Tuesday, September 5, 2017

ဖဘ ပေါ်က ကြေးစားကွန်မန့်သမားတွေ

,
အခုထွန်းလတ်အကောင့်မှာတင်ထားတဲ့ ရိုဟင်ဂျာသရဲကြီးခြောက်လေပြီ ဆောင်းပါးကို ဖဘက ဖြုတ်ပစ်လိုက်ပါတယ်။ သူတို့သတ်မှတ်ထားတဲ့ Community Standard နဲ့မညီလို့လို့ ဆိုပါတယ်။ ကျနော့်ဆောင်းပါးဟာ Community ကို ဒုက္ခပေးသလားမပေးသလားဆိုတာ မြန်မာစာတတ်တဲ့သူတွေ ကောင်းကောင်းသိပါတယ်။ တကယ်တန်း Community ကို ဒုက္ခပေးနေတဲ့စာတွေ ကိုယ်နဲ့မတူတဲ့ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းကို စော်ကားမော်ကားရေးနေတဲ့သူတွေရဲ့ စာတွေကို facebook က မပိတ်ပါဘူး။ hate speech တွေအများအပြားကို ဖဘက မပိတ်နိုင်၊ မတားနိုင်ပါဘူး။ ကောင်းကောင်းလည်း သိပုံမရပါဘူး။

အခုကျနော့်ဆောင်းပါးကို ဖြုတ်လိုက်တာကို ကြည့်ရင် ကောက်ချက်ချစရာ အချက်တချို့ကို တွေ့ရတယ်။ ပထမတချက်က facebook ရဲ့ Editorial Judgement ဟာတော်တော် အားနည်းနေတယ်ဆိုတဲ့အချက်ပဲ။ အဲဒါကြောင့်သာ ကျနော့်ဆောင်းပါးကို မှန်မှန်ကန်ကန် Judge မလုပ်နိုင်တာပဲ။ ဒုတိယစဉ်းစားစရာကတော့ facebook မှာ လုပ်နေတဲ့ မြန်မာဝန်ထမ်းတွေကရော ဘယ်လောက်များ Balance ဖြစ်သလဲ၊ Impartial ဖြစ်သလဲ။ ဘယ်လောက်များ Community Standard ကို နားလည်သလဲဆိုတာ သံသယဖြစ်စရာရှိလာပါတယ်။ သူတို့ကများ ကျနော့်မြန်မာဘာသာဆောင်းပါးကိုဖတ်ပြီး သူတို့အထက်ကလူတွေကို မဟုတ်မမှန်တဲ့ feed back ပေးခဲ့သလားဆိုတာ စဉ်းစားစရာပါ။ တတိယအချက်က အရေးကြီးဆုံးအချက်ပါ။ အဲဒါကတော့ စစ်အာဏာရှင်တွေဟာ facebook မှာငွေကြေးအမြောက်အမြား ရင်းနှီးပြီးတော့ လူတွေရဲ့ အတွေးအမြင်ကို လှည့်စားသိမ်းသွင်းနေတဲ့အချက်ပါ။ ကြေးစားကွန်မန့်သမားတွေ မွေးမြူပြီး သူတို့အမြင်ကို လူများစုအမြင်လို့ ကျန်တဲ့လူတွေက ထင်လာအောင် လှည့်စားနေတဲ့အချက်ပါ။ အဲဒီအချက်က သိပ်အရေးကြီးပါတယ်။

တကယ်တန်း အခုထွန်းလတ်အကောင့်မှာ ရှိတဲ့ဆောင်းပါးကို အပိတ်ခံရတဲ့ အဓိက အကြောင်းက ဘာလဲဆိုတာ ကျနော် သိပါတယ်။ ဖဘ သုံးနေကျလူတွေ အားလုံးလည်း သိကြမှာပါ။ စစ်အုပ်စုဟာ facebook ပေါ်မှာ အမြင်တရပ်ဖန်တီးနိုင်ဖို့အတွက် အကောင့်ပေါင်း သိန်းချီဖွင့်ပြီး စိတ်ဓာတ်စစ်ဆင်ရေး ဆိုက်ဝါး Psychology Warfare လုပ်နေပါတယ်။ သတိထားကြည့်ရင် သိသာပါတယ်။ အလွန်ကိုသိသာပါတယ်။ နမူနာအဖြစ်နဲ့သိချင်ရင် ဘီဘီစီရယ်၊ ဗွီအိုအေရယ်၊ အာရ်အက်ဖ်အေရယ်ကတင်တဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့သတင်းတွေအောက်မှာ သွားကြည့်၊ သွားလေ့လာကြစေချင်ပါတယ်။ အဲဒီသတင်းတွေရဲ့အောက်မှာ နာမည်ပေါင်းမျိုးစုံနဲ့ campaign လုပ်နေကြတာကိုတွေ့ရပါတယ်။

