ယာဉ်ဟောင်းများ
ယာဉ်အိုယာဉ်ဟောင်း ပိုင်ရှင်များလည်း ယခုစီမံချက်ကြောင့်
ယာဉ်အသစ်စီးနင်းနိုင်ပါသလားဟု မေးမြန်းပါက အသစ်စီးနင်းနိုင်သူမှာ
လွန်စွာနည်းပါးပြီး နဂိုမူလက ကားရှိသူပင် ကားမရှိတော့သော
ဘ၀သို့ရောက်ရှိရပေသည်။ ထို့အပြင် ယာဉ်အိုများကိုလည်း မောယ်ဒယ်အလိုက်
အပ်နှံခြင်းထက် နံပါတ်အလိုက် အပ်နှံရခြင်းသည်လည်း
မေးခွန်းထုတ်ဖွယ်ရာဖြစ်သည် အချို့သော လေလံယာဉ်အိုများမှာ နံပါတ်များသစ်၍
ကားများမှာ လွန်စွာ အိုမင်းကြသည်ကိုလည်း လမ်းများတွင်
မတွေ့ချင်မှအဆုံးဖြစ်သည်။ ဆိုတော့ကာ ယာဉ်အိုအပ်နှံစေလိုသော
နိုင်ငံတော်အစိုးရသည် အမှန်တကယ်ယာဉ်အို ပပျောက်လိုပါက မော်ဒယ်အလိုက်
အပ်နှံစေခြင်းက ပြည်သူတွေအတွက် ပိုမိုအကျိုးရှိပေလိမ့်မည်။ မဟုတ်က အ
နံပါတ်သာ ဆုံးသွားမည် ၅က၊ ၈က အစရှိသဖြင့် နံပါတ်များဖြင့်စီးနင်းနေသော
ယာဉ်အိုများလည်း ကျန်ရှိကာ အဆိုပါပိုင်ရှင်များမှာလည်း နစ်နာဆုံးရှုံးမှုများ
ကြုံတွေ့နေရပေလိမ့်ဦးမည်သာဖြစ်သည်။ယာဉ်များ များပြားလာသည်နှင့်အမျှ နေ့စဉ် ကြုံတွေ့နေရသည်မှာ ယာဉ်အန္တရယ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယာဉ်ထိန်းရဲများသည် (ဗဟန်းမှ တာဝန်သိ ယာဉ်ထိန်းရဲလေးမှအပ) စီမံချက်ကာလတွင်သာ လမ်းမပေါ်တွင်ရှိသည်။ စီမံချက်ကာလာပြီးနောက် သူတို့တာဝန် မဟုတ်သည့်အလား ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ စီမံချက်ကာလတွင် အလွန်အဖမ်းအဆီးတော်ကြသည်။ စီမံချက်ကာလအလွန်တွင် လကုန် အမှုလိုကာနီးမှသာ လှည့်ကင်းလေးများအစီအရီနှင့် တွေ့ကြရသည်မှာ အမြဲပင်ဖြစ်သည်။ ယခု စည်းကမ်းထုတ်သည် ယာဉ်ထိန်းရဲများ အဂတိလိုက်စားမှုကို အရေးယူမည်တဲ့ နောက် ယာဉ်လိုင်းများမှ ပေးကမ်းသော လိုင်းကြေးကိုယူလျှင် တိုင်ကြားမှုရှိပါက အရေးယူမည်တဲ့။ ကောင်းမွန်သော စည်းကမ်းပင်ဖြစ်သည်။ လက်ကမ်း၍ပင်ကြိုရမည်။ သို့သော် ယာဉ်ထိန်းများလည်း အလွန်တော်သည် မီးပွိုင့်ရှိ ကင်းတဲများမှ မထတော့ လမ်းဘေး အခြေအနေမဲ့ကလေးများကို ခေါ်ထားကြသည် ကားသမားများပိုက်ဆံ ပစ်ပေးလျှင် အဆိုပါကလေးငယ်များမှ ကောက်ယူ စုဆောင်းထားမည် နောက်လူရှင်းချိန်မှ ယာဉ်ထိန်းခမ်းထဲဝင်ကာ ပိုက်ဆံကိုလွှဲပြောင်းပေးလိမ့်မည်။ ကောင်းလိုက်တဲ့ စဉ်းစားချက်။ လွန်စွာ ချီးကျူးပေသည်။
