Thursday, August 17, 2017

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် ထပ်မံထွက်ပြေး

,
RFA  (17.8.2017)
ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောနဲ့ ရသေ့တောင်ဒေသတွေကို ဒီရက်ပိုင်းအတွင်း မြန်မာအစိုးရတပ်တွေ တိုးချဲ့ချထားလိုက်ချိန်မှ စပြီး  မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူ ရိုဟင်ဂျာ ရာနဲ့ ချီရှိတယ် လို့ လူမျိုးစုခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့က ပြောတယ်လို့ AFP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

ထွက်ပြေးလာသူ၅၀၀ခန့်ရှိပြီး ခက်ခက်ခဲခဲထွက်ပြေးလာရတယ်လို့ ပြောဆိုကြသလို တချို့က လည်း မြန်မာစစ်သားတွေ ရဲ့နိပ်စက်တာခံခဲ့ရတယ်လို့ပြောပါတယ်။
ဒီအတောအတွင်း အိန္ဒိယ နိုင်ငံထဲမှာ တရားမဝင် ရောက်ရှိနေထိုင်နေကြတဲ့ ရိုဟင်ဂျာ တွေ ဘယ်လောက် ရှိတယ်ဆိုတာ တိတိကျကျ သိနိုင်ဖို့  စာရင်းပြုစုနေတယ်လို့    အိန္ဒိယ အစိုးရ ပြောခွင့်ရှိသူတစ်ဦးက မနေ့ကပြောကြားလိုက်ပါတယ်။ အိန္ဒိယအစိုးရက  သူ့နိုင်ငံမှာ တရားမဝင် ရောက်ရှိနေထိုင်နေကြတဲ့ ရိုဟင်ဂျာ တွေ ၄-သောင်းလောက်ရှိတယ်လို့ ကြေညာထားပြီး ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံးကတော့  တစ်သောင်း လေးထောင်ဘဲ မှတ်ပုံတင်ထားကြတယ်လို့ ဆိုပါတယ်။

အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးဌာန က အမည်မဖေါ်လိုတဲ့ အရာရှိတဦးက လူစာရင်းကောက်တာနဲ့ ပတ်သက်ပြီး  ပြောတာက ဒုက္ခသည် အတိအကျဘယ် လောက်ရှိနေသလဲ ဆိုတာကို သိရှိဘို့ စာရင်းများ ကောက်ယူမှာဖြစ်ပြီး ဒုက္ခသည်တွေကို ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။

တချိန်ထဲမှာဘဲ အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာ တွေကို မြန်မာပြည်ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အိန္ဒိယနိုင်ငံ Hyderabadမြို့ ရှိ ရိုဟင်ဂျာဒုက္ခသည် အသိုင်းအ၀ိုင်းမှာ တုန်လှုပ်ခြောက်ခြားသွားတယ်လို့ မနေ့က ထုတ် Bangalore Mirror သတင်းစာမှာ ဖေါ်ပြပါတယ်။

Hyderabad မှာ နေထိုင်တဲ့ဒုက္ခသည်တွေဟာ မြို့ဟောင်းအတွင်း နေရာ ၁၅နေရာမှာ နေထိုင်ပြီး ၃၀၀၀ခန့်ရှိပါတယ်။ ခုလိုပြန်ပို့တော့ မယ် ဆိုတဲ့ သတင်းကြောင့် နိုင်ငံမရှိဖြစ်နေရသူတွေ အနေနဲ့ တုန်လှုပ်ခြောက်ခြားရသလို  လုံခြုံမှုကင်းမဲ့ပြီး  စိုးရိမ်စိတ်တွေပေါ်လာရတယ်လို့ ဒုက္ခသည် တဦးက ပြောပါတယ်။

အလားတူ အသက်၇၀အရွယ် ဒုက္ခသည်ခလေး ၃၀ခန့်ကို  စာသင်ပေးနေသူ တဦးကလည်း  မြန်မာပြည်ပြန်ပို့ခံရပြီး အသတ်ခံရတာထက်၊  အိန္ဒိယမှာသေတာဘဲကောင်းပါတယ်၊  ပြောတဲ့ အကြောင်း သတင်းစာက ရေးပါတယ်။

Hyderabad မှာ နေထိုင်သူ ဒုက္ခသည်တွေဟာ ပျံကျ အလုပ်သမားအဖြစ်လုပ်ကိုင်ကြတာများပြီး ၂၀၁၀ ခုနှစ်များ အချိန်က ၄၀ခန့်ဘဲရှိပေမဲ့ ၂၀၁၂နောက်ပိုင်းမှာ ၃၀၀၀ကျော်လာတာဖြစ်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ COVA ကူညီရေးအသင်းက အုပ်ချုပ်မှုဒါရိုက်တာ Mazar Hussain ကပြောပါတယ်။ COVA အဖွဲ့ဟာ UNHCR ကုလဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့လည်း ပူးပေါင်းဆောင်ရွက်မူတွေ ပြုလုပ်လျက်ရှိတယ်လို့ Mazar Hussain ကပြောပါတယ်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် ထပ်မံထွက်ပြေး”

Post a Comment

Related Posts Plugin for WordPress, Blogger...