နမူနာစာသားတခုကို ပြောရရင် ......လာပြန်ပြီဟ “BBC ညာနေသည်၊ VOA လိမ်နေသည်၊ RFA ရန်တိုက်ပေးနေသည်။ ခလောက်ဆန် အကောက်ကြံ မိုးလုံးပြည့် မုသာဝါဒီ လေလှိုင်းပေါ်က အဖျက်သမားများ ပြည်သူအားလုံး သတိထား” ဆိုတဲ့စာသားကွန်မန့်ဖြစ်ပါတယ်။ ဘီဘီစီ၊ ဗွီအိုအေ ပို့စ်တွေရဲ့ အောက်မှာ တခါတလေမှာ သောင်းနဲ့ချီပြီး အဲသလို ကွန်မန့်မျိုးတွေရေးပါတယ်။ တခါတလေ ၄-၅ ထောင်၊ တခါတလေလည်း ၄-၅ ရာဆိုသလို တွေ့ရတတ်ပါတယ်။ ဒါက ကန်ပိန်းတခုကို စနစ်တကျ လုပ်တာပါ။ ဒီကန်ပိန်းက တော်တော်အောင်မြင်ပါတယ်။ ဘာ့ကြောင့် အောင်မြင်သလဲဆိုတော့ လခပေးပြီးခိုင်းထားတဲ့သူတွေ လုပ်တာမို့ပါ။ တပ်ဖွဲ့ဖွဲ့ပြီး တာဝန်ပေး၊ လစာပေးပြီး လုပ်တာမို့ပါ။ သာမန်အားဖြင့် သာမန်အရပ်သားတွေကြားမှာ သာမန်ပြည်သူတွေကြားမှာ ကန်ပိန်းတခုလုပ်တဲ့အခါမှာ ဘယ်လောက်ခက်ခက်ခဲခဲ စည်းရုံးလှုပ်ရှားရတယ်ဆိုတာ တော်တော်များများသိကြပါလိမ့်မယ်။ တညီတညာတည်း အသံထွက်ဖို့လည်း ခက်ပါတယ်။ အခုဒီလိုတညီတညာတည်း တသံတည်းထွက်တာဟာ ဘာ့ကြောင့်လဲ ဆိုတော့ တခုတည်းသော အမိန့်အောက်က ထွက်လာတဲ့စာသားတွေမို့ပါ။ နောက်ပြီး အမိန့်နာခံတတ်တဲ့ အလေ့အကျင့်ပျိုးထောင်ပြီးသားလူတွေမို့ပါ။ သာမန်အရပ်သား၊ သာမန်လူတွေဟာ တသွေးတသံတမိန့်ဆိုတာမျိုးကို မကြိုက်ပါဘူး။ မလိုက်နာချင်ကြပါဘူး။ အခုလို တသွေးတသံတမိန့်ကို ညီညီညာညာ ကောက်ရိုးခြေထောက်၊ မြက်ခြေထောက်ပုံစံနဲ့ လုပ်တာဟာ သင်တန်းဆင်းတွေမို့ပါ။

သူတို့ကန်ပိန်း တော်တော်လေးအောင်မြင်မှုရနေတာဟာ ရှက်တော့ ရှက်စရာကောင်းပါတယ်။ ကျနော်တို့ ပြည်သူတွေထဲမှာ ခေတ်နောက်ကျသူတွေ လေ့လာအားနည်းသူတွေ တော်တော်များများရှိနေသေးတဲ့ အချက်ကို ဖော်ပြနေသလိုဖြစ်နေလို့ပါ။

နောင်တချိန်သမိုင်းမှာတော့ စစ်အာဏာရှင်တွေရဲ့ အပေါစားဝါဒဖြန့်ချိရေးဟာ တော်တော်ထိရောက်ခဲ့တယ် ဆိုတာ မှတ်တမ်းတင်စရာ ဖြစ်ချင်ဖြစ်လာပါလိမ့်မယ်။ ပညာရှင်များ စနစ်တကျ သုတေသနပြုကြဖို့ တိုက်တွန်းချင်ပါတယ်။
သူတို့ ကြေးစားကွန်မန့်သမားတွေ အခုအများဆုံး ကွန်မန့်ပေးနေတဲ့ စာသားကိုကြည့်ပါ။ ပြီးခဲ့တဲ့ စစ်အာဏာရှင်ခေတ်တခေတ်လုံးမှာ စာအုပ်တွေထဲမှာ ဇွတ်အတင်းထည့်ခိုင်းခံရတဲ့စာသားတွေပါ။ ရုပ်မြင်သံကြားကြည့်ကောင်းနေချိန်မှာ မဟားတရား ကြားဖြတ်ပြီး ဝင်လာတတ်တဲ့အသံမျိုးတွေပါ။ အဲဒါတွေကိုလူတွေက သိပ်မုန်းပါတယ်။ BBC, VOA, RFA ကို ချစ်လွန်းလို့ မဟုတ်ပါဘူး။ လူတွေကို အတင်းအဓမ္မ ဘရိန်းဝပ်ရှ်လုပ်တာကို မုန်းကြတာပါ။ အစီအစဉ်ကောင်းလေးတွေကြားထဲမှာ သူတို့မလိုချင်တာကို အတင်းထိုးထည့်တာကို မုန်းတာပါ။ အဲဒီအမုန်းက စွဲနေပါပြီ။ သာမန်လူတွေသာ ကွန်မန့်ပေးနေကြတယ်ဆိုရင် BBC, VOA, RFA ကိုမုန်းရင်တောင် တခြားစကားလုံးသုံးပြီး ပြောပါလိမ့်မယ်။ ဒီလောက်ခါးခါးသီးသီး အရိုးစွဲအောင် မုန်းနေတဲ့ စကားလုံးမျိုးကို သုံးမှာ မဟုတ်ပါဘူး။ အဲဒီကွန်မန့်ကိုပေးနေတဲ့သူတွေရဲ့ ၉၀ ရာနှုန်းဟာ စစ်တပ်ကလေ့ကျင့်ပေးထားတဲ့သူတွေပါ။ ၁၀ ရာနှုန်းလောက်ကတော့ စစ်တပ်ရဲ့ လုပ်ရပ်ကို မသိနားမလည်ဘဲ လူတွေအများကအဲသလို သဘောထားရှိနေတယ်ဟ လို့ထင်ပြီး ရောယောင်ပါသွားတဲ့သူတွေပါ။ သိပ်ရိုးအလွန်းတဲ့သူတွေဖြစ်ပါတယ်။

ကြေးစားကွန်မန့်သမားတွေ ဆဲကြတဲ့အထဲမှာ BBC ကိုဆဲတာက အများဆုံးဖြစ်ပါတယ်။ VOA ကိုဆဲတာ ဒုတိယ အများဆုံးဖြစ်ပါတယ်။ RFA ကတတိယ အများဆုံးဖြစ်ပါတယ်။ အဲဒါက စစ်အာဏာရှင်တွေရဲ့ ချစ်မုန်းဒီဂရီကို ဖော်ပြနေတာဖြစ်ပါတယ်။

