Wednesday, September 27, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အငြိမ်းစားယူခြင်းကိစ္စ

,
ဒေါက်တာရန်မျိုးသိမ်း, The Speaker
BurmaDemocracy, 27 September 2017

ခေတ်ပြိုင်နိုင်ငံရေးအခင်းအကျင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အသက် (၆၀) နှစ်ပြည့်လျှင် အငြိမ်းစားယူသင့်သည်ဟု ဆွေးနွေး၊ အမြင်ဖလှယ်သံများကျယ်လောင်လျက်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာမက၊ တပ်မတော်အရာရှိကြီးများ၏အငြိမ်းစားယူခြင်းကိစ္စ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ တပ်မတော်ဆိုင်ရာဥပဒေတို့နှင့်ဆက်စပ်ပတ်သက် နေသည့်အလျောက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအမြင်ဖလှယ်ရမည့်သဘောရှိနေသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အငြိမ်းစားယူခြင်းကိစ္စ တွင် နိုင်ငံတော်သမ္မတအပါအဝင်အစိုးရအဖွဲ့၏အခန်းကဏ္ဍတို့ကိုလည်းဆန်းစစ်ရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၄၂ တွင် ပြဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်းချက်အရ နိုင်ငံတော်သမ္မတသည် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက်ခန့်အပ်တာဝန်ပေးပိုင်ခွင့်မရှိသည်မှာထင်ရှားပြီးဖြစ်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရန်လိုအပ်ပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံကောင်စီ)အစည်းအဝေးကို ခေါ်ယူရ မည်ဖြစ်ပြီး၊ ကာလုံကောင်စီ၏အဆိုပြုထောက်ခံချက်ကိုရယူရမည်ဖြစ်သည်။ ပြည်တွင်းသတင်းများအရ၊ ၂၀၁၆ ခုနှစ်၊ မတ်လတွင်ဖွဲ့စည်းခဲ့သော အစိုးရသစ်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးဘယ်နှစ်ကြိမ်ခေါ်ယူကျင်းပခဲ့သည်နှင့်စပ်လျဉ်း၍ တရားဝင်သိရှိနိုင်ခြင်း မရှိပေ။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် (၁၁) ဦးတွင် တပ်မတော်ကို ကိုယ်စားပြုသူ (၆) ဦးပါဝင်နေသဖြင့် တပ်မတော် ကိုယ်စားလှယ်များက အဆိုပြုထောက်ခံသူကို နိုင်ငံတော် သမ္မတအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရ မည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင်ပြီး၊ အဆိုပါဥပဒေတွင်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်တာဝန်ပေးခြင်းကို သီးခြားအခန်းဖြင့်ဖော်ပြ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်တာဝန်ပေးနိုင်ရန် ကောင်စီ ၏အဆိုပြုထောက်ခံချက်ကိုမည်သို့မည်ပုံရယူရမည်နှင့်စပ်လျဉ်း၍ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာသင့်သည်။ အရပ်သားလွှတ်တော်ကိုယ် စားလှယ်များနှင့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအကြား လွှတ်တော်တွင်းသာမက၊ လွှတ်တော်ပြင်ပအလွတ်သဘောညှိနှိုင်း၊ ဆွေးနွေး မှုများမှတဆင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်တာဝန်ပေးရာတွင် အရပ်သား ကာလုံကောင်စီဝင်များ၏ အခန်းကဏ္ဍ မြှင့်တင်နိုင်မည့် သဘောတူညီချက် ရယူနိုင်ရေး ချဉ်းကပ်စဉ်းစား သင့်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကာလုံ ကောင်စီ၏အဆိုပြုထောက်ခံမှုဖြင့်သာ ခန့်အပ်တာဝန်ပေးနိုင်ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အငြိမ်းစားယူခြင်းနှင့်စပ်လျဉ်း၍ပြောရေး ဆိုရာမရှိဟုသုံးသပ်နိုင်သည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၀(ခ)အရ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကိုလွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိနေသည်။ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးသည် အလွန်ကျယ်ပြန့်သည့်အလျောက်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအနေဖြင့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၂၂(က)အရ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို တရားဝင်အနက် အဓိပ္ပါယ်ဖွင့်ဆိုလာ နိုင်မည်ဆိုလျှင် ပိုမိုကြောင်းကျိုးဆီလျော်မည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အငြိမ်းစားယူခြင်းနှင့်စပ်လျဉ်း၍အမြင်သဘောထားအမျိုးမျိုးကွဲပြား၊ ငြင်းခုံလျက်ရှိနေသည်။ အကယ်စင်စစ် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၃ ခုနှစ် နိုင်ငံ့ဝန်ထမ်းဥပဒေ နှင့် ၂၀၁၆ ခုနှစ် နိုင်ငံ့ဝန်ထမ်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ တို့ပါ ပြဋ္ဌာန်းချက်များအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာမက တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအနေဖြင့် တပ်မတော်ဆိုင် ရာဥပဒေနှင့်အညီ အငြိမ်းစားယူရမည်ဖြစ်သည်။ အငြိမ်းစားယူခြင်းအခန်းအပါအဝင် နိုင်ငံ့ဝန်ထမ်းဥပဒေတစ်ခုလုံးသည် တပ်မတော်သားများနှင့် သက်ဆိုင်ခြင်းမရှိပေ။ သို့ဖြစ်၍ တပ်မတော်ဆိုင်ရာဥပဒေနှင့်အညီ တပ်မတော်အရာရှိကြီးများကို အသက်(၆၀)ကျော်သည့်တိုင် ခန့်အပ်တာဝန်ပေး နိုင်သည့်သဘောရှိနေသည်။ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်ဆိုင်ရာဥပဒေ၊ အသက်(၆၀)ကျော်သည့်တိုင် အငြိမ်းစားယူခြင်းမရှိသည့် တပ်မတော်အရာရှိကြီးများနှင့်စပ်လျဉ်း၍ မေးခွန်းမေးမြန်းနိုင်မည်ဆိုလျှင် အများပြည်သူအနေဖြင့် ပိုမိုရှင်းရှင်းလင်းလင်းသိရှိနိုင်မည်ဖြစ်သည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၉၀ တွင် နိုင်ငံ့ဝန်ထမ်းများခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်း၊ စည်းကမ်း ထိန်းသိမ်းခြင်း၊ အမှုထမ်းစည်းကမ်းသတ်မှတ်ခြင်း နှင့် အရေးယူခြင်းများကို ဥပဒေနှင့်အညီဆောင်ရွက်ရမည်ဟုပြဋ္ဌာန်းထားပြီး၊ နိုင်ငံ့ဝန်ထမ်းဖြစ် သည့်တပ်မတော်သားများ၏လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့်အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟု ပုဒ်မ ၂၉၁ တွင် ပြဋ္ဌာန်းထားပြန်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၀ နှင့် ပုဒ်မ ၂၉၁ ပါပြဋ္ဌာန်းချက်များအရ တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်လင့်ကစား တပ်မတော်ဆိုင်ရာဥပဒေများနှင့်အညီသာ ဆောင်ရွက်ရမည်ဟု အတိအလင်းပြဋ္ဌာန်း ထားပြီးဖြစ်သည်။ သို့ဖြစ်၍ တပ်မတော်အနေဖြင့် တပ်မတော်သားများခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်းအပါအဝင်ကိစ္စရပ်များ အားလုံးကို တပ်မတော်ဆိုင်ရာဥပဒေများနှင့်အညီဆောင်ရွက်နိုင်ခွင့်ရရှိထားပြီးဖြစ်သည်ဟုမှတ်ယူနိုင်သည်။

ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ(၈)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး၊ နိုင်ငံ့ဝန်ထမ်းဥပဒေကိုပြင်ဆင် သည့်ဥပဒေအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အများစုပါဝင် သည့်ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံ့ဝန်ထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်အများစုပါဝင်သည့်ပြည် ထောင်စုလွှတ်တော်တွင် နိုင်ငံ့ဝန်ထမ်းဥပဒေကိုပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းခဲ့သည်။ သို့သော် အဆိုပါနိုင်ငံ့ဝန်ထမ်းဥပဒေ နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေနှစ်ရပ်စလုံးသည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်သက်ဆိုင်ခြင်းမရှိသည်မှာအထင်အရှားဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂(င)တွင် ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါကိစ္စအလို့ငှာ တပ်မတော်သားများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမပါဝင်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေကိုပြင်ဆင်သည့်ဥပဒေတွင် ပုဒ်မ ၂(င)ကို ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ တပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း၊ ယင်းတို့၏လုပ်ငန်းသဘာဝနှင့်တာဝန်တို့အရ ဤဥပဒေပါကိစ္စများနှင့်အကျူံးဝင်ခြင်းမရှိစေရဟု ပြင်ဆင်၊ ပြဋ္ဌာန်းခဲ့သည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံ့ဝန်ထမ်းဥပဒေပါပြဋ္ဌာန်းချက်များအရ တပ်မတော်သားများသာမက၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန် ထမ်းဥပဒေတွင် အကျူံးမဝင်သည်မှာ ထင်ရှားပြီးဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(စ)ပါ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်ဟူသောပြဋ္ဌာန်းချက်သည် အလွန်ကောင်းမွန်လျော်ကန်သင့်မြတ်သည်။ သို့ရာတွင် ပိုမိုတိကျသောအဓိပ္ပါယ်ဖွင့်ဆိုချက်က လစ်ဟာနေဆဲဖြစ် သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟုဆိုရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)ကိုသာဆိုလို ရင်းမဟုတ်၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားအများစုကထောက်ခံမဲပေး၊ အတည်ပြုသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းကို ကာကွယ်စောင့်ရှောက် ရန် တပ်မတော်အနေဖြင့် အဓိကတာဝန်ရှိမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေမည် ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်း၍ နိုင်ငံတော် အာဏာသိမ်းယူခြင်းသည် ထပ်မံ ဖြစ်နိုင်ခြေ မရှိဟုသုံးသပ်နိုင်သည်။

အချုပ်အားဖြင့်ဆိုသော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင်တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ၏အငြိမ်းစားယူ ခြင်းနှင့်စပ်လျဉ်း၍ တပ်မတော်အနေဖြင့် တပ်မတော်ဆိုင်ရာဥပဒေနှင့်အညီဆောင်ရွက်ခွင့် နှင့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဆက်စပ်ဥပဒေတို့အရ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင်အစိုးရအဖွဲ့ဝင်များအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင်တပ်မတော် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ၏အငြိမ်းစားယူခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်အလျဉ်းမရှိပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

ဒေါက်တာရန်မျိုးသိမ်း
၂၆၊ စက်တင်ဘာလ၊ ၂၀၁၇

Dr. Yan Myo Thein’s Facebook မှကူးယူဖော်ပြပါသည်။#BurmaDemocracy

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အငြိမ်းစားယူခြင်းကိစ္စ”

Post a Comment

Related Posts Plugin for WordPress, Blogger...