Saturday, August 3, 2019

မပြည့်တဲ့အိုးနှင့်ပြည့်တဲ့အိုး [အပိုင်း-၂]

,
တပ်မတော်ကို သူ့ရဲ့ခါးပိုက်ဆောင်တပ်အဖြစ် စတင်ပုံသွင်းဖန်တီးရာမှာ ပထမဦးဆုံးအဆင့် "ကြည်း-ရေ-လေ တပ်မှူးကြီးများ ရှင်းလင်းရေး" ကို လုပ်ဆောင်ပြီးတဲ့အခါ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ အများသိပြီးဖြစ်တဲ့အတိုင်း ဗိုလ်နေဝင်းဟာ အာဏာသိမ်းယူလိုက်ပါတယ်။
.
တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကြေငြာခဲ့ပြီး တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနှင့် စတင်အုပ်ချုပ်ခဲ့ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းသွားပြီး လွတ်လပ်ခွင့်တွေလည်း တဖြည်းဖြည်းပျောက်ဆုံးခဲ့ရပါတော့တယ်။
.
စီးပွားရေးလုပ်ငန်းတွေအားလုံးကို ပြည်သူပိုင်သိမ်းလိုက်ပြီး သတင်းစာတိုက်တွေ စာနယ်ဇင်းတွေ အားလုံးကိုလည်း တပ်မတော်က အကုန်ချုပ်ကိုင်လိုက်တော့ သတင်းနဲ့စာနယ်ဇင်း လွတ်လပ်ခွင့်တွေ အားလုံးဆုံးရှုံးသွားခဲ့ရပါတယ်။
.
ကျောင်းသားတွေ ဆန္ဒပြခဲ့လို့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ Seven July အရေးအခင်းနှင့် ကျောင်းသားသမဂ္ဂဖြိုခွဲခံရမှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနှင့် မြန်မာပြည်ကွန်မြူနစ်ပါတီတို့ရဲ့ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုတွေ ရှိနေခဲ့ပေမယ့်လည်း အဲဒီအချိန်က မြန်မာနိုင်ငံမှာ ဖြစ်ရှိခဲ့တဲ့ နိုင်ငံရေးရေစီးကြောင်းအရ တပ်မတော်က အာဏာသိမ်းယူခဲ့တာကို မကြိုက်သူတွေ ဆန့်ကျင်ခဲ့သူတွေရှိခဲ့သလို၊ လက်ခံထောက်ခံတဲ့ သူတွေလည်း ရှိခဲ့ပါတယ်။
.
စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့်လည်း တိုင်းပြည်က အရင်တုန်းက ချမ်းသာခဲ့တဲ့ ကောင်းမွန်ခဲ့တဲ့ အရှိန်နဲ့  မူလ သယံဖာတပေါကြွယ်ဝမှု တွေကြောင့် စီးပွားရေးအကြပ်အတည်းတွေ စားဝတ်နေရေး အခက်အခဲတွေကို ရုတ်တရက် မကြုံခဲ့ရပါဘူး။
.
၁၉၆၂ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ၅နှစ်တာ ကာလလောက်ဟာ ခေတ်စနစ်တွေ ပြောင်းသွားပေမယ့် ပြည်သူအများစု စားဝတ်နေရေး ချောင်လည်ခဲ့ပြီး ငွေကြေးဖောင်းပွမှု ဆိုးဆိုးဝါးဝါးလည်း မဖြစ်ခဲ့တဲ့ နှစ်ပိုင်းအချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဘာနှင့်တူသလဲဆိုတော့ ချမ်းသာတဲ့မိဘရဲ့အမွေအနှစ်ကို ရလိုက်တဲ့အတွက် ဘာအလုပ်မှမလုပ်ပေမယ့်လည်း နှစ်အနည်းငယ်လောက်အထိ ဟန်မပျက် သုံးဖြုန်းနေနိုင်တဲ့ သားသမီးတွေလိုပေါ့။
.