နောက် စီမံချက်ကာလအတွင်း လူကူးမျဉ်းကြားမှ မကူးသူများကို အရေးယူကြသည်။ အရေးယူသည်မှာ လူစီကားရာ မီးပွိုင့်တွင်သာဖြစ်သည်။ အခြားသော မြို့နယ်လေးများတွင် ယောင်လို့မှ မရှိကြ။ အဲဒီတော့ မေးခွန်းထုတ်စရာများ ထပ်ဖြစ်သည်။ လူများကို စည်းကမ်းရှိစေချင်တာလား၊ အရေးယူဖို့ ရံပုံငွေရှာတာလားပင်မသိ။ မီးပွိုင့်ကူးသူများကလည်း အရေးယူသည့်နေရာ အရေးယူစဉ်မှာသာ စည်းကမ်းရှိကြသည်။ ကျွန်တော်ပြောခဲ့သလို စီမံချက်ကာလအလွန်တွင် ဒုံ့ရင်းက ဒုံ့ရင်းပြန်ဖြစ်သွားသည်။ ဗိုလ်နေမြဲကြားနေမြဲ လုပ်ချင်သလို လုပ်နေဆဲပင်။ တစ်ချို့ဆိုလျှင် အမှန်တကယ်စည်းကမ်းရှိသူများလည်း ရှိပါသည်။ ကျွန်တော်တွေ့ဖူးသည် ဘယ်နေရာရောက်ရောက် လူကူးမျဉ်းကြားမှကူးသည် မျဉ်းကြားမရှိလျှင် ကားရှင်းသည့်အချိန် သည်းခံစောင့်ဆိုင်းပြီး အန္တရာယ်ရှင်းမှ ကူးသည်။ သို့သော် ထိုသို့သူများရှိသော်လည်း ကားအများစု ၉၅ ရာနှုန်းခန့်မှာ လူကူးမျဉ်းကြားမှ ကူးသူကို စောင့်ဆိုင်းပေးခြင်းမရှိကြ မိမိအလိုဆန္ဒသာသိကြသည်။ ဆိုတော့ တကယ်စည်းကမ်းရှိစေလိုလျှင် စီမံချက်လေး ၁ ပါတ် ၂ ပါတ်လောက်ချ အရေးယူ ဖမ်းပြ ဒဏ်ငွေဆောင်ရုံနှင့်မရ ယာဉ်မောင်းကော လမ်းကူးသူကိုပါ အမှန်တကယ် ပညာပေးရန်လိုအပ်သည်။ တာဝန်ရှိသူများမှာ မိမိကိုယ်တိုင် စည်းကမ်းကိုလည်း စံပြလိုက်နာပေးရမည်။ ဟိုတနေ့က ကျွန်တော် အပြင်ခဏသွားတော့ မီးပွိုင့်တစ်ခုရှိ အကွေ့free ကျော တစ်ခု၏ အကွေ့တွင် ဖြူနီကြားသုတ်ထားပါလျက် ယာဉ်ထိန်းများ၏ ကားကို သူတို့ကိုယ်တိုင် စီးကမ်းမဲ့စွာရပ်ထားသည်။ ရပ်ထားပုံမှာလည်း လွန်စွာစည်းကမ်းပျက်လှလည် ထို့အပြင် ရပ်ထားသည့်နေရာမှာလည်း ရန်ကုန်တိုင်းဒေသကြီး၏ ယခင်ပြည်ထဲရေးဝန်ကြီးဌာန ရှေ့တည့်တည့်ရှိ မီးပွိုင့်တွင်ပင်ဖြစ်သည်။ အဲဒီတော့ ပြည်သူတွေ စည်းကမ်းပျက်တာကို မိမိကိုယ်တိုင်ပါ လုပ်ချင်သလို လုပ်နေတော့ မည်သို့အရေးယူမည်ဆိုတာမှာ စဉ်းစားဖို့အလွန်ကောင်းလှသည်။
