Wednesday, August 23, 2017

တရားဥပဒေ ဆိုတာဘာလဲ ဟု တရား လွှတ်တော်ချုပ်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ မေးခွန်းထုတ်

,
နေပြည်တော် ၊၂၀၁၇ သြဂုတ်လ ၂၃

လယ်သိမ်းခံ / တရားစွဲခံရတဲ့ လယ်သမားတွေနဲ့ ပတ်သတ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရဲ့ ဖြေဆိုမှုတွေ ကို မေတ္တာတရား ထားပြီး သေသေချာချာ ပြန်လည် သုံးသပ်ပေးဖို့ ဒီကနေ့မှာ ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြင်းပြင်း ထန်ထန် သတိပေးလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မှော်ဘီ မဲဆန္ဒနယ် အမတ် ဦးအောင်ဝင်း က သိမ်းဆည်း မြေတွေနဲ့ ပတ်သတ်လို့ မေးခွန်းမေးမြန်းရာ မှာ ပြန်လည် ကြားသူ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တို့ရဲ့ အဖြေတွေနဲ့ စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က အခုလို သတိပေးလိုက်တာပါ။

မေးမြန်းသူ ဦးအောင်ဝင်းက –

(၁) တည်ဆဲ ဥပဒေများနှင့်အညီ သိမ်းဆည်းထားခြင်း မဟုတ်သော မြေသိမ်းမှုများ၌ သိမ်းဆည်းခံ လယ်သမားများအား တည်ဆဲ ဥပဒေများနှင့် အညီ တရားစွဲဆိုနေခြင်းမှာ လျော်ကန်မှုရှိ/မရှိ ။

(၂) မြေယာ တစ်ရပ်အပေါ် မှာ ပေါ်ပေါက်နေတဲ့ အမှု တစ်ရပ်ကို အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စစ်ဆေးရေး ကော်မတီ အဆင့်ဆင့်နဲ့ တရားရေး ဌာနတို့က တစ်ပြိုင်တည်း စစ်ဆေး ဆောင်ရွက်နေခြင်း တို့ဟာလျော်ကန် သင့်မြတ်မှုရှိ/မရှိ ။

(၃) နိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့ မြေသိမ်းပိုက်ဆောင်ရွက်ခြင်း နဲ့ပတ်သတ်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စီစစ်ရေး ကော်မတီ အဆင့်ဆင့်က စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် အတွင်းမှာ ဗဟို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည် စီစစ်ဆေး ကော်မတီက အပြီးသတ် အမိန့်မချမီ တရားရုံးများမှာ တရားစွဲဆိုခြင်း မပြုလုပ်ဖို့ နဲ့တရားစွဲဆို ထားဆဲ အမှုကိစ္စများကိုလည်း ဆိုင်းငံ့ ပေးထားနိုင်ဖို့ အစီအစဉ် ရှိ/မရှိ – စတဲ့မေးခွန်း ၃ ခုကို မေးခဲ့ပါတယ်။

ပထမဆုံး ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် က ပြန်လည် ဖြေကြားရာမှာ မေးခွန်း (၁) နဲ့ (၂) အတွက် လွှတ်တော် နည်းဥပဒေအရ ထင်မြင်ချက် ပေးနိုင်မှာ မဟုတ်ကြောင်း ပြန်လည် ဖြေကြားပါတယ်။

မေးခွန်း (၃) ကိုပြန်လည် ဖြေကြားရာမှာ တရားသူကြီး ဦးမြင့်အောင်က “တရားရုံးများမှာ ဥပဒေ တစ်ရပ်ရပ်နဲ့ ပိတ်ပင်ထားတဲ့ ကိစ္စရပ်တွေ မှအပ တည်ဆဲဥပဒေများ နဲ့အညီတရား စွဲဆိုခြင်းပြုလုပ်နိုင်ပါတယ်။

တရားရုံးများက စွဲဆိုထားတဲ့ အမှုတွေကို တရားစွဲ တင်လာရင် ရာဇ၀တ်ကျင့်ထုံး ဥပဒေ ၁၉၁ (က)(ခ)(ဂ) အရ ၊ ၂၀၀ အရ လက်ခံ စစ်ဆေးရပါတယ်။ အလားတူပင် တရားစွဲဆိုထားတဲ့ အမှုတွေကို ဆိုင်းငံပေးနိုင်ခြင်းနဲ့ ပတ်သတ်လို့လည်း