၁၉၆၇ ခုနှစ်မှာတော့ ဆန်စပါးပြတ်လပ်မှု စတင်ကြုံတွေ့ လာခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာက ၁၉၆၆ ခုနှစ်ထဲမှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် စိုက်ထားတဲ့စပါးတွေ တော်တော်များများ ပျက်ဆီးခဲ့ရတယ်။
.
ဒါပေမယ့် ပြည်တွင်းစားသုံးမှုအတွက် လုံလောက်အောင် ဖယ်မထားခဲ့ပဲ နိုင်ငံခြားဆန်တင်ပို့မှုကို ပိုပြီးတိုးမြှင့်ခဲ့တဲ့အတွက်ကြောင့် ပြည်တွင်းဆန်ပြတ်လပ်မှု စတင်ကြုံတွေ့ခဲ့ရပါတယ်။ ထိုနှစ် သြဂုတ်လ(၁၃)ရက်နေ့မှာ ရခိုင်ပြည် စစ်တွေမြို့မှာ ဆန်ဂိုဒေါင်တွေကို ဖေါက်ယူကြတော့ ပစ်ခတ်နှိမ်နင်းရတာတွေ ဖြစ်လာရပါတယ်။ ဒီဆန်ပြဿနာ တပြည်လုံးပျံ့နှံ့သွားမှာကို စိုးရိမ်လာတော့ ပြည်သူတွေကို အာရုံလွှဲဖို့အတွက် ဗိုလ်နေ၀င်းဟာ တရုတ်-မြန်မာ အရေးအခင်းကို ဖန်တီးလိုက်ပြီး မြန်မာပြည်ဖွား တရုတ်လူမျိုးတွေကို ထိုးကျွေးလိုက်ပါတော့တယ်။
.
ဒီလိုအခက်အခဲတွေ ပြဿနာတွေ ရင်ဆိုင်နေခဲ့ရပေမယ့်လည်း အဲဒီအချိန်က (၁၉၇၀ ခုနှစ်မတိုင်မီက) တပ်မတော်ခေါင်းဆောင်တွေ အားလုံလိုလို (ဗိုလ်နေ၀င်းကလွဲလို့) လာဘ်စားမှု ကင်းစင်ကြပြီး ကိုယ်ကျင့်သီလလည်း ကောင်းမွန်ကြတဲ့ စစ်သားစစ်စစ် အရာရှိကြီးတွေမို့လို့ ယခုခေတ်လို ပြည်သူလူထုအများစုရဲ့ မုန်းတီးခြင်းကိုမခံရပဲ တပ်မတော်သားတွေအပေါ်မှာ ပြည်သူအများစုက မေတ္တာရှိခဲ့ လေးစားခဲ့ကြတဲ့အချိန်တွေ ဖြစ်ခဲ့ပါတယ်။
.
အရပ်ဘက် ဌာနဆိုင်ရာတွေမှာ အရပ်သား ကျွမ်းကျင်သူ ပညာတတ်တွေအပေါ်မှာ စစ်ဗိုလ်တွေရောက်လာပြီး အုပ်ချုပ်တော့ တချို့ဌာနတွေမှာ လုပ်ငန်းပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ကတောက်ကဆဖြစ်ရမှုတွေ ရှိခဲ့ပေမယ့်လည်း ပြည်သူအများစုနှင့်တပ်မတော်ဟာ သိပ်ပြီး ကင်းကွာမှု မရှိခဲ့ပါဘူး။
.
အမှန်တကယ်လည်း ထိုခေတ်ထိုအချိန်က တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ခိုးယူပြီး ကျိကျိတက် ချမ်းသာသွားတဲ့ တပ်မတော်ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး။
.
"ဗိုလ်နေ၀င်းကလွဲလို့"ဆိုပြီး ဘာလို့ပြောရသလဲဆိုတော့ အဲဒီအချိန်မှာ သူဟာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေကို ယူပြီး ဆွစ်ဇာလန်နိုင်ငံနှင့် ဥရောပနိုင်ငံအချို့မှာ ထားထားလိုက်ပြီးပြီမို့လို့ပါပဲ။
.
