Friday, August 18, 2017

မူးယစ်ဆေးဝါးပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ မင်းကြီးတာက ရွှေသမင်ထွက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော

,
AUG 18,2017
ယနေ့ (သြဂုတ် ၁၈) ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများကို ငါးပိငါးခြောက်ကဲ့သို့ အလွယ်တကူ ၀ယ်ယူရရှိနေခြင်းနှင့်ပတ်သက်၍ ကျောက်တော် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အဆိုတခုတင်သွင်းသည်။

ယင်းသို့အဆိုတင်သွင်းရာတွင် ၂၀၁၅ တနှစ်တည်းတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှုအရေအတွက်သည် ၂၀၁၀ မှ ၂၀၁၄ အထိ လေးနှစ်အတွင်း ဖမ်းဆီးရမိသည့် အမှုအရေအတွက်နှင့် ညီမျှကြောင်း၊ တဖန် ၂၀၁၆ တွင် ဖမ်းဆီးရမိသည့် အမှုအရေအတွက်သည် ၂၀၁၅ ထက် ၂ ဆ များပြားကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးဈေးကွက် ကြီးမားကျယ်ပျံ့လာကြောင်း ၎င်းက ထည့်သွင်းတင်ပြသည်။

“သြဂုတ် ၁၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်မှာ သိန်းပေါင်း (၉၅၀၀) တန်ဖိုးရှိတဲ့မူးယစ်ဆေးပြားတွေမိတယ်လို့ သိရပါတယ်။ ဒီလို သက်ဆိုင်ရာကဖမ်းဆီးမမိလိုက်တဲ့ မူးယစ်ဆေးဝါးတွေ ဘယ်လောက်ထိပျံ့နှံ့သွားပြီလဲဆိုတာကတော့ ရခိုင်ပြည်နယ်မှာ တောရောမြို့ပါ လွယ်ကူစွာရရှိနေတဲ့ အခြေအနေက ထင်ရှားစွာပြသနေပါတယ်”ဟု ၎င်းက ပြောသည်။

ဦးဦးထွန်းဝင်း၏အဆိုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မောင်တော်မြို့နယ် မူးယဟ်တပ်ဖွဲ့၊ စစ်တွေမူးယစ်တပ်ဖွဲ့၊ ကျောက်ဖြူမူးယစ်တပ်ဖွဲ့များဖွဲ့စည်းတာဝန်ချထားကြောင်း၊ ၂၀၁၅ မှ ၂၀၁၇ ဇွန်အထိ (၃၁၇) မှု၊ တရားခံ (၄၉၇) ဦး၊ စိတ်ကြွဆေးဝါး ၁၁၀.၈၈ သန်း၊ ဆေးခြောက်၊ စိတ်ကြွဆေးမှုန့်၊ ဗျုပရီနော်ဖင်း၊ မော်ဖင်းနှင့် အခြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အပါအ၀င် မြန်မာတနိုင်ငံလုံးတွင် မူး/စိတ် ဆေးဝါးအန္တရာယ်ပျံ့နှံ့လာမှုကို အမျိုးသားရေးတာဝန်တရပ်အနေဖြင့် တားဆီးကာကွယ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။

အဆိုပါဖြေကြားချက်အပေါ် ဦးဦးထွန်းဝင်းက ထပ်ဆင့်မေးခွန်း မေးမြန်းသည်။

၎င်းမှ “မြန်မာစကားပုံလို ရွှေသမင်ထွက်တာဟာ မင်းကြီးတာက မထွက်ရင် ထွက်စရာ အကြောင်းမရှိဘူးဆိုတာမျိုး ကျွန်တော်တို့ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတော်က စီမံချက်တခုလုပ်ပြီဆိုရင် နစ်နာသွားရ သူက အောက်ခြေပြည်သူတွေ ဖြစ်ပါတယ်။ တိုက်ကြီးတွေထဲမှာ နေပြီး တကယ့်ကို ဟဲဗီးကြီးတွေလုပ်နေသူ တွေကတော့ ယနေ့အချိန်ထိ ပန်းပန်လျက်ရှိနေကြပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်က နယ်ခြားစောင့် စခန်းတခုမှာ တရားမ၀င်မူးယစ်ဆေးဝါးတွေစုပြုံပြီး ဖမ်းမိတာတွေ၊ ၂၀၁၇ မေ ၁ ရက်က ဘူးသီးတောင်မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲတယောက်ရဲ့ ပါဂျဲရိုးကားပေါ်မှာ သိန်းပေါင်း ၈၈၀၀ တန်ဖိုးရှိတဲ့ WY ဖမ်းဆီးရမိတာ တွေဟာ ပြည်သူတွေရဲ့ ဝေဖန်နေမှု မမှားဘူးဆိုတာ သက်သေပြနေပါတယ်။ ဒါကြောင့် အောက်ခြေဌာနဆိုင် ရာ တာဝန်ရှိသူတွေရဲ့ အစီရင်ခံကို အခြေခံပြီး အလုပ်လုပ်တဲ့ ဗဟိုအစိုးရအနေနဲ့ မိမိတို့ရဲ့ အောက်ခြေအဖွဲ့ အစည်းတွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အလေးထားစောင့်ကြည့်မယ့်အစီအစဉ် ရှိမရှိ စောင့်ကြည့်မယ်ဆိုရင် လည်း ဘယ်လိုပုံစံမျိုး စောင့်ကြည့်နေတယ်ဆိုတာကို ရှင်းလင်းစွာ သိလိုပါတယ်”ဟု ဦးဦးထွန်းဝင်းက ထပ်ဆင့် မေးမြန်းခဲ့သည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက “ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေကို နိုင်ငံသားများ သာမက ဌာနဆိုင်ရာ ၀န်ထမ်းများလည်း လိုက်နာရပါမယ်။ နိုင်ငံဝန်ထမ်းတွေဆိုတာ နိုင်ငံက ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေအပြင် ၀န်ထမ်းစည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာရပါတယ်။ လွှတ်တော်ကိုယ်စား လှယ်ကြီး ပြောကြားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံဝန်ထမ်းအားလုံးကို ဌာနမရွေးတည် ဆဲဥပဒေနဲ့ အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ ဖော်ထုတ်ဖမ်းဆီးရမိမှုဖြစ်စဉ်တွေသာမက တိုင်ကြားမှုဖြစ်စဉ် တွေမှာလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်မှုရှိတဲ့ မည်သည့်ဌာနဆိုင်ရာ ၀န်ထမ်းကိုမဆို တည် ဆဲဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ စနစ်ကို လိုက်နာခြင်းမရှိဘူး။ တည်ဆဲဥပဒေကို ဖောက် ဖျက်ရင် နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ စည်းကမ်းနည်းလမ်းများနဲ့အညီ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းများနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်အောင်စိုးက ဖြေကြားခဲ့သည်။


ထွန်း(နေပြည်တော်)
news watch

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မူးယစ်ဆေးဝါးပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ မင်းကြီးတာက ရွှေသမင်ထွက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...