တစ်ခါက ရွှေဂုံတိုင်မီးပွိုင့်ထိပ်တွင် ည ၁၂ နာရီလောက် ပြိုင်ကားတစ်စီး အမောင်းပြိုင်ရင်း စင်္ကာပူသံရုံးနားက မီးပွိုင့်အရောက်တွင် ပန်းရောင်းသော ကလေးငယ်နှစ်ဦးကို တိုက်မိသည်။ ယာဉ်မောင်းမှာ အရှိန်ထပ်တင်ပြီး ထွက်ပြေးသည် ထို့နောက် အဆိုပါ မီးပွိုင့်နှင့် ဆက်လျက်ရှိသော ရွှေဂုံတိုင်လမ်းဆုံမီးပွိုင့်တွင် ပန်းသည်လေးတစ်ဦးနှင့် ပန်းသည် အမျိုးသမီးတစ်ဦးကို ထပ်မံတိုက်မိသည်။ မရပ် ဆက်၍ မောင်းနှင် ထွက်ပြေးသွားသည်။ နံနက်ခင်းတွင် သတင်းဆိုးကြားရသည် အဆိုပါကားတိုက်ခံရသူ ၄ ဦးတွင် ၃ ဦးမှာ ပွဲချင်းပြီး ကွယ်လွန်သွားသည်။ ကျန်တစ်ဦးမှာ ပေါင်ထက်ပိုင်းကျိုးသွားသည်။ ယာဉ်တိုက်သွားသော ကားအားဖမ်းဆီးရန် မည်သူမျှ ညည့်နက်သဖြင့် မျက်မြင်သက်သေမရှိ ကားအရှိန်မြန်လွန်းသဖြင့် မမှတ်နိုင်ကြချေ။ မီးပွိုင့်တွင် တပ်ထားသော CCTV ကင်မရာများ ပျက်နေသည်ဟု အကြောင်းပြသည်။ ယာဉ်ထိန်းခမ်းမှ ယာဉ်ထိန်းရဲမှာ အိပ်ပျော်နေလေသည်။ မည်သူမျှ မသိကြသဖြင့် သေသူမှာလည်း သေလေသည် ပြေးသူမှာလည်း လွတ်မြောက်လေသည်နှင့်ပြီးသွားသည်။ ယခုကဲ့သို့ ကားတိုက်မှုမျိုးတွင် CCTV ကင်မရာမှာ ပျက်နေသလောက် ရွှေဂုံတိုင်ရှိကွေ့ကြောတွင် ကွေ့ကြောပေးထားပါလျက် မကွေ့ပဲ လမ်းပိတ်ဆို့ကာ ရပ်နေသော ယာဉ်များကြောင့် ကွေ့လိုသူများမှာ တဖက်ယာဉ်ကြောမှ ရှောင်ဖယ်ကွေ့ရသည် ဤသို့မျှ မကွေ့လျှင် ယာဉ်ပိတ်ဆို့မှု ပိုများပေလိမ့်မယ်။ ထိုသို့ ကွေ့သူများကိုတော့ CCTV ကင်မရာကြီးက တဖျက်ဖျက်ရိုက်ကားကာ ဖမ်းဆီးသည် ဒဏ်ငွေများစွာရိုက်သည်။ စောစောက ပြင်းထန်သော အမှန်တကယ် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်တိုက်မှုတွင်မူ CCTV က ပျက်နေသည်တဲ့။ အံ့အောကုန်နိုင်ဖွယ်ပင်ဖြစ်သည်။
ယနေ့ယာဉ်တိုက်မှုများတွင် တကယ်တန်း အန္တရယ်အပေးဆုံးက ခရီးသည်တင်ကားကြီးများ ထိုအထဲတွင် လုပ်ချင်သလိုလုပ်ကာ အရိုင်းဆိုင်းဆုံးက ပါရမီနှင့် ဗန္ဓုလယာဉ်လိုင်း နောက် မထသနှင့် အခြားသော ယာဉ်လိုင်းငယ်များပင်ဖြစ်သည်။ တိုက်ကြသည် ထို့နောက် ထွက်ပြေးကြသည်မှာ သူတို့ဆောင်ပုဒ်ဖြစ်သည်။ ပါရမီယာဉ်လိုင်းများကို အခြားသူများကထင်ကြသည် တပ်မတော်ပိုင် ဦးပိုင်မှ ကားမို့ သောင်းကျန်းသည်ပေါ့။ ကျွန်တော့်အမြင်ပြောရလျှင်တော့ ဦးပိုင်နှင့် သိပ်မဆိုင်ချင် အဘယ်ကြောင့်ဆိုသော အဆိုပါ ကားတိုက်ခံရသော တပ်မတော် အရာရှိကြီးကားများမှာလည်း