Thursday, September 7, 2017

ပြုပြင်ပြောင်းလဲသင့်သည့် မြန်မာ့နိုင်ငံခြားရေးမူဝါဒ

,
စက်တင်ဘာ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် စတင်ပါဝင်ခဲ့ပြီး “နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေးမူများကို စောင့်ထိန်းသည်” ဟူသော နိုင်ငံခြားရေးမူဝါဒကို သတ်မှတ်ကျင့်သုံးလျက်ရှိသည်။ သို့သော် လတ်တလောဖြစ်ပေါ်နေသည့် အနေအထားများကြောင့် မြန်မာနိုင်ငံအနေဖြင့် လက်ရှိနိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်ရန် လိုအပ်လာသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပေါ်ပေါက်လာသော အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များအပြီး နိုင်ငံတကာရှိ မြန်မာနိုင်ငံနှင့် သံတမန်နည်းလမ်းများအတိုင်း ဆက်ဆံနေသည့် နိုင်ငံအချို့နှင့် နိုင်ငံတကာ မီဒီယာများ၏ အခြေအနေမှန်နှင့် ကွဲလွဲနေသော ဖော်ပြချက်၊ နိုင်ငံရေး၊ ဘာသာရေးအသွင် ပုံဖော်စွက်ဖက်မှုများက မြန်မာ့နိုင်ငံခြားရေး မူဝါဒအပေါ် ပြန်လည်ဆန်းစစ်သင့်သည့် အခြေအနေများ ရှိလာသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက် ဖြစ်ရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူရန် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်က သြဂုတ် ၂၉ ရက်တွင် တောင်းဆိုခဲ့သည်။ ယင်းကဲ့သို့ပင် ဗြိတိန်နိုင်ငံအစိုးရက ကျောထောက်နောက်ခံ ပြုပေးထားသည့် မီဒီယာဖြစ်သော ဘီဘီစီအပါအ၀င် ဗြိတိန်မီဒီယာ အများစုသည် ရခိုင်အရေးအား ဖော်ပြရာတွင် ဒေသခံတိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခြေအနေများထက် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု စာရင်းတွင် ပါဝင်ခြင်း မရှိသည့် ဘင်္ဂါလီများအား ရိုဟင်ဂျာလူမျိုးအဖြစ် သုံးနှုန်းကာ လက်တွေ့မြေပြင် အခြေအနေရပ်များနှင့် ကွဲလွဲကာ တစ်ဖက်သတ် ဖော်ပြခဲ့ကြသည်။ ရိုဟင်ဂျာ အရေးဟူ၍ ကမ္ဘာက အာရုံစိုက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်ဖော်ပြမှုများ ပြုလုပ်ခဲ့သည်။ ဗြိတိန်နှင့် အီးယူနိုင်ငံအချို့သည် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ပျက်ယွင်းနိုင်စေလောက်အောင် မိတ်ဆွေကောင်း မပီသစွာ ဖိအားပေး လုပ်ဆောင်လာနေသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် ဆက်ဆံပုံသည် မြန်မာနိုင်ငံ၏ ဂုဏ်သတင်းကို ပျက်ယွင်းစေသည်ဟု ဝေဖန်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ကျောင်းတက်နေပြီး ဗြိတိန်အစိုးရက လက်ခံကူညီထားသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာသည်ပင်လျှင် “လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်မ ဒီကြေကွဲဖွယ်ရာကောင်းပြီး ရှက်စရာကောင်းတဲ့ ပြုမူပုံတွေကို အထပ်ထပ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ကျွန်မလိုပဲ နိုဘယ်ဆုရတဲ့  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျွန်မလိုပဲ လုပ်မလားရယ်လို့ ကျွန်မ စောင့်ကြည့်နေတုန်းပါပဲ” ဟုဆိုကာ သူ၏ Twitter ၌ မြန်မာနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်များ (၎င်းတို့အခေါ် ရိုဟင်ဂျာများ) နှင့်ပတ်သက်၍ ပြစ်တင်ဝေဖန် ရေးသားမှုများ ပြုလုပ်ခဲ့သည်။

ဗြိတိန်နှင့် အီးယူနိုင်ငံအချို့၏ မြန်မာနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်များ အရေးကိစ္စကို တစ်ဘက်သတ် ဖော်ပြမှုနှင့် နိုင်ငံတကာ ဖိအားများ ကြီးထွားလာအောင် ရည်ရွယ်လုပ်ဆောင်နေမှုတို့အား မိတ်ဆွေမပီသသည့် အပြုအမူများဟု ယူဆရမည်ဖြစ်သည်။ ယင်းကိစ္စကို ပိုမိုတွန်းအားပေးပါက မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် အမျိုးသား လုံခြုံရေးကို ထိပါးလာနိုင်ပြီး နိုင်ငံပြိုကွဲမှုအထိ ဦးတည်သွားနိုင်သည်ကို သတိပြုစရာ ဖြစ်လာသည်။ ၎င်းအပြင် မြန်မာနိုင်ငံ ပါဝင်နေသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည်လည်း ယင်းကဲ့သို့ ဖိအားပေးမှုများ ရှိလာပါက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား လုံခြုံရေးအတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒများအတိုင်း အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့် တရုတ်နှင့် အိန္ဒိယကဲ့သို့ အင်အားကြီး အိမ်နီးချင်းနိုင်ငံများ) နှင့် နွေးထွေးသော ဆက်ဆံရေးကို ပိုမိုတည်ဆောက်ရန် လုပ်ဆောင်သင့်သည်။ ၎င်းအပြင် မိတ်ဆွေမပီသသော ပြုမူလုပ်ဆောင်မှုများ ရှိလာသည့် နိုင်ငံများနှင့် သတိထားဆက်ဆံရန် လိုအပ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေးကို အထူးထိခိုက်စေနိုင်သည်အထိ မိတ်ဆွေမပီသစွာ လုပ်ဆောင်နေသော ဗြိတိန်ကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံရေးကို လျှော့ချကာ လုံခြုံရေးအတွက် မဟာဗျူဟာအရ အရေးပါသည့်အပြင် လက်တွေ့ကျကျ အကျိုးရှိစေနိုင်မည့် အိန္ဒိယ၊ တရုတ်တို့နှင့် ဆက်ဆံရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

https://m.facebook.com/story.php?story_fbid=1456473331056952&id=114803668557265

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပြုပြင်ပြောင်းလဲသင့်သည့် မြန်မာ့နိုင်ငံခြားရေးမူဝါဒ”

Post a Comment

Related Posts Plugin for WordPress, Blogger...