သက်ဆိုင်ရာ ဥပဒေပြဌာန်းချက် များနှင့်အညီသာ တရားရုံး များက ဆိုင်းငံ့ မိန့်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်း ခံရမှု ပြန်လည် စီစစ်ရေး ကော်မတီ အဆင့်ဆင့်က စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် အတွင်းမှာ ဗဟို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည် စီစစ်ဆေး ကော်မတီက အပြီးသတ် အမိန့်မချမီ တရားရုံးများမှာ တရား စွဲဆိုခြင်း မပြုလုပ်ဖို့ နဲ့တရားစွဲဆို ထားဆဲအမှုကိစ္စများကိုလည်းဆိုင်းငံ့ပေးထားနိုင်ဖို့အစီအစဉ်မရှိပါကြောင်း ဖြေကြားပါတယ်” လို့ ပြောပါတယ်။

ဒုတိယအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မေးခွန်းဖြေကြားပါတယ်။

မေးခွန်း (၁) အတွက် ဗိုလ်ချုပ်အောင်စိုးက “လက်ရှိ ဖြစ်ပေါ်နေသော သိမ်းဆည်းခံ မြေများသည် သိမ်းဆည်းစဉ် ကာလ အစိုးရ၏ ဆုံးဖြတ်ချက် ညွှန်ကြားချက် အရ သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ကာလ အထိ ဌာန အဖွဲ့အစည်းပိုင်မြေအဖြစ် သတ်မှတ် ထားရှိခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ လက်ဝယ် အသုံြး့ပု ထိန်းသိမ်းထားသည့် ဌာန အဖွဲ့အစည်းများ အနေဖြင့် ကျူးကျော် ၀င်ရောက် လုပ်ကိုင်သူများအပေါ် တရားစွဲဆိုသည့် အခြေအနေများ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မေးခွန်း (၂) အတွက် ဗိုလ်ချုပ်အောင်စိုးက ” ကော်မတီ အဆင့်ဆင့်ဟာ ပြည်သူများမှ တင်ပြလာသည့် သိမ်းဆည်းခံ မြေများနှင့် ပတ်သတ်၍ မြေယာနှင့် သက်ဆိုင်သော ဥပဒေနည်း ဥပဒေများ မူဝါဒများ လုပ်ငန်းစဉ်များ ညွှန်ကြားချက် များနှင့်အညီ စီစစ်ဆောင် ရွက်ပေးလျက် ရှိပါတယ်။ သို့သော်လည်း တရားစီရင်ရေး ကဏ္ဍအရ ဖြေရှင်းရမည့် ကိစ္စများဖြစ်သော မြေယာ အငြင်းပွားမှု အမွေအမှု များကို သက်ဆိုင်ရာ တရားရုံးများ တွင်သာ ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်ပြီး ပြည်လည် စီစစ်ရေးကော်မတီအဆင့်ဆင့်မှာ စီစစ်ဆောင် ရွက်ခြင်း မပြုပါဘူး” လို့ ပြောပါတယ်။

