Friday, December 6, 2019

ခင်ဗျားတို့ကျနော်တို့လည်းပါပါတယ်

,
ဧည့်သည် ဆိုတာက
ဧည့်သည်လိုပဲ နေရတယ်
အိမ်ရှင်စိတ်မွေးလို့ မရဘူး 😁

ကျေးကုလားတသန်းကျော်ထဲမယ်
ငါးပါးသီလမွဲတဲ့သူဆိုလို့
တယောက်နဲ့တပိုင်းရှိတာမလို့
သတ်တာလည်း အပြစ်မဖြစ်ဘူး 😂

ကျူးကျော်တိုက်ခိုက်သူတွေချင်းအတူတူ
ငါတို့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဖြစ်နေရင်
ကျူးကျော်တိုက်ခိုက်သူထေရဝါဒဗုဒ္ဓဘာဝင်ကို
ခုခံရင်သတ်မိပါရင် ငရဲကြီးမယ်။ 😂

ကျူးကျော်တိုက်ခိုက်သူက
ထေရဝါဒဝင်မဟုတ်ရင်
ဘယ်လောက်များပြားတဲ့လူတွေဖြစ်နေလည်း
ထေရဝါဒဝင်မဟုတ်လို့ လူ မဟုတ်ဖူး
လူမဟုတ်တာကိုသတ်လို့
အပြစ်အကုသိုလ်အနည်းငယ်မျှမရဘူး 😂

လူမျိုးတုံးသတ်ဖြတ်မှုလို ရာဇဝတ်မှုကြီးတွေမှာ
ကျူးလွန်သူအုပ်စုနဲ့ ဓါးစာခံအုပ်စုရယ်လို့
ရှိကြပြီး အုပ်စုတစုနဲ့တစု၊ လူတဦးနဲ့တဦး
ရပ်တည်မှုတွေ၊ ဖြစ်တည်မှုတွေကို
လက်မခံနိုင်ရလောက်အောင် မုန်းတီးစေဖို့
လူသာမာန်တွေအတွက် တတ်နိုင်ခဲတယ်။
ဒီလိုမျိုး အမုန်းတရားတွေ လူ့အဖွဲ့အစည်းထဲမှာ
ပျံ့နှံ့စိမ့်ဝင်ဖို့ သာမာန်ထက် တဆင့်မြင့်တဲ့
လူမှုအဆင့်ရှိသူတွေက လုပ်ကိုင်တတ်ကြတယ်။
ပညာရှင်တွေ၊ လူမှုသက်ရောက်အားမြင့်သူတွေ
ကိုးကွယ်တဲ့ ဘာသာတရားထဲက ပုဂ္ဂိုလ်တွေက
ဒီလိုကိစ္စတွေမှာ အများပြည်သူရင်ထဲကို
အမုန်းတရားထည့်ပေးတဲ့ အခန်းကဏ္ဍမှာ
နေရာယူလေ့ရှိကြတယ်။

လူအုပ်စုတစုနဲ့တစု ရပ်တည်မှုဖြစ်တည်မှုကို
လက်မခံနိုင်လောက်အောင် အစွန်းရောက်တဲ့
ရာခိုင်နှုန်းဟာ ၈၀ အထက် မကျော်မချင်း
သတ်တာဖြတ်တာတွေ ဖြစ်လေ့မရှိဘူး။

ဒီအခြေအနေရောက်ဖို့ ကနဦးအနေနဲ့
ငါတို့နဲ့ သူတို့ မတူဘူး ဆိုတဲ့ အမြင်ကို
ငယ်ငယ်တည်းက သွင်းပေးရတယ်။
အမုန်းတရား ဆိုတာ ဘာမှန်း မသိခင်အရွယ်
မူလတန်းတက်ပါပြီဆိုကတည်းက
စပြီး တွေ့ထိပေးထားတတ်ကြတယ်
ကိုယ်နဲ့ အစားအသောက် အနေအထိုင်
ဝတ်စားဆင်ယင်ပုံ မတူသူတွေတွေ့တဲ့အခါ
ဘယ်ကကြားလာမှန်းမသိတဲ့ name calling တွေ
နှိမ့်ချမှုတွေကို ကလေးတွေ စလုပ်ကြတယ်
"ကုလား ကုလား ဝက်ချေးစား
တရုတ် တရုတ် စောက်စားပုတ်
ဗမာ ဗမာ လူလိမ္မာ" ဆိုတာလေးတွေက စတယ်
(ကန်တော့ပါရဲ့ အစ္စလာမ်မိတ်ဆွေများ
တရုတ်သူငယ်ချင်းများ)

