Saturday, September 16, 2017

မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

,
ရန်ကုန်- စက်တင်ဘာ (၁၆)

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေး ဦးဆောင် ကော်မတီနာယက ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်  က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး ဦးဆောင် ကော်မတီ နာယက ထွန်းကော်မာရှယ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ)တို့က လုပ်ငန်းပြီးစီး ဆောင်ရွက်ထားမှု၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် က ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်း အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ)၊ ဒေါက်တာ တင်လှိုင် (ဘိုးလှိုင်)၊ ဦးစန်းဝင်း (ရှေးဟောင်း သုတေသန)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးအေးလွင် (မောင်သွေးသစ်) စသည့် စာပေပညာရှင်များက လုပ်ငန်း ဆောင်ရွက် ပြီးစီးထားမှုနှင့် စပ်လျဉ်းပြီး ကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးသည်။

အဆိုပါမြန်မာ့ စွယ်စုံကျမ်းများအား မြန်မာ့စာပေ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ခန်း တစ်ကဏ္ဍမှ ပါဝင် မြှင့်တင်ပေးရန် မြန်မာ့စာပေနှင့်အတူ မြန်မာ့ရည်ညွှန်းစာပေ ထွန်းကား ပြန့်ပွားရေး အတွက် ထောက်ကူ မြှင့်တင်ပေးရန်၊ ထုတ်ဝေပြီးသော မြန်မာ့ စွယ်စုံကျမ်းကြီးများသည် နှစ်ကာလ ကြာမြင့်ခဲ့သည့် အလျှောက် ခေတ်မီခြင်း မရှိတော့သည့် အတွက် ခေတ်မီ၍ တိကျ မှန်ကန်သော အကြောင်းအရာများ၊ ကိန်းဂဏန်း များပါဝင်သည့် မြန်မာ့စွယ်စုံ ကျမ်းကြီးများအား ဆန်းသစ်ကာ ထုတ်ဝေ ဖြန့်ချိသွားရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး အတွက် စာပေဗိမာန်နှင့် ထွန်းကော်မာရှယ် ဖောင်ဒေးရှင်းတို့မှ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာ့စွယ်စုံကျမ်းများ ဆောင်ရွက် ပြီးစီးမှုနှင့် စပ်လျဉ်း၍ မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး ဦးဆောင် ကော်မတီ အတွင်းရေးမှူး ဦးစန်းဝင်း (ရှေးဟောင်း သုတေသန)က “မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး အတွက်  ဦးဆောင် ကော်မတီရယ်၊  အတိုင်ပင်ခံ အဖွဲ့ရယ်၊ စာတည်း အဖွဲ့ရယ် ဆိုပြီး အဖွဲ့ကြီးသုံးဖွဲ့ ဖွဲ့စည်းပြီး ယခင် စွယ်စုံကျမ်း အတွဲ(၁)ရယ်၊ အတွဲ(၂) တစ်ဝက်မှာ ရှိနေတဲ့ တည်ပုဒ်တွေကို စာပေဗိမာန် စာတည်းအဖွဲ့က စိစစ် တည်းဖြတ်ခြင်း၊ world book 2016 မှ ထည့်သွင်းသင့်သော တည်ပုဒ်များ ရွေးချယ် ဘာသာပြန်ခြင်း စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ မြန်မာ့ စွယ်စုံကျမ်း   ပြန်လည် ထုတ်ဝေရေး လုပ်ငန်းမှာ အထောက် အကူပြုဖို့ အတွက် ပညာရပ် ဆိုင်ရာ ၂၄ ဖွဲ့၊ ပညာရပ်ဆိုင်ရာ ပညာရှင် ၁၈ ဦးတို့ကိုလည်း ပညာရပ် အမြင်ဖြင့် ဖြည့်စွက်ဖို့ စာမူများပေးပို့ ရေးသားစေလျက် ရှိပါတယ်။   စွယ်စုံကျမ်းကို ၁၉၅၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့ပြီး အတွဲပေါင်း ၁၅ တွဲဖြစ်ပါတယ်။ ခေတ်နဲ့ မဆီလျော် တော့တာတွေ၊ လိုအပ်တာတွေကို ပြင်ဆင် ဖြည့်စွက်ခြင်း ဆောင်ရွက်လျက် ရှိပါတယ်။ အတွဲ(၁)ကို ၂ဝ၁၇ ဒီဇင်ဘာလ အကုန် ဖိုင်နယ်စာမူတွေ ပြီးစီးပြီး   နမူနာ ပုံနှိပ်နိုင်ရေး ဦးတည် ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာစာအုပ် ၁၀၀ စာစဉ် ထုတ်ဝေနိုင်ရေးနှင့် စပ်လျဉ်းသည့် စာပေပညာရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဦးသန်းအုန်း (မောင်ဇေယျာ)၊  အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်  ဦးအောင်မျိုးမြင့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် တို့က  မြန်မာ စာအုပ် (၁၀၀) စာစဉ် ထုတ်ဝေရေး အတွက် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြပြီး တက်ရောက် လာကြသည့် စာပေ ပညာရှင်ကြီး များက မြန်မာစာအုပ် ၁၀၀ စာစဉ်တွင် ပါဝင်မည့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ ပြဇာတ်၊ အက်ဆေး စသည့် ကဏ္ဍများထဲမှ ဝတ္ထုရှည်ကဏ္ဍနှင့် စပ်လျဉ်း၍     ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စာစဉ်အမည်၊ စာလုံးအရွယ်အစား တို့အား စနစ်တကျ ရွေးချယ် သတ်မှတ်ရေး၊ ပြန်လည် ထုတ်ဝေမည့် စာအုပ်များအား ထုတ်ဝေသည့် အကြောင်းရင်းနှင့် သုံးသပ်ချက်များ၊ ဆွေးနွေးချက်များရှိရန်၊ လိုအပ်ပါက အများ သဘောတူ ဆန္ဒဖြင့် ဆုံးဖြတ်ရန်နှင့် စာပေပညာရှင်ကြီးများ သီးခြားဆွေးနွေး ထားသော စာအုပ်များအား မှတ်သားထား၍ ပြန်လည် သုံးသပ် ဆွေးနွေးရန် မှာကြားခဲ့ သည်။

(သတင်းစဉ်)

https://m.facebook.com/story.php?story_fbid=1310865719041291&id=318455204949019

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ”

Post a Comment

Related Posts Plugin for WordPress, Blogger...