အတော်ပင်များပြားလွန်းလှသည် အဆိုပါ ယာဉ်လိုင်း၏ မန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာတို့မှာလည်း ပြင်းထန်သော မည်သည့် စည်းကမ်းပင်ချမှတ်ချမှတ် ယာဉ်လိုင်းဝန်ထမ်းများမှာ ဘယ်တော့မှ အမှတ်မရှိကြချေ။ လုပ်မြဲလုပ်သည်။ ခဏခဏ မီးပွိုင့်သော်လည်းကောင်း သာမန်မောင်းနှင်နေစဉ်သော်လည်းကောင်း လမ်းပြောင်းပြန်ကျော်တက်ကာ စီးကမ်းမဲ့သော ခရီးသည်တင်ယာဉ်များမှာ အလွန်ပင်များပြားလှသည်။ ထိုသို့ကျော်တက်ကာ မီးပွိုင့်ထိပ်ရောက်သော် အတင်းတိုးဝင်သည် တဖက်ယာဉ်ငယ်သည် ကားကောင်းလျှင် ပိုကြောက်ရသည် တိုက်မိလျှင် မလျော်နိုင် လျော်မည်ဆိုလျှင် ထွက်ပြေးလျှင်ပြေး မပြေးလျှင် ထောင်ကျခံမည်။ ထိုသို့သောကြောင့် ကားငယ်များက လျှော့ကြရသည်။ လျှော့ကြတော့ ပိုဆိုးလာသည်။ မီးပွိုင့်သည် ယာဉ်ကြောပြောင်းပြန်မောင်း အတင်းတိုးဝင်ရန် သတ်မှတ်ထားသကဲ့သို့ပင်ဖြစ်လာသည်။ ယာဉ်ထိန်းမှာလည်း စီမံချက်ကာလမဟုတ်လျှင် အရေးမယူ၊ လိုင်းကြေးလည်းရထားပြီးသောကြောင့်ဖြစ်သည်။ ကားငယ်များ သူ့ဖာသာသူသာ ကြည့်ရှောင်ပါစေဖြစ်သည်။ ထို့အပြင် ပြိုင်မောင်းသည် လွန်စွာ မဆင်မချင်လုပ်သည် လူတိုက်မိလျှင် ထွက်ပြေးသည် ဘယ်တော့မှလည်းမမိချေ ဖမ်းမိသည်မှာ ၁၀၀ လျှင် ၅၀ ဆို ကံကောင်း ၁၀ ယောက်ရှိပါ့မလားပင်မသိချေ။ ကားချင်းတိုက်မိလျှင်တော့ ပြောဖွယ်မရှိ ပြင်းထန်လျှင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။ ဆိုတော့ ယခုပုံစံက ကိုယ်မှန်လျှင်တောင် အလျှော့ပေးရမည်ဖြစ်နေသည်။ မလျှော့လို့တိုက်လျှင် အလျော်တော့ရမည်မဟုတ် မတော်လျှင် ကိုယ်ပါ ယာဉ်ထိန်းအဟောက်ခံရဦးမည် များသောအားဖြင့်က ယာဉ်ထိန်းများသည် လိုင်းကားများ၏ ဆက်ကြေး နှင့် လိုင်စင်မဲ့ကားများ၏ ဆက်ကြေးများကြောင့် အသက်ရှုချောင်နေရခြင်းပင်ဖြစ်သည်။
ထို့အပြင် ခရီးသည်တင်ကားများပြီး နောက်ထပ် စည်းကမ်းချိုးဖောက်သူအများစုမှာ ကုန်တင်ကားကြီးများပင်ဖြစ်သည်။ စည်းကမ်းချိုးဖောက်မှုမှာ ခရီးသည်တင်ကားများအတိုင်းပင်ဖြစ်ပြီး ပိုလာသည်မှာကတော့ ကုန်ပိုသယ်ဆောင်ခြင်းပင်ဖြစ်သည်။ ကုန်ပိုသယ်သဖြင့် တန်ပိုသည် တန်ပိုသဖြင့် လမ်းပျက်သည် နဂိုကတည်းမှာ အိပ်ထဲရောက်သည်များသော