Thursday, September 21, 2017

နဂါးလေး (ခ) အောင်နိုင်မြင့်ကိုလွှတ်လိုက်ပြီ

,
သေနတ်ပစ်ခတ်ဖမ်းဆီးနေသည့်ကြားမှ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်များကို ကားဖြင့်ဝင်တိုက်ကာ လွတ်မြောက်ထွက်ပြေးခဲ့သူ နဂါးလေး (ခ) အောင်နိုင်မြင့်မှာ မူးယစ်မှုဖြင့် တရားစွဲဆိုခံထားရသည့်အမှုမှ ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် အပြီးအပြတ် #လွတ်မြောက်ခဲ့ကြောင်း အရှေ့ပိုင်း ခရိုင်တရားရုံးမှ သိရသည်။

မူးယစ်မှု၊ လုယက်မှုတို့ဖြင့် တရားခံပြေးအဖြစ် ကြေညာထားသော အသက် ၃၄ နှစ် နဂါးလေး(ခ) အောင်နိုင်မြင့်ကို ၂၀၁၇ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဒဂုံတောင်မြို့နယ်၊ (၂၀) ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဖုရား လမ်းဆုံတွင် X-TRAIL အမျိုးအစား ခဲရောင်ယာဉ်ကို မောင်းလာသည့် ၎င်းကိုတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးစဉ် ၎င်းက အသာတကြည် အဖမ်းမခံသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ၎င်းမှ မော်တော်ယာဉ်ဖြင့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်များကို တိုက်ပြေးကာ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သူဖြစ်သည်။

ယင်းသို့ ထွက်ပြေးနိုင်ခဲ့သော်လည်း တစ်ပတ်အကြာ ဖော်ဖော်ဝါရီလ ၂၃ ရက်နေ့က မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ၎င်း၏ ဆွေမျိုးနေအိမ်တွင် ပုန်းခိုနေစဉ် ရဲတပ်ဖွဲ့က ဖမ်မိခဲ့သည်။

၂၀၁၆ ခုနှစ် မေလပိုင်းက ဒဂုံတောင်မြို့နယ်၊ (၁၉) ရပ်ကွက်၊ လှော်ကားလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သော မျိုးဦးဇော်ကို စစ်ဆေးရာ နဂါးလေးက မူးယစ်ဆေးဝါးများ ရောင်းချခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ယင်းဆေးပြားများကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က)/ ၂၁ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို စစ်ဆေးခဲ့ရာတွင် နဂါးလေးမှာ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း မရှိကြောင်း ဆေးစာနှင့်အတူ မူးယစ်ဆေးဝါး ရောင်းချခဲ့ကြောင်း ခိုင်လုံသည့် အထောက်အထား တစ်စုံတစ်ရာ မရှိသဖြင့် နဂါးလေးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁)အရ အမှုမှ အပြီးအပြတ် လွှတ်လိုက်ပြီး စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သူ မျိုးဦးဇော်ကို မူး/စိတ် ပုဒ်မ ၁၉(က) အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

နဂါးလေးမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဓားများ ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ် တစ်နှစ်ကျခံရသူဖြစ်ပြီး ထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ချိန် တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့ရှိ နိုက်ကလပ်များတွင် လူဆိုးလူမိုက် လောကသားတို့ကြား သြဇာအာဏာ လွှမ်းမိုးခဲ့သူ ဖြစ်သောကြောင့် ရှေ့နေဦးကိုနီအား လုပ်ကြံပေးရန် ငွေကျပ်သိန်း ၂၀၀ နှင့် မော်တော်ယာဉ် တစ်စီးပေး၍ ကမ်းလှမ်းခံခဲ့ရသူဖြစ်ပြီး ကမ်းလှမ်းခံရသူဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
The voice

https://m.facebook.com/story.php?story_fbid=2017484248486373&id=100006744512222

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နဂါးလေး (ခ) အောင်နိုင်မြင့်ကိုလွှတ်လိုက်ပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...