“ပြည်ထဲရေးဝန်ကြီးဌာန သမ္မတ ညွှန်ကြားချက် အကောင်အထည် ဖော်သလား”
စည်သူအောင်မြင့်
the ladies 6-9-13။ စာ- ၂၃။
ပြီးခဲ့တဲ့ စက်တင်ဘာ (၁) ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ လစဉ် ပုံမှန် သူလုပ်နေကြ ရေဒီယိုကနေ တဆင့် တစ်လအတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို သုံးသပ်ပြောဆိုခဲ့ပါတယ်။ အဲဒီအထဲမှာ သူတို့ အစိုးရ သက်တန်း အရင် လပေါင်း ၃၀ မှာ လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေ၊ လာမယ့် လပေါင်း ၃၀ မှာ ဦးစားပေး လုပ်ဆောင်မယ့် အချက်တွေ၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်အကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေ၊ တရားစီရင်ရေး မဏ္ဍိုင် ကို လွတ်လပ်ပြီး အားကောင်းလာအောင် ဆောင်ရွက်မယ့် ကိစ္စတွေ၊ ၈၈ လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့် အခန်းအနား ဆိုင်ရာကိစ္စတွေ၊ သြဂုတ်လ အတွင်း ရေကြီးတဲ့ကိစ္စတွေ စသဖြင့် ပြည့်ပြည့်စုံစုံ တင်ပြသွားတာ ကြားကြရပါတယ်။ ဒါပေမယ့် အလွန်အရေးကြီးတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားသွားခဲ့တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုကိစ္စ နဲ့ ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနား မိတ္တီလာမြို့မှာ ကာဖျူးထုတ်ထားတဲ့ အချိန်မတော်ကြီး ကားကို လူအုပ်က ၀ိုင်းဝန်းခဲ့တဲ့ ကိစ္စတွေကိုတော့ တစ်လုံး တစ်ပါဒ မှ ထည့်သွင်းပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။
ဒီလို တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဘာကြောင့် ထည့်သွင်း ဝေဖန် ပြောဆိုတာမျိုး မရှိပဲ တမင် ချန်လှပ်သွားရသလဲဆိုတာကတော့ စဉ်းစားစရာပါ။ လစဉ် အမှာစကားထဲမှာ ထည့်သွင်းဖို့ မလိုလောက်အောင် အရေးမကြီးတဲ့ ကိစ္စ ဖြစ်နေလို့လား။ ဒီလိုဆိုရင် မြန်မာပြည်ထဲမှာ ဖြစ်ပေါ်ခဲ့ပြီး၊ ဖြစ်ပေါ်နေဆဲ နောင်လဲ မဖြစ်ပေါ်တော့ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်တဲ့ ဘာသာရေး ဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်လို့ သမ္မတ က အရေးတကြီး သဘောမထားတော့ဘူးလားလို့ မေးခွန်း ထုတ်နိုင်ပါတယ်။
နောက်တစ်ခု ဖြစ်နိုင်တာက သမ္မတ အနေနဲ့ ဒီကိစ္စ ထုတ်ဖော်ပြောဆိုရမှာ ရှက်တာ၊ သူ့ဘက်က တိုင်းပြည်ကို ကတိပေးထားခဲ့သလို တာဝန်မကျေနိုင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ရာ မ၀ံ့ရဲတာ အဲဒါမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ပါတ် ဆောင်းပါးမှာတော့ သမ္မတ အနေနဲ့ တိုင်းပြည်နဲ့ နိုင်ငံတကာကို သူဘာတွေ ပြောဆို ကတိပေးထားပြီး ဘာကြောင့် အဲဒီ ပြောဆိုချက်တွေ အကောင်အထည် ပေါ်မလာနိုင်သလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