အရည်အသွေးမမှီသည့်လမ်းသည် ပိုပျက်လာသဖြင့် လှိုင်းထခြင်း ချိုင့်ခွက်များ ကြီးမားလခြင်းနှင့် အချို့နေရာများတွင် လုံးဝသွားလို့မရသည် လောက်အထိ ပျက်စီးကြရလေသည်။ သစ်လုံးတင်ကားများ ကွန်တိန်နာများ ပြုတ်ကျမှုကြောင့် သေဆုံးရသူများမှာလည်း ဒုနှင့်ဒေးဖြစ်သည်။ ထုံးစံအတိုင်း မောင်းသူမှာ ဒဏ်ရာမရလျှင် ထွက်ပြေးသောကြောင့် မည်သို့မျှ ဖမ်းဆီးနိုင်ခြင်းမရှိကြချေ။ ထို့အပြင် အဆိုပါ ခရီးသည်တင်ကားများ ကုန်တင်ယာဉ်ကြီးများသည် လမ်းအပေါ်ကျောမှ မောင်းနှင် ကြခြင်းမှာလည်း လွန်စွာဆိုးလှသည် သူတို့လောက် မြန်ချင်မြန်သလောက် သူတို့နှေးချင်လည်း နှေးချင်သလိုနှေးကြသည် တစ်ခါတစ်ရံအပေါ်ကျောတက်မောင်းပြီး တစ်နာရီ ၁၀ မိုင်နှုန်းလောက် မောင်းချင်မောင်းကြသဖြင့် ယာဉ်ပိတ်ဆို့မှု မဖြစ်သင့်ပဲဖြစ်လာသည်။ ယာဉ်လိုင်းအောက်ကျောမှာ သူတို့ကြောင့်လမ်းပျက်သဖြင့် မည်သူမျှ မမောင်းချင်ကြချေ။ သူတို့ကိုယ်တိုင်လည်း မမောင်းသဖြင့် အပေါ်ကြောမှ တက်မောင်းကြသောကြောင့် ကားလေးများမှာ မည်သို့မျှ မဆိုသာပဲ အဆိုပါ ချိုင့်ထူ လှိုင်းပေါသော အောက်ကြောမှသာ ချ၍ မောင်းနှင် ကျော်တက်ကြရသည်။ သို့မှသာ လိုရာခရီးရောက်ပေမည်။ ပြီးလျှင်တော့ ပြင်ပေဦးအောက်ပိုင်း။ ထိုသို့မောင်းနှင့်ကြသော ယာဉ်ကြီးများကို မည်သို့အရေးယူသည်မသိ ထိရောက်လား မထိရောက်လားတော့လည်း မသိ ယနေ့တိုင် မမြင်ချင်မှအဆုံး စည်းကမ်းမဲ့မောင်းနှင်နေသည်ကို တွေ့ရပေသည်။
ထပ်မံသုံးသပ်ဦးဆိုလျှင် လက်ညှိုးထိုးမလွဲသည်မှာ အငှားယာဉ်များ ပေါ့ဆမှုပင်ဖြစ်ပေသည်။ လမ်းမှာ လူတားလျှင် အချက်မပြ ထိုးရပ်သည်။ ထိုးရပ်ခြင်းမှာ လမ်းဘေးရပ်လျှင်ကံကောင်း တစ်ခါတစ်ရပ် ဘရိတ်ချက်ချင်းအုပ်ပြီး လမ်းမပေါ်တင်ရပ်ချသည်။ နောက်ကားမှ ဟွန်းတီးလျှင် သူတို့ကပဲ ဘုကြည့်ပြန်ကြည့်သေးသည်။ လွန်စွာစည်းကမ်းရှိလှပေစွ။ ထို့အပြင် အငှားယာဉ်အများစုမှာ ယာဉ်အိုများဖြစ်ကြသည်။ အချို့ပိုင်ရှင်များသည် မိမိအပ်ထားသည် ယာဉ်အိုကို ပြန်ထုတ်ကာ မိမိသွင်းထားသည့်ကား မရောက်ခင်ပင်လျှင် တစ်ခါတစ်ရံလိုင်စင်တောင် မရှိသော ယာဉ်မောင်းနှင့် ယာဉ်မောင်းသက်လုံးဝ မရှိသော ယာဉ်မောင်းများကို ဈေးပေါပေါဖြင့်ငှားက