ရှင်းရှင်းပြောရရင် ဗိုလ်နေ၀င်းဟာ “ငါပြောသလိုလုပ်၊ ငါလုပ်သလို လိုက်မလုပ်နဲ့" ဆိုတဲ့လူစားမျိုးပါ။ တိုင်းပြည်ကောင်းဖို့ထက် သူအာဏာမြဲဖို့ကိုပဲ အဓိကထား လုပ်ဆောင်ခဲ့တဲ့သူပါ။
.
တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းပြောခဲ့သလို “အာဏာသည် သေနတ်ပြောင်းဝမှာ ရှိသည်” ဆိုသည့်အတိုင်း လက်နက်ကိုင်တပ်မတော်ကို တဖြည်းဖြည်းချင်း သူ့ရဲ့သြဇာအာဏာ အပြည့်အ၀ သက်ရောက်သည့်တပ် ဖြစ်လာအောင်ကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့သူဖြစ်ပါတယ်။
.
တစ်ချိန်ထဲမှာပဲ သူ့အာဏာတည်မြဲရေးအတွက် စစ်ဖက်အရပ်ဖက် အုပ်ချုပ်ရေးပိုင်းမှာ သူ့ရဲ့အတွင်းစည်း အပြင်စည်းဆိုပြီး ခွဲခြားမှုကို စတင်ပြုလုပ်လာခဲ့ပါတယ်။
.
စစ်တပ်ထဲကို ဝင်လာတဲ့ သာမန်ပြည်သူပြည်သား တစ်ယောက်အနေနဲ့ ဒုဗိုလ်မှူးကြီးအဆင့်လောက်အထိတော့ ပုံမှန်ဖြစ်လာနိုင်ပေမယ့်၊ Full Colonel ဗိုလ်မှူးကြီးဖြစ်ဖို့ကိုတော့ ဗိုလ်နေဝင်းကိုယ်တိုင် အသေအချာစီစစ်ပြီး သူ့အတွင်းစည်းထဲ ထည့်နိုင်မယ့်သူမျိုးကိုသာ ပေးပါတယ်။ အထူးသဖြင့် လေတပ် ရေတပ် ဆေးတပ် အင်ဂျင်နီယာတပ်တွေမှာ ဗိုလ်မှူးကြီးအဆင့်နှင့်အထက် ဖြစ်ဖို့ဆိုတာ လက်ချိုးရေတွက်လို့ရအောင် နည်းပါးခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။
.
သူသိပ်မယုံကြည်လို့ တပ်ထဲမှာ ဆက်မထားလိုတဲ့သူ၊ သူ့အတွင်းစည်းထဲမှာ မထည့်သွင်းလိုတဲ့ သူတွေဟာ ဒုဗိုလ်မှူးကြီးအဆင့်မှာသာ ရပ်သွားပြီး အရပ်ဖက်အဖွဲ့အစည်းတွေမှာ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး စသည့်တာဝန်တွေကို ထမ်းဆောင်စေပြီး တပ်နှင့်ဝေးအောင် လုပ်ပစ်လိုက်ပါတယ်။
.
တပ်မှူးတွေရှင်းလင်းရေးမှာ ပါသွားခဲ့တဲ့ ကျွန်တော့်ဖခင်ဟာ သံတမန်တာဝန်တွေ ထမ်းဆောင်ခဲ့ပြီးလို့ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်လာတော့လည်း ဗိုလ်နေ၀င်းရဲ့အတွင်းအပြင် စည်းခြားရေးမှာလည်း ထပ်မံပါဝင်သွားခဲ့ပြန်ပါတယ်။
.
ကျွန်တော် ဒီလိုရေးပြရတာဟာ ကိုယ့်အဖေအကြောင်းတွေကို အမွှန်းတင်ရေးပြချင်လို့  မဟုတ်ပါ။ တိုင်းပြည်မှာ အမှန်တကယ် ဖြစ်ခဲ့တာတွေကို အမှန်အတိုင်း နောက်လာနောင်သားတွေ သိရှိရအောင်လို့ပါ။
.
