Wednesday, August 16, 2017

ရိုဟင်ဂျာနဲ့မဘသအကြောင်း ကန်ပြောကြား

,
RFA (16.8.2017)
အမေရိကန်နိုင်ငံခြားရေးဌာနက ၂ဝ၁၆ ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု အစီရင်ခံစာကို ပြီးခဲ့တဲ့နာရီအနည်းငယ်က ထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဖေါ်ပြထားသလို အမုန်းတရား ပြန့်ပွားအောင် လုပ်ဆောင်မှုအတွက် မဘသ အဖွဲ့ကို နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ကြောင်း၊  အစိုးရရဲ့ ထုတ်ဖေါ်ရှုတ်ချမှုကြောင့် မဘသ ရဲ့ လူထုအပေါ်သြဇာလွှမ်းမှုတွေ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်းနဲ့ မဘသ သံဃာတပါးဖြစ်တဲ့ အရှင်ဝီရသူဟာ ဘာသာရေးပြသနာတွေ ဖြစ်ပွားအောင် လူမှုမီဒီယာကနေ ဆက်လက်လှုံ့ဆော်နေကြောင်းလည်း တင်ပြထားပါတယ်။

သမ္မတ ထရမ့်လက်ထက် ပထမဆုံးအကြိမ်အဖြစ် မနေ့က ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်မှု အစီရင်ခံစာမှာ ရခိုင်ပြည်နယ်မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးတွေချိုးဖေါက်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကို မွတ်စလင် ၇ သောင်းခန့် ထွက်ပြေးခဲ့ကြောင်း၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ ဗလီကျောင်းတွေ ဖျက်ဆီး ခံခဲ့ရကြောင်း၊ ရိုဟင်ဂျာတွေ အနေနဲ့ သွားလာခွင့်၊  ပညာသင်ခွင့်၊ လက်ထပ်ခွင့်၊ သားသမီးရယူခွင့်တွေမှာ ခွဲခြားဖိနှိပ်ခံနေရကြောင်း၊ တပြိုင်နက်မှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်ရေးကို အစိုးရက ပြန်လည်စတင်ခဲ့ပြီးနောက် ၂ဝ၁၆ နှစ်ကုန်ပိုင်းအထိ မွတ်စလင် ၂ဝဝဝ ကျော် နိုင်ငံသားဖြစ်လာခဲ့ကြောင်း၊ ရိုဟင်ဂျာတွေကို အစိုးရက ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝန်းလို့ ခေါ်ဝေါ်သုံးစွဲတာနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွား ခဲ့ကြောင်း၊  ဆန္ဒပြသူတွေက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူတွေလို့ ယုံကြည်တဲ့အတွက် ဘင်္ဂါလီတွေလို့ခေါ်ဝေါ်သုံးစွဲစေချင်ကြောင်း ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ ကရင်ပြည်နယ်မှာ ခရစ်ယာန်ဘုရှားကျောင်းပိုင်နက်အတွင်း သံဃာတပါးရဲ့ နောက်လိုက်တွေက ဝင်ရောက်ပြီး စေတီတည်ဆောက်ကာ သာသနာ့အလံစိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ မိတ္ထီလာမှာ ၂ဝ၁၃ ခုနှစ်ဖြစ်ပွားတဲ့ အဓိကရုဏ်းအတွင်း ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ၃၇ဝဝ ကို ပြန်လည်နေရာချထားပေးခဲ့တယ်လို့ အစိုးရကကြေညာခဲ့ကြောင်း၊ ဒါပေမဲ့ တချို့မွတ်စလင်တွေ မူလနေရာ ပြန်လာတာကို ဒေသခံတွေက လက်မခံခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ  ဗုဒ္ဓဘာသာဝင်တွေ ဘုရားကျောင်းကန် ဆောက်လုပ်ဖို့ အခက်အခဲမရှိပေမယ့် မွတ်စလင်၊ ခရစ်ယာန်စတဲ့ တခြားဘာသာခြားတွေ အနေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ခွင့် ရရှိရေး၊ အလုပ်အကိုင် ရရှိရေး အပါအဝင် နှိမ့်ချခွဲခြား ကန့်သတ်ချုပ်ချယ်မှုတွေ၊ အခက်အခဲတွေကို ဆက်လက်ကြုံတွေ့နေရကြောင်းနဲ့ နိုင်ငံသားမှတ်ပုံတင်မရှိသူတွေ တက္ကသိုလ်ကောလိပ် တက်ခွင့်ရပေမယ့် ဘွဲ့ယူခွင့် မရရှိကြောင်း စသဖြင့်  ပါရှိပါတယ်။

ဒါ့အပြင် ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာတခွင်က ဘာသာရေး ဖိနှိပ်မှု အပါအဝင် လူအခွင့်အရေးချိုးဖေါက်ခံရသူ ရှစ်သောင်း ငါးထောင်နီးပါးကို အမေရိကန်ပြည်ထောင်စုလာရောက် အခြေချနေထိုင်ခွင့်ပေးခဲ့ရာမှာ ၇ဝ% ဟာ မြန်မာ၊ ကွန်ဂို၊ ဆီးရီးယား၊ အီရတ်နဲ့ ဆိုမားလီးယာ နိုင်ငံတွေကဖြစ်ကြောင်းနဲ့ မြန်မာပြည်ကို ဘာသာရေး လွတ်လပ်မှု ဆိုင်ရာ စိုးရိမ်တဲ့နိုင်ငံစာရင်းမှာ ဆက်လက်ထည့်သွင်းထားကြောင်းလည်း ရေးသားထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက အခု ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံ ၂ဝဝ နီးပါးရဲ့ အခြေအနေတွေကို တင်ပြထားပြီး IS ခေါ် အစွန်းရောက်မွတ်စလင် အဖွဲ့က ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ ရက်စက်ကြမ်းကြုပ်မှုတွေ ဆက်လက်ကျူးလွန်နေပုံကို အထင်ကရ ဖေါ်ပြထားပါတယ်။

မနေ့က ကျင်းပတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက် တီလာဆန် က ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် ရရှိရေးအတွက် မိမိတို့ အစိုးရက ဦးစားပေး ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရိုဟင်ဂျာနဲ့မဘသအကြောင်း ကန်ပြောကြား”

Post a Comment

Related Posts Plugin for WordPress, Blogger...