အငှားယာဉ်ပြေးဆွဲကြသည်။ အန္တရာယ်မှာ အဆိုပါယာဉ်များသည် မည်သို့မျှ စည်းကမ်းပင်လျှင် မရှိကြတော့ ကျော်တက်သည် လမ်းပြောင်းပြန်မောင်းသည် ခေါင်းအတင်းထိုးဝင်သည် နောက်မှ စောင့်တိုက်သည် ပြီးလျှင်တော့ ထွက်ပြေးကြပေသည် ပင်ဖြစ်သည်။ လူတိုက်မိလို့ လူသေလျှင် သို့မဟုတ် ဒဏ်ရာရလျှင် အဆိုပါယာဉ်မောင်းများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ ဟိုတစ်လောကပင် ညဖက်ကြီး ကမ္ဘာအေးဘုရားလမ်းမကြီးနှင့် သစ္စာလမ်းမကြီးထိပ်တွင် လမ်းပြောင်းပြန်တိုက်မိသေးသည် ပြီးနောက် ထွက်ပြေးသည်။ သံသရာကတော့ လည်နေပေသည်။
ကားတိုက်မှု မြင်ကွင်းတစ်ခု
အိမ်စီးကားများမှာ တက္ကစီများလောက် စည်းကမ်းမဲ့ခြင်းနည်းပါးသော်လည်း မာနတွေ
များပြားနေခြင်းမှာ တလွဲဆံပင်ကောင်းကြသည်နှင့်တူသည်။ ယာဉ်စီးကမ်းနားမလည်သော
အိမ်စီးယာဉ်မောင်းများလည်း များလှသည်။ ကုန်းဆင်း ကုန်းတက်တွင် အတက်ကားကို
ဦးစားပေးရမှန်းမသိ ပိတ်ကာ ဆင်းကြသည် အတက်ကားမှာ အော်တိုဂီယာဆို သိပ်
ပြသနာမရှိ ဘရိတ်နင်းထိန်းနိုင်သည် မဟုတ်က ကလပ်နိုင်အောင်နင်းပြီး
သေဖို့သာပြင်ပေတော့ပဲ နောက်မလိမ့်အောင် မနည်းထိန်းရပေလိမ့်မည်။
လမ်းဆုံများတွင်လည်း မီးပွိုင့်မိလျှင်လည်းကောင်း ကားပိတ်လျှင်လည်းကောင်း
တဖက် ကားလမ်းမှ ကားကို သွားပါစေဟု လမ်းဖွင့်မပေး ပိတ်ရပ်ကြသည်။
သူလည်းမသွားရ ကိုယ်လည်းမသွားနိုင်ပင်ဖြစ်သည်။ အတော်လေးပင် အတ္တကြီးကြသည်။
အပေါက်ဝတွင် ကားမရပ်ပဲ တဖက်ကားသမားအတွက် နေရာပေးထားလျှင် ရနိုင်ပေမယ့်
သက်သက်ကိုယ်လည်းအကျိုးမရှိပဲ သူတပါးလည်း အကျိုးမရှိဖြစ်အောင်
လုပ်တတ်ကြသည်မှာ ယာဉ်မောင်းအများစုဖြစ်သည်။ လိုင်းကား တက္ကစီ၊ အိမ်စီးကား
ကားမျိုးစုံ၏ ၉၀ ရာနှုန်းလောက်မှာ အဲဒီအတိုင်းပင် ပိတ်ရပ်ကြသည်။
ထိုသို့ပိတ်ထား၍ တဖက်သား မသွားနိုင်ပဲ ရပ်နေလျှင်ပင် သူတို့ကိုယ်သူတို့
ဂုဏ်ယူနေသယောင် မျက်နှာထားမျိုးဖြစ်နေတတ်ကြသည်။ မြန်မာလူမျိုးတို့ရဲ့
စိတ်ကတော့ အတော်ပင် အံ့အားသင့်ဖွယ်ပင်ဖြစ်ပေတော့သည်။
အချို့အိမ်စီးကားများသည်လည်း အဲဒီလောက် ယာဉ်ကြောပိတ်နေသည်ကို ပင်
မစောင့်နိုင် မစည်းနိုင် လမ်းပြောင်းပြန်ကျော်တက် အတင်းဝင်ကာ