ယခုခေတ်တပ်မတော်နှင့် ယခင်ခေတ်က တပ်မတော်သားတွေရဲ့စိတ်ဓါတ် ခံယူချက် ကိုယ်ကျင့်တရားနှင့် တိုင်းပြည်အပေါ်မှာထားရှိတဲ့ သစ္စာတရားနှင့် စိတ်စေတနာတွေကို နှိုင်းယှဉ်ကြည့်မိ နိုင်ကြစေဖို့ပါ။
.
လူတစ်ဦးတစ်ယောက်ရဲ့ အာဏာကိုဖက်တွယ်မှုအတွက် တကိုယ်ကောင်းဆန်စွာ တပ်မတော်ကို သူ့ရဲ့ခါးပိုက်ဆောင်တပ် ဖြစ်သွားအောင် စနစ်တကျ ဘယ်လိုပုံသွင်း တည်ဆောက်သွားခဲ့သလဲဆိုတာကိုလည်း နောက်လာနောင်သားတွေ သိစေချင်လို့ပါ။
.
ဒီကနေ့ ကျွန်တော်တို့ ပြည်သူလူထုအများစု ကြုံတွေ့ခံစားနေရတာတွေဟာ ဘယ်သူ့ကြောင့်လဲ၊ ဘယ်နေရာကနေ စတင်အခြေခံခဲ့သလဲ ဆိုတာာတွေကို မြင်စေ သိစေချင်လို့ပါ။
.
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မိသားစု ၄နှစ်နေခဲ့ကြပြီး ပြန်လာတော့ အဖေ့ကို တပ်စခန်းတွေမှာ တာဝန်မပေးတော့ပဲ အရပ်ဖက်မှာ တာဝန်ထမ်းဆောင် စေခဲ့ပါတယ်။
.
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (Civil Aviation) မှာ ညွှန်ကြားရေးဝန် (၁၉၇၂ ခုနှစ်မတိုင်မီက အခေါ်အဝေါ်ပါ။ နောက်ပိုင်း ညွှန်ကြားရေးမှူးချုပ်အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်) အဖြစ် အဲဒီဌာနမှာပဲ အငြိမ်းစားယူတဲ့ ၁၉၇၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
.
အဖေအငြိမ်းစားယူတော့ လက်ချည်းဗလာသက်သက်ပါ။
သူ့ဖခင် ကျွန်တော့်အဖိုးရဲ့အိမ် ကြည့်မြင်တိုင် ဈေးကြီးလမ်းမှာ နေခဲ့ပါတယ်။ အငြိမ်းစားမယူခင် ၁၉၇၄-၁၉၇၅ ခုနှစ်မှာ နှလုံးရောဂါရရှိခဲ့ပြီး heart attack ၂ကြိမ် ရရှိခဲ့ပေမယ့်လည်း အသက်ရှင်နေခဲ့ပါတယ်။
.
ဘာပြစ်ချက်မှမရှိပဲ တပ်ကအဖယ်ခံရပြီး သမိုင်းပါအဖျောက်ခံရတဲ့အထိ အနှိမ်ခံခဲ့ရပေမယ့်လည်း ကျွန်တော့ဖခင်ဟာ သူကွယ်လွန်ချိန် ၁၉၈၁ ခုနှစ်အထိ တိုင်းပြည်အပေါ်မှာကော၊ တပ်မတော်ကိုပါ သစ္စာရှိသွားခဲ့ပါတယ်။ တပ်မတော် အကြောင်းကော၊ ဘယ်သူ့အကြောင်းမှ မကာင်းးတာ ပြောမသွားခဲ့ပါဘူး။
.