မေးခွန်း (၃) အတွက် ဗိုလ်ချုပ်အောင်စိုးက ” စွန့်လွှတ် မြေများနှင့် ပတ်သတ်၍ မြေယာ လွှဲပြောင်းမှုများ မပြီးပြတ်မီ လူပုဂ္ဂိုလ် အဖွဲ့အစည်း များမှာ ၎င်းတို့၏ လွတ်လပ်သော ဆန္ဒအရ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုခြင်း အပေါ် သက်ဆိုင်ရာ တရားရုံးများ မှ လက်ခံ စစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တရားစွဲဆိုထားသည့် အမှုကိစ္စများကို ဆိုင်းငံ့ ထားပေးရန်မှာ တရား စွဲဆိုသူနှင့် တရား စွဲခံရသူ ၂ ဦး ၂ဘက်၏ သဘောဆန္ဒ အရ ကျေအေးရုပ်သိမ်း တင်ပြလာ မှသာတည်ဆဲ ဥပဒေပြဌာန်း ချက်များနှင့် အညီ သက်ဆိုင်ရာ တရားရုံးများမှ အမှုတစ်မှုချင်း အလိုက်သာ ဆုံးဖြတ်သည့် လုပ်ငန်းစဉ်များ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဗဟိုကော်မတီ အနေနဲ့ မြေသိမ်းမြေတွေ နဲ့ပတ်သတ်လို့ မူဝါဒ ၅ ရပ် ၊ တပ်မြေ သိမ်းဆည်းမှုတွေ နဲ့ပတ်သတ်ပြီး မူဝါဒ ၃ ရပ် ၊ စွန့်လွှတ်မြေများ သက်ဆိုင်သူ လက်ထဲသို့ အမြန်ဆုံး ရောက်ရှိစေရေး လုပ်ငန်းစဉ် ၈ ရပ် ။ သိမ်းဆည်း မြေများနှင့် စပ်လျဉ်း၍ စီစစ်ရန် အချက် ၆ ချက် ၊ စွန့်လွတ်ခြင်း မရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စီစစ်ရန် အချက် ၇ ချက် ၊ စွန့်လွှတ်သည့် သိမ်းဆည်းမြေ များနှင့်စပ်လျဉ်း၍ စီစစ်ရန်အချက် ၅ ချက် ၊ ကော်မတီအဆင့်ဆင့်က အလေးထား ဆောင်ရွက်ရန် အချက် ၁၅ ချက် ၊ စုစုပေါင်း မူဝါဒ ၄၉ ချက်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နေပါတယ် လို့လည်း ဗိုလ်ချုပ်အောင်စိုးက ထပ်လောင်း ပြောဆိုသွားပါတယ်။

သက်ဆိုင်ရာ ၀န်ကြီးဌာန ၂ခုရဲ့ ဖြေကြားမှုအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ၀န်ကြီးဌာန ၂ ခုအနေနဲ့ သေသေချာ ချာပြန် လည် သုံးသပ်ဖို့ သတိပေး ပြောဆိုရာမှာ တရားရေး မဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ကို “တရားဥပဒေ ဆိုတာ ဘာလဲ..” လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က မေးခွန်း ပြန်ထုတ်ခဲ့ပါတယ်။

ဦးဝင်းမြင့်က “လယ်ယာမြေ သိမ်းဆည်းလည်း ခံရတယ်။ အမှုလည်း ဆွဲခံရတယ်၊ ပြီးတော့ တရားရုံးမှာ ဖြေရှင်း ခိုင်းတယ်။ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ဘက်ကဖြေတယ်။ အဲဒီအဖြေကို ကျွန်တော်ပြောပါမယ်။ တရားဥပဒေ ဆိုတာဘာလဲ။ တရား ဥပဒေ ဆိုတာ မှန်ကန် မျှတတဲ့ စည်းမျည်း စည်းကမ်း။ ဥပဒေမဲ့လည်း အသိမ်း ခံရတယ်။ခုနက တရားလွှတ်တော် ချုပ်ဖြေ သွားတဲ့ အထဲမှာရော ၊ မေးခွန်းရှင်ရဲ့ မေးခွန်းမှာရော၊ အသိမ်းသာ ခံရတယ်၊ လက်ရှိလည်း လက်ရှိ လုပ်ကိုင်နေမြဲဖြစ်မယ် ၊ လက်ရောက် ပိုင်ဆိုင်မှု ဘယ်သူ့ လက်ထဲမှာ ရှိတာလည်း။ ဒီလိုအမှုမျိုးကို စွဲတာသည် စွဲတဲ့ဥပဒေပုဒ်မ အင်္ဂါရပ်နဲ့ ညီလား /မညီဘူးလား။ တရားရုံးက အလေး နက် ထား သတိထားရပါမယ်။