သူတို့ကိုယ်သူတို့ ကားမောင်း အထူးကျွမ်းကျင်သူဟု ထင်မှတ်ကြသည်။ တဖက်က
စည်းကမ်းရှိရှိတန်းစီစောင့်ဆိုင်းသူကပင် အလိုလိုနေရင်း
ကားမောင်းညံ့ဖျင်းသလိုလို ဘာလိုလို ဖြစ်သွားသည်။ အော်လူတွေ လူတွေ
ဘယ်လိုစိတ်ဓါတ်တွေလဲလို့ ရေရွတ်ရတာ ကားမောင်းသည့်အချိန်တိုင်းပင်ဖြစ်သည်။
ပြိုင်ကားများမှာလည်း အတောင်ပင်ဆိုးသည် တစ်ခါက facebook တွင်
ပြိုင်ကားစီးသော မိန်းကလေးတစ်ဦး ရေးသားထားသည့်စာကို ဖတ်မိသည်။ အလွန်
စိတ်တိုပြီး ဘာပြောရမှန်းမသိအောင်ပင်ဖြစ်မိသည်။ သူက ကားအမြန်မောင်းသည်တဲ့
နောက် မည်သည့် လူကြီးမျှမဟုတ်ပဲ မှန်အနက်ကပ်သည် နောက်က ရဲလိုက်ဖမ်းသည်
မရပ်ပေး ဆိုင်ကယ်နှင့်ရဲကလိုက်သည် နောက် ရပ်လိုက်ပြီး သူ့အဖေကား
သူ့အဖေအနက်ကပ်တာ သူကလူကြီးမိသားစုလိုလိုဘာလိုလိုနှင့် ဟိန်းဟောက်သည်
ရဲကလည်း လွှတ်ပေးလိုက်သည်တဲ့။ အဲဒါကို ဂုဏ်ယူပြီး facebook
တွင်ရေးသားလိုက်သည် ထို့နောက် ပြိုင်ကားများ မောင်းနှင်ခြင်းကို အားပေးပြီး
ရဲများနှင့် ပြိုင်ကားသတင်းရေးသူ မီဒီယာများကိုလည်း ဆဲဆိုထားသည်။
အမှန်ပြောရလျှင်တော့ ကျွန်တော်လည်း ပြိုင်ကားကိုကြိုက်သည် သို့သော်
ပြိုင်ကားစီးခြင်းနှင့် ကားပြိုင်မောင်းခြင်း စည်းကမ်းမဲ့မောင်းခြင်းမှာ
လားလားမျှ မဆိုင်ချေ။ သာမန်ကားကိုလည်း ပြိုင်ကားလို ဆင်ပြီး
စည်းကမ်းမဲ့မောင်းနိုင်သည် အမြန်မောင်းနိုင်သည်။ ထို့ကြောင့် လူငယ်တွေမှာ
မိမိပြိုင်ကားကို စီးနိုင်လျှင်တောင် ကားပြိုင်မမောင်းဖို့လိုပေသည်။
အန္တရယ်ဖြစ်လို့ အသက်ပေးသွားရသူ လူငယ်များ အများအပြားပင်ဖြစ်သော်လည်း
လူငယ်အများစုမှာ အထိန်းအကွပ်မဲ့လှသည် မိဘများမှာလည်း သားသမီးကို
မြှောက်ပေးသည်ကများသည် ဖြစ်လျှင်လိုက်ရှင်းမည်ပေါ့ ပိုက်ဆံချမ်းသာသည်ပေါ့။
တဖက်သားအန္တရယ်ဖြစ်မှာကိုတော့ဖြင့် ကိုယ်ချင်းမစာပေ။ ကိုယ့်သားသမီး သေဆုံး
ဒဏ်ရာရလျှင် မည်သို့ဖြစ်မည်တော့ မသိ တဖက်သားကိုတော့
လျှော်ကြေးပစ်ပေးမည်ဆိုသည်ကများသည်။ ရဲများလည်း မနိုင် သူတို့ထက်
ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များက မိမိဘ၀တက်လမ်းကို ပိတ်ဆို့ထားသည်မှာ
အမှန်ပင်ဖြစ်သဖြင့် မတတ်သာချေ။ ဖမ်းဆီးလျှင်လည်း ထုံးစံအတိုင်း