အဲဒီနောက်မှာတော့ အဲဒီအုပ်စုဝင်တွေရဲ့
ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်
ရပိုင်ခွင့်တွေကို ပြည်သူချင်းတင်မက
အစိုးရဘက်ကပါ ခွဲခြားနှိမ်ချဆက်ဆံဖို့
မူဝါဒတွေ ချမှတ်လာကြတယ်
ဗမာဗုဒ္ဓ မဟုတ်ရင် မှတ်ပုံတင်၊ သန်းခေါင်စာရင်း
နိုင်ငံကူးလက်မှတ် ဘယ်လောက်ခဲယဉ်းကြောင်း
လိုက်မေးကြည့်ရင် သိပါလိမ့်မယ်
နိုင်ငံသားမှတ်ပုံတင် ပန်းရောင်ကဒ်ကို
အကြောင်းအမျိုးမျိုးကြောင့် မရသေးရင်
အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်
ဘယ်လောက်ခက်ခဲမယ်ဆိုတာလည်း
အားလုံးကြားဖူးကြမှာပါ

အစိုးရဝန်ထမ်းတွေထဲကို ကြည့်ကြည့်ပါဦး။
အမှုထမ်းအရာထမ်းတွေ ရာထူးတိုးရင်
ဘာသာလူမျိုး ဘယ်လောက် အရေးပါမယ်ထင်လဲ
ညွှန်ချုပ်ညွှန်မှူး စတဲ့ ထိပ်တန်းရာထူးတွေမှာ
ဗမာ မဟုတ်သူ၊ ဗုဒ္ဓဘာသာ မဟုတ်သူ
ရာခိုင်နှုန်း ဘယ်လောက်ရှိမယ် ထင်လဲ
ဗမာနိုင်ငံ၊ ဗမာလူမျိုး အများစုမလို့
ဗမာ အများစုဖြစ်ရတယ်လို့ လူပြိန်းတွေး
မတွေးပါနဲ့။ တည်ရှိတဲ့ လူဦးရေ အချိုးအစားမှာ
အဲဒီအချိုးအစားအတိုင်း မခန့်ထားနိုင်ရင်
ဥပမာ  ခရစ်ယာန်၊ အစ္စလာမ်၊ တိုင်းရင်းသား
၂၀ ရာခိုင်နှုန်းရှိတဲ့ နယ်မြေမှာ မူဝါဒနဲ့
ဆုံးဖြတ်ချက်ချသူ ရာထူးရှိသူတွေ ၂ ရာခိုင်နှုန်း
မရှိဘူးဆိုရင် စနစ်တကျ ခွဲခြားနှိမ်ချဆက်ဆံတဲ့
ပေါ်လစီရှိမှန်း သိသာထင်ရှားနေပါပြီ

အဲဒီအခါမှာ နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်း
တစုံတရာဖြစ်တိုင်း လူထုကို အာရုံလွှဲဖို့
ဒီအုပ်စုနှစ်စုကို ရန်တိုက်ပေးပြီး နိုင်ငံရေး
အမြတ်ထုတ်မယ့်သူတွေဟာ ဒါကို ဝှက်ဖဲအဖြစ်
အသုံးပြုလာကြပါတယ်။ အမုန်းတရားတွေ
ထည့်သွင်းပေးခံထားရတဲ့ လူထုဟာလည်း
အခွင့်အရေးရတာနဲ့ လူသတ်မုဒိန်းကျင့်
မီးရှို့ ဆိုတဲ့ အလုပ်တွေကို စိတ်လိုလက်ရ
တက်တက်ကြွကြွ ကျူးလွန်ကြပါတော့တယ်
မိတ္ထီလာဖြစ်ရပ်ဟာ တကယ့် Textbook
ပုံသေနည်းလို့တောင် ဆိုနိုင်ပါတယ်

စစ်တပ်က လုပ်တာတို့၊ ကြံဖွတ်က လုပ်ခဲ့တာတို့
မဘသကြောင့်တို့ဆိုပြီး လက်ညှိုးထိုးရတာ
လွယ်ပါတယ်။ အဓိက တရားခံတွေ ဆိုတာလည်း
ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကျနော်တို့လို
အစွန်းမရောက်ပါဘူး ဆိုသူတွေကရော
အားမပေးပေမယ့် အဟန့်အတားဖြစ်စေမယ့်
စကားတွေ လုပ်ရပ်တွေ ဘာလို့ နည်းပါးခဲ့ရတာလဲ
ချစ်လှပါတယ် ဆိုတဲ့ လူထုခေါင်းဆောင်ကို
နိုင်ငံတကာခုံရုံးအရောက် ပို့ပေးခဲ့တာ
ဆန့်ကျင့်ဘက်အဖွဲ့အစည်းတခုတည်း မကပါဘူး
ခင်ဗျားတို့ ကျနော်တို့ပါ ပါပါတယ်