ကြေးစားကွန်မန့်သမား သူလျှိုသူလန်တွေအနေနဲ့ မျက်နှာကို အဝတ်နဲ့ဖုံးပြီး ကွယ်လို့ရပါတယ်။ နာမည်ကို အမျိုးမျိုးပြောင်းပြီးတပ်လို့ ရပါတယ်။ အတွေးအခေါ်ကို ဖုံးလို့မရပါဘူး။ ဟန်ဆောင်ဖို့ မလွယ်ပါဘူး။ အကျင့်စရိုက်ကိုလည်း ဖျက်ဖို့ ဖျောက်ဖို့ သိပ်မလွယ်ပါဘူး။ သူတို့ဘယ်လိုပဲ အကောင့် အတုတွေ အများအပြားဖန်တီးနေပေမယ့် သူတို့ရဲ့ တူညီတဲ့ အတွေးအခေါ်ဟာ ယူနီဖောင်းဝတ်ထားသလို ပေါ်နေပါတယ်။ သူတို့ အကျင့်စရိုက်တွေကိုလည်း မြင်နေရပါတယ်။

သူတို့အကျင့်စရိုက်တွေထဲက အများဆုံးတူညီတဲ့ အကျင့်တခုကတော့ အဆဲကြမ်းတာပါ။ စရိုက်ကြမ်းတဲ့သူတွေမို့ အဆဲကြမ်းတာပါ။ ပိုးစိုးပက်စက် ညစ်တီးညစ်ပတ်ဆဲနည်းအမျိုးမျိုးကို ဆဲလေ့ရှိကြသူလူတန်းစားနှစ်မျိုး ထင်ထင်ရှားရှားတွေ့ရတတ်ပါတယ်။ အဖျင်းစား ကြေးစားစစ်သားတွေနဲ့ ထောင်ကျဒုစရိုက်သမားတွေ ဖြစ်ပါတယ်။ အခုစစ်ဆင်ရေးသဘော ဆိုက်ဝါး သဘောနဲ့ ကွန်မန့်ပေး၊ ရီပို့ထုလုပ်နေတဲ့သူတွေဟာ သူတို့ဝါသနာဖြစ်တဲ့ အဆဲပုပ်တဲ့ စရိုက်ကို မစွန့်လွှတ်နိုင်ကြပါဘူး။ facebook ပေါ်မှာ ညစ်ညစ်ပတ်ပတ်ဆဲနေတဲ့ကောင်မှန်သမျှ စစ်တပ်ကခိုင်းထားတဲ့ ကြေးစားကွန်မန့်သမားတွေလို့ ယူဆမယ်ဆိုရင် ၇၀ ရာနှုန်းလောက်ကတော့ ဘယ်လိုမှ မလွဲနိုင်ဘူးလို့ကျနော်ထင်ပါတယ်။

အခုကျနော်ရေးတဲ့ ရိုဟင်ဂျာ သရဲကြီးခြောက်လေပြီ ဆောင်းပါးကို သူတို့ ရီပို့ဝိုင်းထုလို့ ဖဘက ဘုမသိ၊ ဘမသိနဲ့ ဖြုတ်ချလိုက်ပါပြီ။ ရီပို့ထုတဲ့ အရေအတွက်များတာတခုတည်းကြည့်ပြီး ယောင်တောင်တောင် အတတနဲ့ ဖဘက လုပ်မိလုပ်ရာလုပ်လိုက်တာနေမှာပါ။ စစ်အုပ်စုရဲ့ ဆိုက်ဝါးကို ဖဘ ကမကျော်နိုင်တဲ့သဘောပါ။ ဖဘရဲ့ Editorial Standard သိပ်ညံ့နေတော့ သူတို့ရဲ့ နောင်ရေးအတွက်လည်း ရင်လေးစရာပါပဲ။

သေချာတာတခုကတော့ အနာရှိလို့ စပ်ကြပြီဆိုတဲ့ အချက်ပါပဲ။ ကျနော့်ဆောင်းပါး ပျံ့နှံ့မှာကို သူတို့မလိုလားပါဘူး။ ကျနော့်ဆောင်းပါးကို သူတို့ ကြောက်နေ၊ မုန်းနေကြပြီဆိုတာ သိရလို့ ကျနော်ကတော့ ဝမ်းသာပါတယ်။

အခုကျနော့်ရဲ့ ထွန်းလတ်အကောင့်မှာ တင်ထားတဲ့ ရိုဟင်ဂျာ သရဲကြီး ခြောက်လေပြီ ဆောင်းပါးကို ဖဘက ဖြုတ်လိုက်ပေမယ့် ဖဘမှာ အွန်လိုင်းမှာ အတိုင်းအတာတခုထိတော့ ပျံ့နှံ့သွားပါပြီ။ လွယ်လွယ်နဲ့တော့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ကျနော့်ပရိတ်သတ်များ မိတ်ဆွေများအနေနဲ့ ရိုဟင်ဂျာ သရဲကြီး ခြောက်လေပြီ ဆောင်းပါးကို ကော်ပီပေ့စ် လုပ်ပြီး ထပ်ဖြန့်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ရှယ်လုပ်ကြတာဟာ မူရင်းရေးသူကို လေးစားတဲ့အနေနဲ့ ခရက်ဒစ်ပေးချင်တဲ့ အနေနဲ့ ရှယ်လုပ်ကြတယ်လို့ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် ရှယ်လုပ်တာဟာ မူရင်းပို့စ်ကို ဖြုတ်လိုက်ရင် အတူတူတခါတည်း ပျောက်သွားမှာပါ။ အဲဒါကြောင့် ကော်ပီ၊ ပေ့စ်လုပ်ပြီး ပွားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
#ရိုဟင်ဂျာသရဲကြီးခြောက်လေပြီ

လူမျိုးရေးမုန်းတီးမှုတွေ၊ လူမျိုးရေး အဓိကရုဏ်းတွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ စီစဉ်ဖန်တီးသူဟာ စစ်အာဏာရှင်တွေပါပဲ။

