ဒေးရှိနေလို့ပါပဲ။ နမူနာအနေနဲ့ လူထုအမြင်မှာ ရိုးရိုးကုပ်ကုပ်နေသယောင်နဲ့ နောက်ကွယ်မှာ သားတွေ၊ သမီးတွေ နာမည်နဲ့ စီးပွားရေးလုပ်နေတဲ့ မင်းအောင်လှိုင်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ စီးပွားရေးပိုသောင်းကျန်းလာပါတော့တယ်။

သားဖြစ်သူ အောင်ပြည့်စုံကိုယ်တိုင် ဒါမှမဟုတ် သူ့ဇနီးအမည်နဲ့ ရောင်းဝယ်ရေး၊ ဆေးရုံသုံးစက်ပစ္စည်း၊ ဟိုတယ်လုပ်ငန်း ၊ အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီ၊ Sky One Construction ၊ ပြည်သူ့ဥယျာဉ်အတွင်း The Yangon Gallery နဲ့ ရန်ကုန်စားသောက်ဆိုင်တို့ကို လုပ်ကိုင်ခွင့်ရရှိထားတဲ့အပြင် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)နဲ့ ဗီယက်နမ်ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ MEC Mytel ဆက်သွယ်ရေးကုမ္ပဏီမှာ ကြီးမားစွာ ရင်းနှီးမြုပ်နှံထားခြင်းတို့က ထင်ရှားသက်သေဖြစ်နေပါတယ်။

မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်ကလည်း ရုပ်ရှင်ဇာတ်ကားသစ်တွေ ရိုက်ကူးထုတ်လုပ်နေတဲ့ Seventh Sense Company Limited နဲ့ ချွေးမ မျိုးရတနာထိုက်ကလည်း ရုပ်သံဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေ တင်ဆက်နေသတဲ့ “စတယ်လာဆဲဗင်း” (Stellar Seven Entertainment Company Limited) အမည်ရ ဖျော်ဖြေရေးကုမ္ပဏီတို့ကို အသီးသီး တည်ထောင်ထားကြတာပါ။ ဒီကုမ္ပဏီတွေဟာ ရုပ်ရှင်နဲ့ အနုပညာဖျော်ဖြေရေးကဏ္ဍမှာ ခန့်မှန်းခြေ နှစ်စဉ် ကျပ်သိန်းပေါင်း သောင်းချီ ရင်းနှီးမြှုပ်နှံနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်ချွေးမ ဦးဆောင်တဲ့ Stellar Seven Entertainment Company Limited က မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA) က ဦးစီးစီစဉ်တဲ့ ရုပ်ရှင်နဲ့ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲ Star Awards အခမ်းအနားအတွက် ကျပ်သိန်း ၄၀၀၀ အကုန်အကျခံ ပံ့ပိုးပေးခဲ့တာ ၊ MJA ကို ကျပ်သိန်း၃၀၀ လှူဒါန်းခဲ့ခြင်းမျိုးတွေလည်း ရှိနေခဲ့တာပါ။
( Source – Myanmar Now )

စီးပွားရေးလုပ်ငန်းတွေသာမကဘဲ သူတို့ရဲ့ တကိုယ်ရေ အသုံးအဆောင်တွေကို ကြည့်လိုက်ရင်လည်း မင်းအောင်လှိုင်ဇနီးနဲ့ သမီး အသုံးပြုနေတဲ့ Birkin အမှတ်တံဆိပ် လက်ကိုင်အိတ်ဟာ အမေရိကန်ဒေါ်လာ တစ်သောင်းရှစ်ထောင်တန်ကြေးရှိပြီး မြန်မာငွေနဲ့ဆိုရင် သိန်း နှစ်ရာခုနှစ်ဆယ်ခန့်ရှိပါတယ်။ ဒီလက်ကိုင်အိတ်တွေအပြင် သူတို့ ဝတ်ဆင်နေတဲ့ အင်္ကျီတွေကလည်း တစ်ထည်ကို မြန်မာငွေ လေးသိန်းနဲ့အထက်မှာရှိနေတာပါ။ စစ်အာဏာရှင်ရဲ့ လက်ရှိမျိုးဆက်တွေ၊ မျိုးဆက်အကြွင်းအကျန်တွေ ပိုက်ဆံကို ထင်သလိုသုံး၊ စီးပွားရှာ၊ အာဏာငမ်းဖမ်း လုပ်နေတာတွေက စစ်ရာဇဝတ်ရုံးကို တင်လို့ ဖြစ်ပါ့မလား။ အကောင်ကြီးပြီး လူများလွန်းတော့ စစ်ရာဇဝတ်ရုံးနဲ့တောင် ဆံ့ပါ့မလား။

တပ်မတော်လစာနှုန်းထားသစ်အရ ဗိုလ်ချုပ်မှူးကြီးအဆင့်ရဲ့ လစာဟာ တလကို သိန်းသုံးဆယ်ကျပ်သာ ရရှိတာဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ လစာငွေနဲ့ အခုလို စီးပွားရေးလုပ်ငန်းတွေ မတန်မရာလုပ်ကိုင်နေတာ ငွေကို ရေလိုသုံးနေတာ သား၊ သမီး ၊ ချွေးမတွေကို ထောက်ပံ့နေတာတွေ လုပ်နိုင်ပါ့မလား ။ ကာချုပ်ချွေးမ ဝတ်ထားတဲ့ အင်္ကျီ Versace တံဆိပ် တထည်ကိုကပဲ ယူရို ၂၀၀ကျော်ရှိပါတယ်။ တကယ်လို့ ဒီလို ထောက်ပံ့နိုင်တယ်ဆိုရင် အဲဒီငွေကြေးတွေ ဘယ်ကရသလဲ။ ပြည်သူပိုင်ဘဏ္ဍာငွေတွေပဲ ဖြစ်ရတော့မှာပါ။ ။ တနည်းအားဖြင့် ခိုးယူထားတဲ့ ငွေတွေ၊ အဂတိလိုက်စားလို့ ရထားတဲ့ငွေတွေပါပဲ။

ဒါကလွဲလို့
တခြား ဘာမှ မဖြစ်နိုင်တော့ဘူး။
မွဲငတ်နေတဲ့ ရဲဘော်တွေကို အားနာဖို့ ကောင်းပါတယ်။

#လှမောင်ချို

https://m.facebook.com/story.php?story_fbid=1082143715323577&id=1010432835827999

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စစ်ခုံရုံးတောင်ဆံ့ပါ့မလား။”

Post a Comment

Related Posts Plugin for WordPress, Blogger...