Tuesday, September 5, 2017

မောင်တောက လက်ရှိ အကြမ်းဖက်နေတဲ့ အခြေအနေအပေါ် မြန်မာနိုင်ငံသား မွတ်စ်လင်မ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ?

,

မောင်တောက လက်ရှိ အကြမ်းဖက်နေတဲ့ အခြေအနေအပေါ်
 မြန်မာနိုင်ငံသား မွတ်စ်လင်မ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ? ဆိုတော့.......

ဘယ်လိုမြင်ရမလဲ အကြမ်းဖက်နေတယ်လို့ မြင်တာပေါ့။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို အကြမ်းဖက်နေတယ်လို့ပဲ မြင်တာပေါ့။

မဟုတ်ဘူးလေ...သူတို့က ဘင်္ဂလီတွေလေ...

အဲဒါဆို သူတို့ကို Bangladesh ကို တရားဝင်တိုင်ကြားစာပို့ပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပြည်နှင်ဒဏ်ပေးလိုက်လေ။ ထိုင်းတို့၊ မလေးတို့မှာ မြန်မာနိုင်ငံက တရားမ၀င်နေထိုင်သူတွေကို စနစ်တကျ ဖမ်းပြီး သံရုံးကတဆင့် ပြည်နှင်ဒဏ်ပေးတယ်လေ။

အခုဟာက အကြမ်းဖက်သမားတွေက ရဲစခန်းတွေကို ၀င်တိုက်တာ တရားဥပဒေကို ချိုးဖောက်တာပဲလေ...

မှန်တာပေါ့ အကြမ်းဖက်တဲ့လုပ်ရပ်က ဘယ်သူလုပ်လုပ် မတရားမှုပါပဲ။ သို့သော် တိုက်ခိုက်မှုတိုင်းကို အကြမ်းဖက်မှုလို့ ညီမျှခြင်းချလို့မရဘူး။ ဥပမာ .. မြန်မာနိုင်ငံသားတွေကို ဖိနှိပ်ခဲ့တဲ့ နယ်ချဲ့ ကိုလိုနီတွေကို ရရာလက်နက်ကိုင်ပြီး တိုက်ခိုက်ခဲ့ကြတဲ့သူတွေကို နယ်ချဲ့တွေက အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်ခဲ့ပေမဲ့ မြန်မာပြည်သူတွေက သူရဲကောင်းတွေလို့ ကင်ပွန်းတပ်ခဲ့ကြတယ်။ ထိုနည်းလည်းကောင်းပဲ ဆယ်စုနှစ်ပေါင်းများစွာ အမိုးပွင့်ထောင်ပမာ မောင်တောက ရိုဟင်ဂျာတွေကို ဖိနှိပ်ကန့်သတ်ထားခဲ့ယုံမက ခေတ်အဆက်ဆက်အစိုးရတွေရဲ့ နိုင်ငံရေးကစားရာ တစ်ခုအဖြင့် မတရားလုပ်ခဲ့ကြတယ်။ ၂၀၁၂ခုနှစ်ကစပြီး အဲဒီဖိနှိပ်မှုတွေက လူမျိုးတုံးသတ်ဖြတ်မှုတွေအထိ လုပ်ဆောင်လာခဲ့ကြတယ်။ လူတွေကို တိရစ္ဆာန်တွေလို ညှင်းပမ်းလာကြတော့ သေမထူး နေမထူးဘ၀တွေ များလာတယ်။ ဒါတွေဟာ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေရဲ့ Root Cause တွေပဲ။

ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ.....

ဖြေရှင်းချင်တယ်ဆို အလွယ်လေးပါ။ ဒေသခံပြည်သူတွေကို ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေမှာ ဖွံဖြိုးအောင် စီမံကိန်းတွေချပေးရမယ်။ ရိုဟင်ဂျာတွေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေအကြား ယုံကြည်မှုတည်ဆောက်ဖို့ ရေရှည်စီမံကိန်းတွေချရမယ်။ နိုင်ငံသားစီစစ်ရေးကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမယ်။ အစားထိုးကဒ်တွေနဲ့ ကျောသပ်ပြီး မတရားမလုပ်ဘဲ နိုင်ငံသားအခွင့်အရေး ပေးရမယ်။ နိုင်ငံတကာက အကူအညီတွေရယူပြီး ဒေသခံတွေအတွက် လက်တွေ့ကျတဲ့ အခြေခံလိုအပ်ချက်တွေကို လုပ်ဆောင်ပေးရမယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေကို နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး ပြည်သူကို အမှန်အတိုင်း ချပြလိုက်လျင် ၉၀% ပြေလည်သွားပါလိမ့်မယ်။

ရခိုင်မှာ အခုလို မတည်မငြိမ်ဖြစ်နေတော့ ပြည်မက မွတ်စ်လင်မ်တွေက ဘာလို့ Brotherhood ပုံစံနှင့် တုံ့ပြန်နေကြတာလဲ?