၂၀၁၂ ခုနှစ်မှာ သီတာထွေးအသတ်ခံရတော့ ဒါကို အကြောင်းပြုပြီး လူမျိုးရေးမုန်းတီးမှုတွေ၊ အဓိကရုဏ်းတွေ ဖြစ်အောင် ဖေ့စ်ဘုတ်ကို အသုံးပြုပြီး ဦးဆောင် လှုံ့ဆော်ခဲ့သူဟာ မှူးဇော်ပါ။ အဲသလို လှုံ့ဆော်မှုတွေလုပ်လွန်းလို့ အဲဒီအချိန်က နာမည်ပျက်သွားခဲ့လို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူနေရာမှာ မှူးဇော်ခေါ် ဦးဇော်ဌေးတာဝန်ယူနေရာကနေ ဦးရဲထွဋ်ကို လွှဲပြောင်းပေးခဲ့ရတာကိုလည်း မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒီဦးဇော်ဌေးဟာ ဦးသိန်းစိန်လက်ထက်မှာ သမ္မတရုံးညွှန်ကြားရေးမှူးလုပ်ခဲ့တယ်။ အခုဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ရာထူးတောင်တက်သွားပြီး ညွှန်ကြားရေးမှူးချုပ်ဖြစ်သွားလိုက် ပါသေးတယ်။ လူယုတ်မာတွေ ဆက်လက်ကောင်းစားကြီးပွားနေတာကိုက ခေတ်ကောင်းစနစ်ကောင်းကို မရောက်သေးဘူးဆိုတာ ထင်ထင်ရှားရှားပြနေတဲ့အချက်ပါပဲ။

ဒါပေမယ့် အဲသလို လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် မီးထိုးလှုံ့ဆော်တာဟာ မှူးဇော်တယောက်တည်းသ ဘောနဲ့ လုပ်ချင်တိုင်းလုပ်တာ မဟုတ်ပါဘူး။ သူတို့စစ်အာဏာရှင်တအုပ်လုံးရဲ့ စီမံကိန်းပါ။ အစိုးရသတင်းစာထဲကနေ ကုလားတွေလို့သုံးနှုန်းပြီး မူဆလင်ဘာသာဝင်တွေအပေါ် ချိုးနှိမ်ရေးသားခဲ့တယ်။ အဲဒီနောက် တောင်ကုတ်မှာ မူဆလင်ဘာသာရေးခေါင်းဆောင် ၁၀ ယောက်ကို ခရီးသွားနေရင်းမှာ လူအများရှေ့မှာပဲ ကားပေါ်ကဆွဲချပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ခရီးသည် အများ ရှေ့မှာ အပြစ်မဲ့ဘာသာရေးဆရာတွေကို ရက်ရက်စက်စက် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ခဲ့တဲ့ အဲဒီအမှုဟာ ဒီနေ့အထိ လက်သည် မပေါ်ဘူး။ ဒီမိုကရေစီအစိုးရလို့ခေါ်နေတဲ့ ဒီနေ့ခေတ်ရောက်တော့လည်း အဲဒီလူသတ်မှုတွေ လက်သည် မပေါ်ဘူး။ ဒါကိုကြည့်ရင် ဘာသာရေးမီးမွှေး လှုံ့ဆော်ပေးနေသူတွေထဲမှာ မှူးဇော်ဟာ ဖုံးဖိမရအောင် ပေါ်လွင်ထင်ရှားခဲ့ပေမယ့် သူတယောက်တည်း ကြံနေတာ မဟုတ်ဘဲ သူတို့တအုပ်စုလုံးရဲ့ မဟာအကြံအစည်ဆိုတာ ထင်ရှားတယ်။

ဒီ့ထက်ထင်ရှားပေါ်လွင်တာကတော့ မိတ္ထီလာအရေးအခင်းပဲ။ မူဆလင်ဘာသာဝင်တွေ မသေမရှင်တွေကို မီးရှို့သတ်ဖြတ်တဲ့ ဗီဒီယိုတွေ အခုထိ ယူကျုပေါ်မှာ ရှိသေးတယ်။ အဓိကရုဏ်းအရှိန်တက်လာတော့ မူဆလင်ဘာသာရေးကျောင်းမှာ ရောက်နေတဲ့ ဆယ်နှစ်အောက် မူဆလင်ကလေးငယ်လေးတယောက်ကို ကိုယ်ချင်းစာနာတဲ့ ဗုဒ္ဓဘာသာဝင်မိတ်ဆွေ တယောက်က ဆိုင်ကယ်နဲ့သွားခေါ်လာခဲ့တယ်။ အဲသလိုသွားခေါ်လာခဲ့တဲ့ လူရဲ့ဆိုင်ကယ်ပေါ်က ကလေးငယ်ကို လမ်းမှာ လူတွေက ဆွဲချပြီး သတ်ဖြတ်လိုက်ကြတယ်။ သံဃာတပါးကို မူဆလင်တွေက အပြန်အလှန်သတ်ဖြတ်တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့တယ်။ အဲဒီသတ်ဖြတ်တဲ့မူဆလင်တွေကို ရဲကဗီဒီယိုရိုက်၊ စစ်ကြောရေးလုပ်ပြီး အဲဒီစစ်ကြောရေး ဗီဒီယိုကို အွန်လိုင်းတင်ပြီး ပဋိပက္ခကြီးထွားအောင် ထပ်ချဲ့ပေးတယ်။ (အခုအခါမှာ လူ့အခွင့်အရေးရှေ့နေလို့ နာမည်ကြီးနေတဲ့ မန္တလေးက ရှေ့နေတယောက်ကလည်း အဲဒီမူဆလင်တွေရဲ့ အမှုမှာ သိန်းရာဂဏန်းတော်တော်များများ ပွပေါက်ကြံသွားသေးတယ်။) ဝက်လာတောလို့ခေါ်ကြတဲ့ မြက်တော ကြားမှာ ပုန်းနေတဲ့ မူဆလင်လူငယ်ကို ဓားကိုင်ထားတဲ့လူတွေကဝိုင်းပြီး ခုတ်သတ်တာကိုလည်း အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။ ဓားရှည်ကိုင်ပြီး ပုဆိုးခါးတောင်းကျိုက်နဲ့ ပြေးဝင်လာတဲ့ လူကို မှတ်မိကြဦးမယ် ထင်တယ်။ တုတ်ရှည်ကိုင်ထားတဲ့ ဘုန်းကြီးတပါးပါတာကိုလည်း မှတ်မိကြပါလိမ့်ဦးမယ်။ အဲသလို မူဆလင်တွေကို ဓားနဲ့ ခုတ်သတ်နေချိန်မှာ မူဆလင်တွေကို မီးရှို့သတ်ဖြတ်လို့ မသေမရှင်လူတွေ တွန့်လိမ်လှုပ်ရှားနေချိန်မှာ ဘေးမှာ ရဲတွေ လုံခြုံရေးတွေက တုတ်တွေ၊ ဒိုင်းတွေ၊ သေနတ်တွေ ကိုင်ပြီး ရပ်ကြည့်နေကြတာကိုလည်း အားလုံးမှတ်မိပါလိမ့်မယ်။ အခုပြန်ကြည့်ချင်ရင် ယူကျုမှာအခုပြန်ရှာကြည့်လို့ တွေ့နိုင် ပါသေးတယ်။ အဲဒီအရေးအခင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ရိုက်ကွပ်ကဲ အမိန့်ပေးခဲ့သူဟာ မန္တလေးတိုင်းမှူးရဲမြင့်ပါ။ လူယုတ်မာတဦးတယောက်ရဲ့ အကြံအစည်မဟုတ်ဘဲ စစ်အာဏာရှင်တအုပ်စုလုံး ရဲ့ ယုတ်မာပက်စက်တဲ့ အကြံအစည်ဖြစ်ကြောင်းပေါ်လွင်အောင် ရှင်းပြနေတာပါ။

