Thursday, September 28, 2017

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဒေအရ တပ်မတော်အပေါ်တွင် အစိုးရက ပြောဆို၍မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

,
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များအရ တပ်မတော် အပေါ်တွင် အစိုးရအနေဖြင့် ပြောဆို၍ မရကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စက်တင်ဘာ ၁ ရက်က မွန်ပြည်ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ပြောကြာခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်မှ ၃၀ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကြီးမှူးကျင်းပနေသော Stakeholder Consultation အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် UNFC ဥက္ကဋ္ဌ နိုင်ဟံသာက ၄င်းဦးဆောင်သည့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် အတိုင်ပင်ခံ တွေ့ဆုံစဉ်က အတိုင်ပင်ခံနှင့် ပြောဆိုဆွေးနွေးခဲ့သည်များကို ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က အဓိကထားပြီး ဆွေးနွေး ခဲ့သည်မှာ မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေးနေ့ အခမ်းအနားနှင့် အမျိုးသားနေ့ အခမ်းအနားများ ပြုလုပ်ရာတွင် တပ်မတော်ဘက်မှ ကန့်သတ် ဟန့်တားခြင်းများနှင့် တပ်စခန်းများ ချထားကာ စစ်ရေးအရ ဖိအားပေးသည့် ပုံစံများ ပြုလုပ်ခဲ့ကြောင်း ယင်းကဲ့သို့ စစ်ရေးအရ ဖိအားပေးသည့် ပုံစံမျိုးသည် ငြိမ်းချမ်းရေးကို တည်ဆောက်သည့် နေရာတွင် ယုံကြည်မှုကို မြှင့်တင်ရာ မရောက်ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်ဟု ၄င်းကဆိုသည်။

`ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ခိုင်မာဖို့ လိုတယ်။ အဲလို ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ ဖိအားပေးတဲ့ ပုံစံမျိုး အကျပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ တည်ဆောက်လို့ မရဘူးလို့ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် ကိုပြောတယ်။ နောက်ဆုံး မလွှဲသာလို့ ကျပ်တည်း လွန်းလို့ လက်ခံလိုက်ရရင်တောင် ရေရှည်မခံ ဘူးလို့ ပြောခဲ့တယ်။ အဲဒီအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လက်ခံတယ်၊ ဟုတ်ပါတယ်။ ကျွန်မတို့လည်း လက်ခံပါတယ်။ ငြိမ်းချမ်း ရေးကို တည်ဆောက်တဲ့ နေရာမှာ ယုံကြည်မှုကို အကျပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ လုပ်လို့မရဘူးဆိုတဲ့ ဟာကို ကျွန်မနားလည်ပါတယ်လို့ ပြောတယ်။ တစ်ခု သူပြောပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအရ တပ်မတော်အပေါ်မှာ ကျွန်မတို့ လည်း ပြောလို့မရဘူးလို့´ ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း ကို UNFC ဥက္ကဋ္ဌ နိုင်ဟံသာက အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

UNFC ကြီးမှူးကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံရေး ဆွေးနွေးရေး ဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖက်ဒရယ်နှင့် ပြည်နယ်အ ခြေခံဥပဒေ ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း UNFC ၏ ထုတ်ချက်အရ သိရသည်။

အောင်ရဲနောင်
The Ladies News

http://www.theladiesnewsjournal.com/news/thu-2017-09-28-1456/7528

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဒေအရ တပ်မတော်အပေါ်တွင် အစိုးရက ပြောဆို၍မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား”

Post a Comment

Related Posts Plugin for WordPress, Blogger...