Sunday, September 17, 2017

လူတိုင်းသိထားသင့်သောအသရေဖျက်မှုနှင့်ကင်းလွတ်ချက်များ သရ၀ဏ်(ပြည်)

,
အသရေဖျက်မှုကို ပုဒ်မ ၅၀၀ အဖြစ် စာရေးဆရာများ၊အယ်ဒီတာများ၊ ထုတ်ဝေသူများအပါအ၀င် လူတော်တော်များများကသိထားကြသည် ။ သို့ သော် အသရေဖျက်မှုမမြောက်သော ချွင်းချက် (ကင်းလွတ်ချက်) ၁၀ ချက်ရှိကြောင်းသိသူနည်းသည် ။ ထို့အပြင် အသရေဖျက်မှုမှာ ပုဒ်မ ၄၉၉ ဖြစ်သည် ။ ပုဒ်မ ၅၀၀ မှာ အသရေဖျက်မှုအတွက် ပေးသောထောင်ဒဏ်ငွေဒဏ်စသည့်ပြစ်ဒဏ်ဖြစ်သည် ။အသရေဖျက်မှု ပုဒ်မ ၄၉၉ မှာအောက်ပါအတိုင်းဖြစ်သည် ။ “မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ဖတ်ရှုစေရန်ကြံရွယ်သည့်စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ ၊ ထင်ရှားသောပုံသဏ္ဍန်ဖြင့်ဖြစ်စေ လူတဦးတယောက်၏အသရေကို နစ်နာစေရန်အကြံဖြင့်သော်၎င်း၊ထိုသူနှင့်စပ်လျဉ်းသောစွပ်စွဲခြင်းသည် ထိုသူ၏အသရေကိုနစ်နာစေမည်ဟုသိလျက်နှင့်သော်၎င်း၊ထိုသို့ယုံကြည်ရန်အကြောင်းရှိလျက်နှင့်သော်၎င်း ထိုသူနှင့်စပ်လျဉ်းသောစွပ်စွဲခက်ကိုပြုလျှင်၊သို့ တည်းမဟုတ်ကြေညာလျှင် ၊ထိုသူသည်အောက်ပါကင်းလွတ်ချက်များမှတပါး၊ အဆိုပါလူ၏အသရေကိုဖျက်သည်မည်၏ “ဟုပြဌာန်းထား၏ ။ ဤဥပဒေအရ သူတပါးအားစွပ်စွဲရေးသားပြောဆိုတိုင်း အသရေဖျက်မှုမြောက်သည်မဟုတ် ။ အောက်ပါအကြောင်းတရားဆယ်ချက်ထဲမှတခုခုကြောင့်ပြောဆိုရေးသားစွပ်စွဲလျှင် အသရေဖျက်မှုမမြောက်ဟု ဥပဒေက ကင်းလွတ်ခွင့်ပြုထားလေသည် ။ ထို ကင်းလွတ်ခွင့် (၁၀)ချက်မှာ

ပဌမကင်းလွတ်ချက် ။

တဦးတယောက်သောသူနှင့်စပ်လျဉ်း၍၊ မှန်ကန်သောစွပ်စွဲချက်ကိုအများပြည်သူ အကျိုးအတွက် ပြုလုပ်ရန်၊သို့တည်းမဟုတ် ကြေညာရန်သင့်သည်ဖြစ်လျှင် ထိုစွပ်စွဲချက်သည်အသရေဖျက်မှုဖြစ်သည်မမည် ။အများပြည်သူအကျိုးအတွက်ဟုတ်မဟုတ်မှာအကြောင်းချင်းရာပြသနာဖြစ်သည် ။
ဤကိစ္စမှာရှင်း၏ ။ အကြမ်းဖက်သမားတယောက်လွတ်မြောက်ထွက်ပြေးနေကြောင်းဓာတ်ပုံနှင့်တကွ ဖော်ပြခြင်းသည် အများပြည်သူအကျိုးအတွက်ဖြစ်သဖြင့် ကာယကံရှင်ကအသရေဖျက်မှုဖြင့်စွဲခွင့်ရှိမည်မဟုတ်ပေ။မဟုတ်ပဲနှင့်စွပ်စွဲလျှင်တော့ အသရေဖျက်မှုဖြစ်သည်။