မူဆလင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်လုပ်ကြံခဲ့ကြတာကို ဒီချုပ်ဦးဝင်းထိန် သူ့မျက်စိနဲ့မြင်ခဲ့တယ်။ ဘယ်လောက်ဆိုးဝါး ရက်စက်တဲ့လုပ်ရပ်ဖြစ်ကြောင်း သူပါးစပ်နဲ့မီဒီယာမှာ ရှင်းလင်းပြောဆိုခဲ့တယ်။ အဲဒီတုန်းက ဦးဝင်းထိန်ဟာ အခုနဲ့မတူသေးဘူး။ ဒါတွေဟာ ဘယ်လောက်မှမကြာသေးတဲ့ အဖြစ်အပျက်တွေပဲ။ လူတွေမေ့လွယ်ပျောက်လွယ်ဖြစ်တတ်လွန်းလို့သာ အခုလို ပြန်ပြောပြနေရတာဖြစ်ပါတယ်။

မူဆလင် မုန်းတီးရေးဟောပြောမှုနဲ့ နာမည်ကြီးပြီး ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ရေးလုပ်ခဲ့လို့ ထောင်ကျခဲ့ဖူးတဲ့ ဦးဝီရသူဟာလည်း မိတ္ထီလာအရေးအခင်းမှာ ရှေ့တန်းထွက်ရပ်ခဲ့ပါတယ်။ အဲသလိုရှေ့ထွက်ရပ်ပြီး မူဆလင်မုန်းတီးရေးတွေကို ပက်ပက်စက်စက်ပြော တော့ ဦးဝီရသူဘာဖြစ်သွားသလဲ။

အားလုံးသိကြတဲ့အတိုင်း ဦးဝီရသူကို သွားလေသူ ဦးအောင်သောင်းက လာကန်တော့တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာကန်တော့တယ်။ ဦးဝီရသူဟာ စစ်အာဏာရှင်တွေရဲ့ အပူဇော်ခံဖြစ်သွား တယ်။

တချိန်က ရိုဟင်ဂျာတွေကို ဝှိုက်ကတ်ထုတ်ပေးပြီး ကြံ့ဖွတ်ကို မဲပေးခိုင်းခဲ့တာဟာ စစ်အာဏာရှင်တွေ ဖြစ်တယ်။ စစ်အာဏာရှင်ကြီးတွေရဲ့ ဗျာဒိတ်တော်နဲ့ ကြံ့ဖွတ် အမတ်ဖြစ်သွားတဲ့ ရိုဟင်ဂျာ အမတ် ဦးရွှေမောင် တယောက်လုံး သက်ရှိထင်ရှား ရှိနေသေးတယ်။ တဒင်္ဂသာယာမှုနောက်ကိုလိုက်ပြီး လူယုတ်မာနဲ့ ပေါင်းသင်းမိရင် ဘယ်လိုဘဝပျက်ရတတ်တယ်ဆိုတာ ဦးရွှေမောင်ကောင်းကောင်း သိလောက်ပြီ။ ဦးရွှေမောင်သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း အခုဆက်လိုက်နေသူတွေကတော့ ဒေါ်စုနဲ့ ဒီချုပ်ဖြစ်ပါတယ်။

တချိန်က ရိုဟင်ဂျာတွေကို သူကောင်းပြုခဲ့ကြတဲ့ စစ်အာဏာရှင်တွေဟာ နောင်တချိန်မှာ သူတို့ရဲ့ သေနင်္ဂဗျူဟာ ပြောင်းလဲချင်လာတော့ ရိုဟင်ဂျာတွေကို နှိပ်စက်လာကြတယ်။ ဝှိုက်ကတ်တို့ မဲပေးခွင့်အခွင့် အရေးတို့ကိုလည်း ဦးသိန်းစိန်လက်ထက်မှာပဲ ပြန်ရုတ်သိမ်းခဲ့တယ်။

ရိုဟင်ဂျာတွေဟာ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားရေးမှာ အကန့်အသတ်ခံကြရတယ်။ ရိုဟင်ဂျာတွေဟာ လွတ်လွတ်လပ်လပ် အိမ်ထောင်ပြုခွင့်မရဘူး။ ရိုဟင်ဂျာတွေဟာ လွတ်လွတ်လပ်လပ်သွားလာခွင့် မရဘူး။ ရိုဟင်ဂျာတွေဟာ နေစရာလည်း မြေမရှိဘူး။ သင်စရာလည်း ပညာမရှိဘူး။ စားစရာလည်း အစားအစာ မရှိဘူး။ မျှော်လင့်ချက် ကင်းမဲ့လွန်းလို့ ထိုင်း၊ မလေးရှားနဲ့ နိုင်ငံတကာကို အသက်ကို အရင်းအနှီးလုပ်ပြီး ထွက်ပြေးပြန်တော့လည်း လူကုန်ကူးခံရလို့ တမျိုး၊ လှေမှောက်လို့ တမျိုး အမျိုးမျိုး သေကြေပျက်စီးရတယ်။ အခုဆိုရင် ရိုဟင်ဂျာ တွေကို ထိုင်း၊ မလေးရှားတို့က လက်မခံချင်ကြသလို၊ ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံချင်ဘူး။ ရိုဟင်ဂျာတွေ နိုင်ငံမဲ့ဖြစ်နေကြရတာ ဆယ်နှစ်ကျော်ပြီ။ ကမ္ဘာမှာ အများဆုံးသော နိုင်ငံမဲ့ အုပ်စုကြီးဖြစ်တယ်လို့ ကိုဖီအာနန် အစီရင်ခံစာမှာ ဖော်ပြထားတယ်။ တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံမဲ့အားလုံးရဲ့ ဆယ်ပုံတပုံဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားတယ်။

