Sunday, August 20, 2017

ဦးကိုနီ လုပ်ကြံခံရမှု အစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးသင့်

,
(19.8.2017)
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီ အသတ်ခံခဲ့ရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး အထောက်အကူပြုစေဖို့ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပေးသင့်တယ်လို့  ဦးကိုနီအမှုမှာ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ ဦးနေလက ပြောပါတယ်။

အာဏာရပါတီရဲ့ ဗဟိုအဆင့် ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီ လုပ်ကြံခံရ အခုဆိုရင် ၇ လကျော်ရှိသွားပြီဖြစ်ပါတယ်။  တရားရုံးထုတ်စစ်ဆေးမှုတွေမှာ ဒီအမှုကို သာမန်လိုပဲ သဘောထားနေတာတွေ့ရပြီး နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ အမှုအဖြစ်ကော စဉ်းစားသင့်တယ်လို့ ဦးနေလက ပြောပြီး ဒီလိုစဉ်းစားရမဲ့ အကြောင်းကတော့ ဦးကိုနီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တက်တက်ကြွကြွဆောင်ရွက်သူဖြစ်ကာ အာဏာရပါတီရဲ့ ဥပဒေအကြံပေးကို လူမြင်ကွင်းမှာ သတ်ဖြတ်မှုဟာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ လုံလောက်တဲ့ အကြောင်းအရင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလိုဖွဲ့စည်းပြီး ကော်မရှင်ကနေ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးခြင်းဖြင့် တရားဥပဒေ စိုးမိုးရေး အခြေအနေဟာ ဘယ်လောက် ယိမ်းယိုင်နေသလဲ ယိမ်းယိုင်မှု မရှိဘူးလား ဆိုတာကို ဖော်ထုတ်နိုင်မှာ ဖြစ်တယ်လို့ ဦးနေလက ပြောပါတယ်။
သူကြားသိရသလောက် အမှုနဲ့ ဆက်နွယ်နေတဲ့ ဦးအောင်ဝင်းခိုင်ဟာ မြန်မာပြည်တွင်းမှာပဲ ရှိနေတာ သေချာသလောက်ပဲလို့လည်း ကွယ်လွန်သူ ဦးကိုနီရဲ့ ရှေ့နေဖြစ်သူ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

#ဘီဘီစီမြန်မာပိုင်း

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးကိုနီ လုပ်ကြံခံရမှု အစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးသင့်”

Post a Comment

Related Posts Plugin for WordPress, Blogger...