အင်္ဂါရပ်နဲ့ ညီရင်တော့ ဟုတ်တာပေါ့။ အခု အင်္ဂါရပ်နဲ့ ညီတဲ့ ကိစ္စမျိုး မဟုတ်ရင် တရားရုံး အနေနဲ့ ဒါကို စွဲခွင့်ပြုမယ် ဆိုရင် အသိမ်း လည်းခံ ရတယ်၊ အသိမ်းခံ ရသူက စားစရာမရှိဘူး။ သိမ်းတဲ့သူက ထားစရာနေရာ မရှိဘူး။ အဲနှစ်ခုယှဉ်ပြီး တရားရုံး မှာဖြေရှင်း ရမယ် ဆိုရင် တရား ဥပဒေ ဆိုတဲ့ ရည်ရွယ်ချက်မှန်ကန် မျှတတဲ့ စည်းမျဉ်စည်းကမ်းက ….

ဘယ်ပျောက်သွားလဲ။ ပြီးရင် အဲ့ဒီတရားရုံးဘက်က ထားစရာ မရှိတဲ့သူနဲ့ စားစရာမရှိတဲ့ လယ်သမား ဘယ်သူ့ဘက် ပါသွားမလဲ။ ကျွန်တော်တို့က ကိုယ်ချင်းစာ တရားထား ဖို့တော့ကောင်းတယ် ။ သူများကို ငါဒီလို လုပ်မယ်ဆိုရင် ငါ့ကို အဲလိုလုပ်ရင် ခံနိုင်မလား ဆိုတာကို အရင်ဆုံး စဉ်းစားရမယ်။ အဲတာ ကိုယ်ချင်းစာတရားပဲ။ သူများတော့ လုပ်ချင်တာလုပ်မယ် အဲဒါသူများခံစေ၊ ငါ့ကို အဲလို လုပ်ရင်တော့ နဲနဲလေးမှ မခံဘူးဆို အဲ့ဒါ ကိုယ်ချင်းစာ တရားမဟုတ်ဘူး။ ဥပဒေနဲ့ အညီဘဲ ဆောင်ရွက်စေချင်တယ်။ ခုနက ဘယ်ဘက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖြေချလိုက်လဲ၊ ဒါတွေ ရပ်ဆိုင်းပေးပါ ဆိုရင်တော့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု ပြန်လည် စီစစ်ရေး ဗဟိုကော်မတီက ညွှန်ကြားမှ လုပ်ပေးနိုင်မယ် ပြောတယ်။

ဒါပေမယ့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု ဗဟိုစီစစ်ရေး ကော်မတီကလည်း အခုဖြေတဲ့ အခါကြတော့ တရားရုံးမှာ ရင်ဆိုင်ကြပါပြောတယ်။ ဒီဟာက အမွေမှုမဟုတ်ဘူး။

ဒါက ရောင်းမှား ဝယ်မှား မဟုတ်ပါဘူး။ ဒါက မေတ္တာနဲ့ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း မဟုတ်ဘူး။ ရောင်းမှား ဝယ်မှားဖြစ်လို့ အမွေ မှုဖြစ်လို့ တရားရုံးမှာ ရင်ဆိုင်ကြပါဆိုရင်မှန်တယ်။ ဥပဒေမဲ့ အသိမ်းခံရပြီး အသိမ်းလည်း ခံရတယ်၊ သိမ်းတဲ့သူက လုပ်ငန်းရှင်၊ ပိုက်ဆံ ရှိတဲ့ ပုဂ္ဂိုလ်၊ အဲဒီလူတွေနဲ့ ဖက်ပြီးတော့ တရားရုံးမှာ ရင်ဆိုင်ပါ ဆိုတော့။ ကိုယ့်အဖြေ ကို ကိုယ် နဲနဲ စဉ်းစားဖို့ ကောင်းတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောပါမယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဘက် ကကော၊ လယ်ယာမြေ နဲ့ အခြားမြေများ ဗဟိုစီစစ်ရေး ကော်မတီကရော ဒါကိုတော့ သေသေချာချာ ရေရေ ရာရာလေး ပြန်လည် သုံးသပ်ပါ ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ လွှတ်တော် ဥက္ကဌဦးဝင်းမြင့်က တစ်လက်စတည်း လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သတိပေးပြောဆို လိုက်ပါတယ်။