ရခိုင်နဲ့ ကျန်တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုဟင်ဂျာလို့သုံးတာကိုတောင် လက်မခံချင်ကြဘူး။ လူတယောက်ကို သူကြိုက်တဲ့နာမည်ခေါ်တာဟာ လူ့အခွင့်အရေးဖြစ်သလို လူမျိုးတမျိုးကို သူတို့ခေါ်စေချင်တဲ့ နာမည်ကိုသာခေါ်တာဟာလည်း အောက်ဆုံးအဆင့်လူ့အခွင့်အရေးမျှသာ ဖြစ်တယ်။ အခုတော့ စစ်အာဏာရှင် ဗိုလ်သိန်းစိန်တို့ နိုင်ငံရေးအကွက်ဖော်ပြီ ခေါ်ခိုင်းတဲ့အတိုင်း ဘင်္ဂါလီဆိုတဲ့ နာမည်ကို တိုင်းရင်းသားတွေရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီရော၊ မီဒီယာတွေရောကပါ ခေါ်နေကြတယ်။ စစ်အာဏာရှင်တွေရဲ့ ဂျင်းထည့်တာကို အဲသလိုကို အစုလိုက်အပြုံလိုက်ကြီး ပျော်ပျော်ကြီးခံကြတယ်။  ရိုဟင်ဂျာဟာ တိုင်းရင်းသား ဟုတ်မဟုတ်ဆိုတာ ကျနော့်အတွက်တော့ အရေးပါတဲ့ အကြောင်းတခုလို့ မထင်ဘူး။ လူကိုလူလို အသိအမှတ်ပြုဖို့တော့လိုတယ်။ ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်းကို အသေအလဲခုခံပြောဆို နေကြတဲ့ တိုင်းရင်းသားတွေကိုလည်း ကျနော်အံ့သြတယ်။ ဆင်းရဲသား သာမန်တိုင်းရင်းသားတွေကို ကျနော် မေးချင်ပါတယ်။ ခင်ဗျားတို့ စောက်တိုင်းရင်းသားဖြစ်ခွင့်ရတော့  စောက်အာဏာရှင်တွေက ဘာအခွင့်အရေးတွေများပိုပေးထားတုန်း။ ကျနော်လည်း တိုင်းရင်းသားပါ။  တိုင်းရင်းသားထဲမှာတောင်မှ သူများထက် တမူးဖိုး ပိုရှူခွင့်ရထားတယ်ဆိုတဲ့ ဗမာလူမျိုးကြီးပါ။ အဲသလို စောက်တိုင်းရင်းသား၊ စောက်ဗမာဖြစ်ခွင့်ရတော့ရော ကျနော်က ဘာလုပ်ရမှာလဲ။ ကပြရမှာတဲ့လား။ စောက်ဗမာလူမျိုးကြီးဖြစ်ခွင့်ရလို့ကော ဘာတွေများအခွင့်အရေး ပိုရနေလို့တုန်း။ ၈၈ အရေးအခင်းကြီးမှာ အများဆုံးသေခဲ့ကြရတာ ကျနော်တို့လို စောက်ဗမာလူမျိုးကြီးတွေဆိုတာကို မေ့သွားပြီလို့များ ထင်နေကြပါသလား။ စစ်အာဏာရှင် အကျိုးစီးပွားနဲ့ ဆန့်ကျင်လာရင်၊ သူတို့ထိုင်ခုံလှုပ်လာရင်၊ လမ်းပေါ်ထွက်ဆန္ဒပြရင် စောက်ကုလားဆို ကျည်ဆံ ၃ တောင့်၊ စောက်ကချင်၊ စောက်ရှမ်းတွေဆို ကျည်ဆံ ၂ တောင့်၊ စောက်ဗမာတွေဆိုရင်တော့ စောက်ဗမာချင်းမို့ ကျည်ဆံ ၁ တောင့်ပဲ ပစ်မယ်ဆိုတဲ့ သက်သာခွင့်မျိုးလည်း စစ်အာဏာရှင်တွေက ပေးမထားဘူးဆိုတာ မှတ်ထားကြပါ။ တိုင်းရင်းသားဖြစ်ခွင့်တို့ လူမျိုးကြီးဖြစ်ခွင့်တို့ ရလို့ ထူးခြားတယ်ဆိုတာ ထိပ်ဆုံးက အီလိတွေအတွက်ပဲထူးတာပါ။ ဗမာအီလိ၊ ရှမ်းအီလိ၊ ကချင်အီလိ၊ ရခိုင် အီလိတွေအတွက်ပဲထူးတာပါ။ အောက်ခြေက ခင်ဗျားတို့ ကျနော်တို့လို ဆင်းရဲသားအတွက်က တိုင်းရင်းသားဖြစ်ဖြစ်မဖြစ်ဖြစ် ဘာမှမထူးဘူး။ လူမျိုးကြီးဖြစ်ဖြစ် လူနည်းစုဖြစ်ဖြစ် ဘာမှမထူးဘူး။ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ရင်လည်း ဦးရွှေမောင်တို့လို ရိုဟင်ဂျာအီလိတွေအတွက်တော့ ထူးချင်ထူးမယ်။ အောက်ခြေရိုဟင်ဂျာဆင်းရဲသားအဖို့ရာ ဘာမှထူးစရာမရှိဘူး။

ထွက်ပေါက်မရှိအောင် ချောင်ပိတ်ရိုက်ရင် ခွေးတောင် ပြန်ကိုက်တတ်တယ်။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေ ဟာ ရိုဟင်ဂျာတွေ မခံနိုင်အောင်၊ ပြန်တော်လှန်ကြအောင် တမင်ချောင်ပိတ် ညှဉ်းဆဲတဲ့ အလုပ်ကို ရည်ရွယ်ချက်ရှိရှိ၊ အကြံအစည်ရှိရှိ စိတ်ကူးရှိရှိနဲ့ကို လုပ်ခဲ့တယ်။