မန္တလေးတိုင်း မိတ္တီလာ၊ ပဲခူးတိုင်း ဥက္ကံနဲ့ မြို့တစ်ချို့၊ ရှမ်းပြည်နယ် လားရှိုး စတဲ့ နေရာတွေမှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်း သမ္မတ ဟာ တိုင်းပြည်ကို ခုလို ကတိတွေ ပေးခဲ့ပါတယ်။ ဇူလိုင်လဆန်းတုန်းက သမ္မတ ဦးသိန်းစိန် ပြောတဲ့ မိန့်ခွန်းမှာ “ ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်“ ဆိုပြီး ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန် သူ့ရဲ့ လစဉ် ရေဒီယို မိန့်ခွန်း မှာလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီး ”ဘာသာတရားရဲ့ နာမကို အလွဲသုံးစားလုပ်ပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို အကြောင်းပြုပြီး၊ မတရားတဲ့ အမှုတွေကိုပြုရင်တော့ လူ့အဖွဲ့အစည်းက အဲဒီမတရားမှုကို လျစ်လျူရှုနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။” ဆိုတဲ့အကြောင်း၊ “လူအများကို နစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောမှုတွေ၊ လုပ်ဆောင်မှုတွေကိုလည်း တားမြစ်သွားရမယ်” စသဖြင့် ပြောခဲ့ပြန်ပါသေးတယ်။ ပြောရရင် သမ္မတ ဟာ သူပြောခဲ့တဲ့ အဲဒီ ကတိစကားတွေအတွက် ဘာ အရေးယူဆောင်ရွက်မှုမှ လုပ်နိုင်တာ မတွေ့ရသေးပါဘူး။
ဒီနေရာမှာ သတိပြုဖို့လိုတာက လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြသနာပါ။ ဖွဲ့စည်းပုံအရ ဥပဒေပြုလွှတ်တော် အဆင့်ဆင့်မှာ တပ်မတော်သား အမတ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်အပ်သူ ၂၅ ရာခိုင်နှုန်းပါပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး ယန္တယားအတွက် အရေးအကြီးဆုံးလို့ ဆိုနိုင်တဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးတွေကိုလည်း ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ်ပါတယ်။ ကျန်တဲ့ ၀န်ကြီး ၀န်ကလေး၊ တွေကိုတော့ သမ္မတ က ခန့်အပ်ပါတယ်။ ပြောရရင် အစိုးရအဖွဲ့ထဲမှာ အဲဒီ အရေးကြီးတဲ့ ၀န်ကြီးဌာန ၃ ခုက လွဲရင် ကျန်တာတွေအားလုံးဟာ သမ္မတ ညွှန်ကြားချက် နာခံဖို့လိုတဲ့ သဘော တွေ့ရပါပေမယ့် ဒီ ၀န်ကြီးဌာန (၃) ခုကတော့ အဲလိုပုံစံ မတွေ့ရပါဘူး။
အားလုံးမှတ်မိကြလိမ့်မယ် ထင်ပါတယ်။ အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြင်းထန်ချိန် သမ္မတ က ခုခံစစ်ကလွဲပြီး ထိုးစစ်မဆင်ဖို့ ထုတ်ပြန်ထားပေမယ့် တပ်မတော်ဘက်ကတော့ ဆက်ပြီးတိုက်ခိုက်တာ ရှိခဲ့ပြီး ဒီအချက် ဝေဖန်ထောက်ပြသူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒီအခါ သမ္မတ က သူ့အနေနဲ့ ပြောထားတယ်၊ အကြောင်းကြားထားတယ် လို့သာ ပြောနိုင်ပြီး ယတိပြတ် အမိန့်မပေးနိုင်တဲ့ သဘော ဖော်ပြခဲ့ပါတယ်။