အမှန်က ပြည်မမွတ်စ်လင်မ်တွေက ရိုဟင်ဂျာတွေရဲ့ ခံစားနေရတဲ့ ဖိနှိပ်မှုတွေကို ကိုယ်ချင်းစာမိတာပါပဲ။ ပြည်မက ရိုဟင်ဂျာမဟုတ်တဲ့ မွတ်စ်လင်မ်တွေကိုတောင် နိုင်ငံသားစီစစ်ရေးကဒ်ပြားထဲ အစ္စလာမ်ဘာသာဝင်ဖြစ်လို့ အတင်းအဓမ္မ ဘင်္ဂလီတို့၊ အိန္ဒိယတို့၊ ပါကစ္စတန်တို့ တစ်ခုမဟုတ် တစ်ခု မထည့်မနေရပုံစံတွေ လုပ်နေတာတွေ၊ ကလေးသူငယ်တွေကို ကိုယ့်အိမ်မှာကိုယ် ဘာသာရေးစာပေသင်ကြားခွင့်ပိတ်ပင်တာတွေ၊ ဘာသာရေးအမုန်းစကားတွေ ဟောကြားနေတာတွေကို တရားဝင်သဖွယ် ခွင့်ပြုထားတာတွေ၊ ဗလီဝတ်ကျောင်းဆောက်လုပ်ခွင့်မပြုတဲ့နေရာတွေမှာ နေ့စဉ်ဝတ်ပြုဖို့နေရာတွေမရှိလို့ အဆင်ပြေသလို အိမ်တွေမှာ ၀တ်ပြုတာကို ရန်အပြုခံရတာတွေ အစရှိတဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုတွေကို လက်ရှိ ခံနေရပါတယ်။ လမ်းပမ်းဆက်သွယ်ရေး အဆင်မပြေဘဲ သတင်းအမှောင်ချခံထားရတဲ့ ရိုဟင်ဂျာတွေအပေါ် ဘယ်လောက်အထိ ဖိနှိပ်ထားမလဲဆိုတာ အများကြီး တွေးနေစရာတောင်မလိုပါဘူး။

ရိုဟင်ဂျာတွေကို ဖိနှိပ်ထားလို့ ဘာအကျိုးရှိသလဲ?

ခေတ်အဆက်ဆက်အစိုးရတွေဟာ ရခိုင်မြေရဲ့ အရင်းအမြစ်တွေကို ဋ္ဌာနေပြည်သူတွေဆီက မတရားသိမ်းပိုက်ဖို့ ရိုဟင်ဂျာအရေးကို မဖြေရှင်းဘဲ အချိန်ကိုက် မီးမွှေးပြီး ပြည်သူကို အာရုံပြောင်းလေ့ရှိပေမဲ့ NLD အစိုးရလက်ထက်မှာ ဒီကိစ္စကို ကမ္ဘာပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကျဆင်းသွားဖို့ အဓိကထားပြီး ပူးသတ်နေတာပဲဖြစ်ပါတယ်။ စစ်အစိုးရနှင့် ရင်ကြားစေ့ရေး အဓိကအထားလွန်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကိစ္စမှာ အချီကြီးခံလိုက်ရပါတယ်။ သတင်းလိမ်တွေကို ကမ္ဘာကိုကြေညာခဲ့ပြီး ဖြစ်ရပ်မှန်နဲ့ ဆန့်ကျင်ဘက်လိုက်ခဲ့တဲ့အပေါ်မှာ စစ်အစိုးရရဲ့ ထောင်ချောက်ထဲ ပိတ်မိသွားပါတယ်။

ကမ္ဘာတစ်ခုလုံး စောင့်ကြည့်နေပါတယ်။ ရိုဟင်ဂျာတွေဘက်က ကမ္ဘာပေါ်ကလူသားဆန်တဲ့ လူတွေရပ်တည်နေကြပါတယ်။ Facebook ပေါ်ဆဲနေယုံ၊ Twitter မှာ ဝါဒဖြန့်နေယုံနဲ့ အလျင်မမီတော့ပါဘူး။ ဖြစ်ရပ်မှန်တွေက ကွက်ကွက်ကွင်းကွင်းပါပဲ။


https://m.facebook.com/story.php?story_fbid=374078613010520&id=100012251531668

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မောင်တောက လက်ရှိ အကြမ်းဖက်နေတဲ့ အခြေအနေအပေါ် မြန်မာနိုင်ငံသား မွတ်စ်လင်မ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ? ”

Post a Comment

Related Posts Plugin for WordPress, Blogger...