ဘာ့ကြောင့် သူတို့ အဲသလို လုပ်သလဲ။ ရွှေဝါရောင် အရေးအခင်းမှာ သူတို့ ခွေးဖြစ်ခဲ့တာကို ပြန်အဖတ်ဆည်ချင်လို့ လုပ်နေတာပါပဲ။ ဗုဒ္ဓဘာသာဝင်တွေက လူအများစုဖြစ်တဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစုက ခါးခါးသီးသီး မုန်းတီးတာကိုခံနေရတဲ့အတွက် သူတို့ရဲ့ အင်မတန်ဆိုးဝါးလှတဲ့ ပုံရိပ်ကို ပြန်အဖတ်ဆည်ဖို့ကြိုးစားနေတာပါပဲ။

သူတို့အကြံအစည်ရှိရှိကြိုးစားခဲ့တယ်ဆိုတာကို ဦးခင်ရွှေကိုခေါင်းဆောင်ခိုင်းပြီး ဘာသာရေးအသင်း၊ ဆွမ်းလောင်းအသင်းထူထောင်ခဲ့တာတွေကို ပြန်တွေးကြည့်ရင် တရေးရေးပေါ်လာကြလိမ့်မယ် ထင်ပါတယ်။ ဟိုတယ်ဖွင့်စားတဲ့ ဇိမ်ကမ္ဘာခင်ရွှေရဲ့ ဂုဏ်သိက္ခာကြောင့် မအောင်မြင်ခဲ့ရာကနေ ဦးဝီရသူတို့ ကိုးခြောက်ကိုးတို့ မဘသတို့ပေါ်လာတော့ သူတို့အတွက် ပိုပြီးတွက်ခြေကိုက်တဲ့ နည်းလမ်းကို ရှာတွေ့သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဦးအောင်သောင်းတို့ ဗိုလ်မင်းအောင်လှိုင်တို့က ဦးဝီရသူကို လာကန်တော့ ကြတာပါပဲ။

ဘာသာရေးအဓိကရုဏ်းဖန်တီးတဲ့နည်း ရိုဟင်ဂျာ သရဲကြီးနဲ့ ဖြဲချောက်တဲ့နည်းက တချက်ခုတ်တာနဲ့ လေးငါးချက်ပြတ်ပါတယ်။

ရိုဟင်ဂျာသရဲကြီးနဲ့ ဖြဲချောက်ပြီးတဲ့နောက်မှာ

၁။ တချိန်က စစ်အာဏာရှင်တွေကို သတ္တိကောင်းကောင်းနဲ့ ရှေ့ဆုံးက ဦးဆောင်တော်လှန်ခဲ့တဲ့ ရခိုင်လူမျိုးတွေဟာ အခုဆိုရင် တပ်မတော်က ငါတို့ တပ်မတော်၊ တပ်မတော်မရှိရင် မဖြစ်ဘူးဆိုတာမျိုးဖြစ်လာနေပါပြီ။

၂။ တချိန်က ရွှေဝါရောင် အရေးအခင်းပြီးတဲ့နောက်ပိုင်း မြင်းခြံမှာ လူမိုက်တို့ရဲ့သွားရာလမ်းဆိုတဲ့ တရားကိုဟောပြီး စစ်အာဏာရှင်တွေကိုတိုက်ခိုက်ခဲ့တဲ့ သီတဂူဆရာတော် အသျှင်ဥာဏိဿရလို ပုဂ္ဂိုလ်က  အခုတော့ စစ်တိုက်ပြီး လူသတ်တာဟာ ဘုရားလောင်းအလုပ်ကိုလုပ်တာလို့ တရားဟောပေးသူ ဖြစ်လာပါပြီ။

၃။ ဗုဒ္ဓဘာသာဝင်တွေက မစင်လောက်လန်းသဖွယ်ရွံရှာစက်ဆုတ်တာကိုခံခဲ့ရတဲ့ စစ်အာဏာရှင်တွေဟာ အခုတော့ ဗုဒ္ဓဘာသာကို ကာကွယ်ပေးသူ အမျိုး၊ ဘာသာကိုစောင့်ရှောက်တဲ့ တပ်မတော်ကြီးဖြစ်လာပါပြီ။

၎။ ရွှေဝါရောင် အရေးအခင်းကြီးဖြစ်ချိန်မှာ တကမ္ဘာလုံးက တခဲနက် အုံနဲ့ကျင်းနဲ့ ကြည်ညိုလေးစားခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေကို အခုကမ္ဘာက ဘာသာရေး အစွန်းရောက်တွေလို့ မြင်လာပါပြီ။ စစ်အာဏာရှင်ဟာ ရန်သူကို သတ်ဖြတ်ချေမှုန်းတဲ့နည်းထက်ပိုထိရောက်တဲ့၊ အကျင့်သိက္ခာပုံရိပ်ကို ဖျက်ဆီးတဲ့နည်းကို အသုံးပြုခဲ့ပါတယ်။

၅။ စစ်အာဏာရှင်တွေရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ဒီချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မူဆလင်အားပေးသူ အဖြစ် ပြည်သူကထင်မြင်လာအောင် ပုံဖျက်နိုင်ခဲ့ပါတယ်။