စီမံချက်ကာလအတွင်းသာဖြစ်ပြီး ပြီးလျှင် ဗိုလ်နေမြဲ ကျားနေမြဲသာပင်။
ပြိုင်ကားမောင်းလို့ တိုက်ပြီး သေဆုံးသောလူငယ်များသည် ဘယ်တော့မှ မိမိလူငယ်
ဘ၀ကို ထိခိုက်နစ်နာမှုကြောင့် နောင်တရမလဲဆိုတာကို မစဉ်းစားနိုင်တော့
တခဏအပျော်ဖြင့်သာ ပျော်ပါးကြသည်။
လမ်းငယ်လေးများ ရပ်ကွက်လမ်းများကို မောင်းကြည့်သည် လူများသည် နှစ်ယောက်တွဲ
သုံးယောက်တွဲ လမ်းလျှောက်သည် တဖက်မှ ကားလာလျှင် မည်သို့မျှ မောင်းမရတော့
ရပ်ထားဖို့သာရှိသည်။ ဟွန်းတီးလျှင် အဖက်မလုပ်ခြေ လျှောက်မြဲအတိုင်း
ဆက်လျှောက်သည် ထပ်တီးလျှင် ဘုကြည့်ကြည့်ပေမည်။ လိုင်စင်မဲ့
ဆိုင်ကယ်များကလည်း ကြောက်ဖို့ကောင်းအောင် များလှသည် ၀ှီးကနဲ
ဝှီးကနည်းမောင်းကြသည် တရားဝင် လိုင်စင်ထုတ်ပေးထားသည့်အလား
မကြောက်မရွံ့ပင်ကားနှင့် ပြိုင်မောင်းသည် လမ်းကျဉ်းသည့်ကြား ကားတစ်စီးနှင့်
တစ်စီးကပ်လျက်ရှိသည့်ကြားကပင်ထွက်သည်။ လမ်းပေါ်တွင် ကလေးများ ကစားကြသည်
မိဘများမတားကြ ကားတိုက်လျှင် အလျော်ရမည်ဟု အောက်မေ့ပုံရသည်။
အချို့မိဘများမှာ မိမိကလေးနှင့် လမ်းလျှောက်လျှင် မိမိကလေးကိုပင်
ကားလမ်းဘေးထားကာ မိမိက လမ်းဘေးဖက်မှ လျှောက်သော မိဘများကိုပင် တွေ့ဖူးသည်
တိုက်စရာရှိ ကလေးကိုတိုက်သွားမည် မိမိကလွတ်သည်ဟုများ တွေးနေသလား
ထင်ရလောက်သည်။ ဆိုက်ကားများမှာလည်း လမ်းကြိုလမ်းကြားပါမကျန်ပိတ်ရပ်သည်
ကားသွားမရတော့ ပြောလျှင် ဝိုင်းရိုက်မှာစိုးရသည် ယာဉ်ထိန်းက ဖမ်းလျှင်လည်း
လက်လုပ်လက်စားဖမ်းသည်ဟု ဆန္ဒပြမှာလည်း စိုးရိမ်ရသည် တော်ကြာ
ဆိုက်ကားသမားကွန်ယက်ဟု ထဖွဲ့ပြီး ဆန္ဒပြနေလျှင် မလွယ်
အခြေအနေပိုဆိုးပေလိမ့်မည်။ တစ်ခါတစ်လေ ကျွန်တော်သည် စည်းကမ်းမဲ့စွာ
ဖြတ်ကူးသော စက်ဘီး ဆိုင်ကယ်၊ လူ တို့ကို
အလွန်ပြောချင်သောစကားတစ်ခွန်းရှိသည်။ အဲဒါကတော့ ‘ ကားတိုက်လျှင်
ပရုတ်ဆီလိမ်းလို့မရဘူး’ ပင်ဖြစ်တော့သည်။
(ဝေဟင်ချစ်သူ၏ အတွေးအမြင်ကိုယ်တိုင်ရေးဆောင်းပါးဖြစ်ပါသည်။ ခံစားချက်များစွာကို ဖွင့်ဟရန်မှာ ဤတစ်နည်းသာရှိပေတော့သည်)
http://waihinchitthu.com/2013/02/07/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%9A%E1%80%AC%E1%80%A5%E1%80%B9%E1%80%85/
မှကူးယူဖော်ပြပါသည်။