“နောက်တစ်ခု ကိုယ်စားလှယ်တွေ ကျွန်တော်အမြဲပြောတယ်။ မဲဆန္ဒရှင် မိဘပြည်သူတွေက မဲပေးထားတယ်။ မှန်မှန်ကန်ကန် ရပ်တည်ကြပါ။ ထဲထဲဝင်ဝင် လုပ်ပေးကြပါ။ တွေ့ရှိချက်တွေ တင်ပေးပါ။ အဲဒီ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးဗဟိုကော်မတီလည်း တင်ပေး။ ကိုယ့်မြို့နယ်မှာ ကိုယ့်ပြည် နယ်/တိုင်းမှာ အဲဒီ အသိမ်းခံရတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် သုံးသပ်ပေး။ ဘက်မလိုက် နဲ့ အဂတိကင်းကင်းလေး လုပ်ပေး။ ဥပဒေနဲ့ အညီပဲ ဆောင်ရွက်ပေး။ ဥပဒေနဲ့မညီဘူး ဘက်လိုက်ပြီးဖိအားပေးပြီးတော့ ဆုံးဖြတ်ချက်ကိုဥပဒေလွဲနေတဲ့ဟာနဲ့ လုပ်ခိုင်းတယ်ဆိုရင် လက်မှတ်ကိုမထိုးနဲ့။ အခု လွှတ်တော်လည်း မကြာခင်နားတော့မယ်။ လွှတ်တော်နားရင် အဲဒါကို ..

တိတိကျကျ မှန်မှန်ကန်ကန်လေး လုပ်ပေးစမ်းပါ။ တင်လာပါ။ ဘယ်တရားရုံးက ဒီအမှုမှာ ဘယ်လိုလုပ်လည်း၊ ဘယ်လို ဆုံးဖြတ်လည်း။ အဲဒီ ဘယ်တိုင်း၊ ဘယ်ပြည်နယ်က အစိုးရတွေ ထွေအုပ်တွေက ဘယ်လိုလုပ်လည်း၊ အဲဒီတိုင်း က ၀န်ကြီးတွေက ဘယ်လို ဘက်လိုက် လည်း တင်စမ်းပါ။ တင်လာကြပါ။ ကျွန်တော်တို့ကိုယ်စားလှယ်တွေ ကိုယ့်အလုပ်ကိုယ် လုပ်ပေးကြစမ်းပါ။ခုနက ဖြေသွားတာ ကြားရတာ အတော်စိတ်မကောင်းဖြစ်မိတယ်။ စဉ်းစားကြည့် အသိမ်းလည်း ခံရတယ်။ စားစရာလည်း မရှိဘူး။

သိမ်းတဲ့လူနဲ့ တရားရုံးမှာ ရင်ဆိုင်ပြီး ဖြေရှင်းရမယ် ဆိုတော့ ကိုယ်ကရောင်းခဲ့လို့ ပေးခဲ့လို့၊ အမွေမှုဖြစ်လို့ ဆိုရင်တော့ ဟုတ်တာပေါ့။ အသိမ်း ခံရတဲ့ ဟာကို တစ်ခါတစ်ခါ ထွက်ပြိုင်ပြီး ရင်ဆိုင်ရ မယ်ဆိုတော့ တရားရုံးသွားဖို့ စရိတ်တောင် ရှိမှာ မဟုတ်ဘူး။ တည့် တည့်ပြောရရင် တရားရုံးမှာ ပေးဖို့၊ ကျွေးဖို့ တောင် ရှိမှာ မဟုတ်ဘူး။အဲတော့ တရားစီရင်ရေးကလည်း ကျွန်တော်ပြောတာ ရှင်းရှင်းလေးပါ။ ဥပဒေအင်္ဂါရပ်နဲ့ မ၀င်ရင် လက်မခံနဲ့ပေါ့။ ၀င်ရင် လက်ခံ ပေါ့” လို့ ဦးဝင်းမြင့်က ဆက်ပြောပါတယ်။

စိုင်းလမင်း ၊ ရဲလွင်
Popular

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရားဥပဒေ ဆိုတာဘာလဲ ဟု တရား လွှတ်တော်ချုပ်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ မေးခွန်းထုတ်”

Post a Comment

Related Posts Plugin for WordPress, Blogger...