အဖေမကွယ်လွန်ခင် ကျွန်တော် ကလေးသာသာဘ၀က အင်ဗွိုင်းခန်းမမှာ ပြသထားတဲ့ တပ်မတော်ပြပွဲတစ်ခုကို အဖေနှင့်အတူသွားခဲ့ပါတယ်။ တစ်နေရာမှာ အဖေစိုက်ကြည့်နေတဲ့ဓါတ်ပုံတစ်ပုံကို ကျွန်တော်ပါ ကြည့်လိုက်တော့ အဖေ့ပုံကိုတွေ့လိုက်ရတော့ "ဟော ဒီမှာ ဖေကြီး" ဆိုပြီး ၀မ်းသာအားရ ထအော်ပြီး ထောက်ပြလိုက်တယ်။ ဓါတ်ပုံမှာ "မြန်မာ့လေတပ်မတော် ကနဦး ပထမဦးဆုံး လေသူရဲအချို့" ဆိုပြီး ရေးထားတာတွေ့ရပါတယ်။ နာမည်တွေတော့ ဖေါ်ပြမထားပါ။ တခြားပုံတွေမှာတော့ ထိုအချိန်က ထိပ်တန်းရာထူးတွေရယူထားတဲ့သူတွေရဲ့ပုံတွေ အမည်တွေ ကိုယ်ပိုင်နံပါတ်တွေနှင့် ဝေေ၀ဆာဆာ တွေ့ရပါတယ်။
.
ကျွန်တော်က အဖေ့ကို မေးခဲ့မိတယ် "ဖေကြီးတို့ပုံကျတော့ ဘာလို့ နာမည်မပါတာလဲ" ဆိုတော့ အဖေက ပြုံးပြီးပြန်ဖြေတယ်။
.
"သူတို့ မေ့သွားလို့ နေမှာပေါ့ကွ" တဲ့။

#မပြည့်တဲ့အိုးနှင့်ပြည့်တဲ့အိုး [အပိုင်း-၂]
သီရိညွန့်
ဖေဖော်ဝါရီလ(၁၅)ရက်၊ ၂၀၁၉ ခုနှစ်

( စာရေးသူ သီရိညွန့်  Thiri Nyunt သည် မြန်မာ့လေတပ်မတော် စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော (လေ-၁၀၂၄) ဒုဗိုလ်မှူးကြီးအောင်ညွန့် ၏ သား အငယ်ဆုံး ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလတွင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန်အတွက် တောခိုသွားခဲ့ကြသော ကျောင်းသားလူငယ်များထဲမှ တစ်ဦး ဖြစ်ပါသည်။ )
..
#မပြည့်တဲ့အိုးနှင့်ပြည့်တဲ့အိုး [အပိုင်း-၁]
https://www.facebook.com/thiri.nyunt/posts/2019624061484459
..
#မပြည့်တဲ့အိုးနှင့်ပြည့်တဲ့အိုး [အပိုင်း-၂]
https://www.facebook.com/thiri.nyunt/posts/2028431927270339
..
#မပြည့်တဲ့အိုးနှင့်ပြည့်တဲ့အိုး [အပိုင်း-၃]
https://www.facebook.com/thiri.nyunt/posts/2041621282618070
..
#မပြည့်တဲ့အိုးနှင့်ပြည့်တဲ့အိုး [အပိုင်း-၄]
https://www.facebook.com/thiri.nyunt/posts/2197311647049032
...
ဓါတ်ပုံ -
အိမ်စောင့်အစိုးရလက်ထက် ကြည်း ရေ လေ တပ်မှူးများ အစည်းအဝေးတစ်ခုမှ တပ်မတော်အရာရှိအချို့။
.
နောက်တန်း ဝဲမှယာ - ဗိုလ်မှူးကြီးထွန်းစိန်၊ ဒုဗိုလ်မှူးကြီးအောင်ညွန့်(လေ)၊ ဒုဗိုလ်မှူးကြီးစောရှီးရှိုး(လေ)၊ ဒုဗိုလ်မှူးကြီးဘနီ၊
.
ရှေ့ တန်း ဝဲမှယာ - ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးအေးမောင်၊ ဗိုလ်မှူးကြီးလှအောင်။


https://m.facebook.com/story.php?story_fbid=2427164314164881&substory_index=0&id=1421181724763150

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မပြည့်တဲ့အိုးနှင့်ပြည့်တဲ့အိုး [အပိုင်း-၂] ”

Post a Comment

Related Posts Plugin for WordPress, Blogger...