ဘယ်လိုဖြေရှင်းမလဲ မမေးပါနဲ့
အဖြေက ခုနလုပ်ခဲ့တာတွေနဲ့ ပြောင်းပြန်လုပ်ရင်
နီးစပ်ပါတယ်။ အမုန်းတရားတွေ လူထုရင်ထဲ
အဆိပ်ခတ်နေတဲ့ ဘာသာရေးပုဂ္ဂိုလ်တွေကို
ဆန့်ကျင်ရပါမယ်။ လူမျိုး၊ ဘာသာ၊ ဇာတိ၊ အသားရောင်
လိင်၊ အသက်အရွယ် စတဲ့ လူ့ရပိုင်ခွင့်တွေနဲ့
ကာကွယ်ပေးထားတာတွေကို တဦးချင်းစီရော
အဖွဲ့အစည်းတွေကပါ အသိအမှတ်ပြု
လိုက်နာလေးစားရပါမယ်။ ဒီအကြောင်းအရာတွေကို အခြေပြုပြီး လုပ်ငန်းကိုင်ငန်း၊ ပညာရေး၊
စီးပွားရေး၊ ရာထူးတိုးရေး၊ ခန့်ထားရေး၊
နေအိမ်၊ ဝန်ဆောင်မှု၊ အရောင်းအဝယ်၊ စာချုပ်
အသက်မွေးဝမ်းကျောင်း စတာတွေမှာ
ခွဲခြားဆက်ဆံတာတွေ တားမြစ်ရပါမယ်။
ဌာနဆိုင်ရာ အားလုံးကို လူ့ရပိုင်ခွင့်သင်တန်းတွေ
Awareness Workshop တွေနဲ့ လေ့ကျင့်ပေးရပါမယ်

အခုအမှုရင်ဆိုင်နေရတာကို မေးတာလေလို့
အူလည်လည် မလုပ်ပါနဲ့။ သက်သေ
အထောက်အထားအပေါ် မူတည်ပြီး
နိုင်ငံတကာ ခုံရုံးတရားသူကြီးတွေက ဆုံးဖြတ်မှာပါ
ကိုယ့်ဘက်က ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး
ကိုယ့်ဘက်က တန်ပြန်သက်သေတွေ
တင်ပြရုံပဲ တတ်နိုင်ပါတယ်
အပြစ်ရှိမရှိ သူတို့စီရင်မှာပါ
ရှိခဲ့မယ်ဆို ရှိတဲ့သူကို အပြစ်ပေးရမှာပါ
ဒါတွေက ရှောင်လွှဲမရစကောင်းပါ
တကယ်တော့ တိုင်းရင်းသားတွေကလည်း
နိုင်ငံတကာတရားရုံးမှာ မစွဲလို့သာပါ
ရာစုနှစ်ဝက်ကျော် လက်နက်ကိုင်တပ်ဖွဲ့ရဲ့
ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ
မုဒိန်းမှုတွေ၊ လူသားမျိုးနွယ်အပေါ် လွန်ကျူးမှုတွေ
မျိုးတုံးသတ်ဖြတ်မှု ဆိုနိုင်လောက်တာတွေ
နိုင်ငံရေးအကျဉ်းသားတွေအပေါ် ချိုးဖောက်ခဲ့တဲ့
အခြေခံလူ့ရပိုင်ခွင့်တွေ၊ သတင်းသမားတွေကို
ထင်သလို ဖိနှိပ်ကျူးလွန်ထားတာတွေ
အကျဉ်းထောင်တွေထဲက ညှဉ်းပန်းနှိပ်စက်မှုတွေ
မဆုံးနိုင်တဲ့ ဒီရာဇဝတ်မှုတွေအတွက်
တရားမျှတမှုကို ဒီနေရာကပဲ တောင်းဆိုပါရစေ

ငါ ရှုံးပါစေ
တရားက နိုင်ပါစေ
(အောင်ချိမ့်)

#NyiNaung
ဖီလင် - Say No to Hate Speech
https://m.facebook.com/story.php?story_fbid=10157571792137348&id=612962347

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခင်ဗျားတို့ကျနော်တို့လည်းပါပါတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...