၆။ ဒီချုပ်ဟာ တချိန်တည်းမှာပဲ လူနည်းစုမူဆလင်တွေကို ဖိနှိပ်သူအဖြစ်လည်း ကမ္ဘာမှာ နာမည်ပျက်ပါတယ်။ တချိန်က ဒီချုပ်ဟာ အဖိနှိပ်ခံမူဆလင်တွေဘက်က ရပ်ခဲ့ဖူးတယ်။ မိတ္ထီလာအရေးအခင်းမှာ ဦးဝင်းထိန်ဟာ မူဆလင်တွေဘက်က ရပ်တည်ပြောဆိုပေးခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ မူဆလင်ခေါင်းဆောင်တွေလာတွေ့ခဲ့ကြဖူးတယ်။ ဒါပေမယ့် မူဆလင်နဲ့ အပေးစားခံရပြီးတဲ့နောက်မှာ ဒီချုပ်ဟာ လူများစုဗုဒ္ဓဘာသာဝင်တွေက ဆန့်ကျင်မှာကိုကြောက်ပြီး သူတို့ကိုယ်တိုင်က မူဆလင်ဖိနှိပ်ရေးကို စစ်တပ်နဲ့ အတူပူးပေါင်းလုပ်ပြလာကြတယ်။ (ဒါဟာ လူပိန်းကြိုက်ပေါ်ပြူလာနိုင်ငံရေးရဲ့ အားနည်းချက်ပါပဲ။) အဲသလို မူဝါဒကင်းမဲ့တဲ့ လုပ်ရပ်ကြောင့် ဒီချုပ်ပါတီကို ကမ္ဘာက အထင်အမြင်သေးလာကြတယ်။ ကမ္ဘာမှာ ဒီချုပ်ပါတီရဲ့ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးပုံရိပ် ပျက်စီးကျဆင်းတယ်။

၇။ မြန်မာဘာသာနဲ့ ထုတ်လွှင့်ပုံနှိပ်တဲ့ ပြည်တွင်းပြည်ပ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေဟာ နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်းရင်းမြစ်တခုတည်းကိုပဲ ကိုးကားပြီး သတင်းမှားတွေနောက်ကို လိုက်ပါကြ သူတွေဖြစ်လာတယ်။ သတင်းသမားအများစုကပါ ရိုဟင်ဂျာဆန့်ကျင်သူ၊ ရိုဟင်ဂျာကို နိုင်ငံတကာ အကြမ်းဖက်သမားတွေနဲ့ တန်းတူသဘောထားသူတွေ ဖြစ်လာကြတယ်။ စစ်အာဏာရှင်တွေရဲ့ သက်တမ်း တလျှောက်မှာ ဒီလောက်အထိ သတင်းမီဒီယာတွေ အပေါ်မှာ လွှမ်းမိုးကြီးစိုးနိုင်တာ အရင်က တကြိမ်မှ မရှိခဲ့ဖူးဘူး။

ရိုဟင်ဂျာတွေရှိတဲ့နေရာကို ဘယ်သတင်းသမားကိုမှ လွတ်လွတ်လပ်လပ်သွားခွင့်မပေးဘူး။ သတင်းသမားတွေကို တခါတလေ သွားခွင့်ပေးရင် သူတို့ရဲ့ စောင့်ရှောက်မှုနဲ့ပဲ သွားခွင့်ပေးတယ်။ သူတို့သွားခိုင်းတဲ့နေရာကိုပဲသွားရတယ်။ သွားရမယ့်နေရာက သူတို့စီစဉ်ထားပြီးသား။ တွေ့ရမယ့်လူတွေက သူတို့စီစဉ်ပြင်ဆင်ထားပြီးသား။ တွေ့ရ၊ မေးရတာက သူတို့လုံခြုံရေးသေနတ်သမားတွေရဲ့ ရှေ့မှောက်မှာ။ တိုတိုပြောရရင် ရိုဟင်ဂျာတွေရဲ့နေရာကို သတင်းအမှောင်ချထားတယ်။ ဖြစ်ရပ်မှန်ကို သိခွင့်မပေးဘူး။ တခုတည်းသော သတင်းရင်းမြစ်အဖြစ် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ချက်ကို သတင်းရင်းမြစ်ဖြစ်အောင် လုပ်ထားတယ်။ သတင်းကို မှူးဇော်တို့စိတ်ကြိုက်ထုတ်တယ်။ အတိုင်ပင်ခံရုံးနာမည်တပ်တယ်။ အဲဒါကြောင့် နောက်ကွယ်မှာ ပြဿနာတချို့တက်ခဲ့တယ်။

ရိုဟင်ဂျာ အရေးဟာ မြန်မာ့သမိုင်းမှာ အကြီးဆုံးထောင်ချောက်ကြီးဖြစ်တယ်။ ရိုဟင်ဂျာသရဲနဲ့ ခြောက်လှန့်ပြီး ပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေး အသိစိတ်ကို ဖျက်ဆီးနေတယ်။ ဒီမိုကရေစီစိတ်ဓာတ်ကို နာဇီစိတ်ဓာတ်ဖြစ်အောင် လုပ်နေတယ်။ မျိုးချစ်စိတ်က ဒီမိုကရေစီထက် အရေးကြီးတယ်။ လူ့အခွင့်အရေးထက် အမျိုးဘာသာက အရေးကြီးတယ်ဆိုတာတွေဆီရောက်လာအောင် လမ်းလွဲပို့နေတယ်။

အဆိပ်ထဲမှာ လူမျိုးရေး၊ ဘာသာရေး အဆိပ်က အပြင်းဆုံးပဲ။ အဲဒီအဆိပ်ဟာ သွေးထဲမှာ မျိုးဆက်တဆက်ပြီး တဆက်ဆက်ပြီးစီးဆင်းနေတတ်တယ်။ စစ်အာဏာရှင်တွေဟာ နောက်မျိုးဆက်အပေါ်မှာထိ ကျူးလွန်တဲ့ နိုင်ငံရေးပြစ်မှုကြီးကျူးလွန်နေတာဖြစ်တယ်။

အဖိနှိပ်ခံ ဆင်းရဲသားအချင်းချင်း ကိုယ်ချင်းစာတရားထားကြစေချင်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်မှာ တသမတ်တည်း ဖြောင့်ဖြောင့်မတ်မတ်ရပ်တည်ကြစေချင်ပါတယ်။

ဒီတောင်ကို မကျော်နိုင်ရင် စစ်အာဏာရှင်စနစ်အောက်မှာ ကျနော်တို့ ပြည်သူတွေအားလုံး နှစ်ပေါင်းများစွာ ပြားပြားမှောက်ကြရပါလိမ့်မယ်။

ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း


https://m.facebook.com/story.php?story_fbid=670612556476084&id=100005820365502

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဖဘ ပေါ်က ကြေးစားကွန်မန့်သမားတွေ”

Post a Comment

Related Posts Plugin for WordPress, Blogger...