အခုလည်း အလားတူ သဘောပါပဲ။ အကြမ်းဖက်မှုတွေ ဖြစ်လာရင် ရပ်တန့်သွားအောင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရတာ ပြည်ထဲရေးဝန်ကြီးဌာနပါ။ ဒီလိုပြသနာမျိုးမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အရေးယူဆောင်ရွက်မှု ထိထိရောက်ရောက် မရှိတာကြောင့် ပြည်သူတွေဟာ အကြမ်းဖက်သမားတွေရဲ့ ဒါဏ်ကို ပိုခံရပါတယ်။ ဒီအတွက်ကြောင့်လည်း နောက်နောင် အဲလို အကြမ်းဖက်မှုတွေ ဖြစ်လာရင် အထက်ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတာမျိုးမဟုတ်ပဲ သက်ဆိုင်ရာ အောက်ခြေ ရဲဝန်ထမ်းတွေက အလျင်အမြန် အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားပါတယ် ဆိုပြီး သမ္မတ က ပြောယူရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ဒီကိစ္စမျိုး သမ္မတ က တိုက်ရိုက်ကိုင်တွယ်နိုင်ခြင်း မရှိဘူးဆိုတာကို သွယ်ဝိုက် ၀န်ခံရာလည်း ရောက်ပါတယ်။ မိတ္တီလာကို ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သူ မစ္စတာ ကင်တားနား ရောက်လာချိန် ဖြစ်ပေါ်တဲ့ ပြသနာဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ အဲဒီ အချိန် ကာဖျူးအမိန့် ထုတ်ပြန်ထားချိန် ဖြစ်နေပါပြီ။ ဥပဒေ ချိုးဖေါက်ရင် အလွန် အကွပ်အညှပ် ကြမ်းတမ်းလှတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနဟာ အဲဒီ အချိန် ဘာလို့ လူတွေကို စုရုံးခွင့် ပေးခဲ့တာပါလဲ။ ဒါတင်မက ဘာကြောင့် ကုလသမဂ ကိုယ်စားလှယ် ကားအနား ၀ိုင်းအုံ ချဉ်းကပ် ထိတွေ့ခွင့် ပေးခဲ့တာပါလဲ။ ဒါကိုလည်း သမ္မတ က ကိုင်တွယ်နိုင်တဲ့ ပုံ မပေါ်ခဲ့ပါဘူး။
ဒီထက် အရေးကြီးတာကတော့ သမ္မတ က တဖွဖွ ပြောနေတဲ့ “ ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်“ ဆိုတဲ့ စကားပါ။ ဒါကို အကောင်အထည် ဖော်ရမှာလည်း ပြည်ထဲရေးဝန်ကြီးဌာနပါ။ ဒါပေမယ့် ဒီနေ့အချိန်ထိ ကာကွယ်တားဆီးရေး လုပ်တာ ဘာတစ်ခုမှ မတွေ့ကြရပါဘူး။
ခြုံငုံပြီးပြောရရင် ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပေါ်ပေါက်လာတဲ့ ကိစ္စမှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ အရေးယူ ကိုင်တွယ်ပုံဟာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ အကြမ်းဖက်သမားတွေကို အားပေးအားမြှောက်ပြုရာ ရောက်နေပါတယ်။ ဒါ့အပြင် သမ္မတက ပြောဆိုထားတဲ့ အမုန်းတရား ကြီးထွားအောင် နည်းပေါင်းစုံနဲ့ လှုံ့ဆော်နေသူတွေကို ဖော်ထုတ်ခြင်းမပြုတာ၊ အရေးယူခြင်း မပြုတာတွေကလည်း အဲဒီ လှုံ့ဆော်သူများ ပိုပြီး ရဲတင်း ပိုပြီး လုပ်ရဲကိုင်ရဲ ဖြစ်အောင် အားပေးသလို ဖြစ်စေပါတယ်။ အခြားတစ်ဖက်မှာ ဘာသာပေါင်းစုံ ညီညွတ်ရေးဆိုဆို၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပြောပြော၊ ပဋိပက္ခ တားဆီးကာကွယ်ရေး အဖွဲ့လို့ပဲ နာမည်တပ်ပြီး လုပ်လုပ် ပြည်ထဲရေးဝန်ကြီးဌာနက သမ္မတ ပြောတဲ့ အရေးယူဆောင်ရွက်မှုမျိုးတွေ အကောင်အထည် ဖော်မပေးဘူးဆိုရင်တော့ နောက်ထပ် အလားတူ အကြမ်းဖက်မှုမျိုးတွေ ထပ်ပြီး ပေါ်ပေါက်လာဦးမှာ အသေအခြာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်(6.9.2013)