ဒုတိယကင်းလွတ်ချက် ။

ပြည်သူ့ ဝန်ထမ်းအဖြစ်ဖြင့်အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် ၊ထိုပြည်သူ့ ဝန်ထမ်း၏အပြုအမူနှင့်စပ်လျဉ်း၍သော်၎င်း ၊ထိုပြည်သူ့ဝန်ထမ်း၏အကျင့်စာရိတ္တသည်ထိုသူ၏အပြုအမူ၌ထင်ပေါ်နေသည်အထိ ထိုသူ၏အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍သော်၎င်း တဦးတယောက်သောသူက သဘောရိုးဖြင့် မိမိ၏ထင်မြင်ချက်ကိုဖော်ပြခြင်းသည် အသရေဖျက်မှုဖြစ်သည်မမည် ။
ဥပမာ ။ နောက်ပြောင်းလာတဲ့ဆရာဝန်လေးက ဘိလိယက်ချည်းထိုးနေတာပဲ ၊ တာဝန်ချိန်မှာတောင်ဆေးရုံမှာမရှိလို့ လိုက်ခေါ်ရတယ် ဆိုတာမျိုးသည် အသရေဖျက်မှုမမည် ။

တတိယကင်းလွတ်ချက် ။

အများပြည်သူပြဿနာဆိုင်ရာ တဦးတယောက်သောသူ၏ အပြုအမူနှင့်စပ်လျဉ်း၍၎င်း ၊ထိုသူ၏အကျင့်စာရိတ္တသည် ထိုသူ၏အပြုအမူ၌ ထင်ပေါ်နေသည်အထိ ထိုသူ၏အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍၎င်း၊တဦးတယောက်သောသူက သဘောရိုးဖြင့်မိမိထင်မြင်ချက်ကို ဖော်ပြခြင်းသည် အသရေဖျက်မှုဖြစ်သည်မမည် ။
ဥပမာ ။ မောင်မဲသည် အများပြည်သူဆိုင်ရာပြဿနာနှင့်စပ်လျဉ်း၍ ၊အစိုးရထံလျှောက်ထားရာတွင်ဖြစ်စေ ၊ အများပြည်သူဆိုင်ရာပြဿနာနှင့်စပ်လျဉ်း၍ အစည်းအဝေးတခုကျင်းပရန်တောင်ဆိုလွှာ၌လက်မှတ်ရေးထိုးရာတွင်ဖြစ်စေ၊ထိုသို့သောအစည်းအဝေးတွင် အကြီး အမှူး ပြုလုပ်ဆောင်ရွက်ရာတွင် ၊သို့တည်းမဟုတ် တက်ရောက်ရာတွင်ဖြစ်စေ ၊ အများပြည်သူ၏အကူအညီကို တောင်းခံဖွဲ့စည်းသည့်အသင်းကို တည်ထောင်ရာတွင် ၊ သို့ တည်းမဟုတ် ထိုအသင်း၌ပါဝင်ရာတွင်ဖြစ်စေ အများပြည်သူ၏အကျိုးနှင့်သက်ဆိုင်သော အလုပ်ဝတ္တရားများကိုကျွမ်းကျင်စွာဆောင်ရွက်သည့်ရာထူးနေရာအတွက် လူတဦးတယောက်အားမဲပေးရာတွင် ၊သို့တည်းမဟုတ်ထိုသူအတွက်မဲတောင်းရာတွင်ဖြစ်စေ မောင်မဲ၏အပြုအမူနှင့်စပ်လျဉ်းသောထင်မြင်ချက်ကို မောင်ဖြူက သဘောရိုးနှင့် ဖော်ပြခြင်းသည် အသရေဖျက်မှုဖြစ်သည်မမည် ။ဆိုလိုတာက ရွေးကောက်ပွဲ၊ အမှုဆောင်ရွေးချယ်ပွဲတွေမှာ မဲဆွယ်တဲ့သူကို ဝေဖန်ခွင့်ရှိပါတယ် ။ ငါကတော့သူ့ကိုမဲမပေးဘူးကွာ မနှစ်ကရွေးခဲ့တုန်းကလည်းဘာမှထူးမလာဘူးဆိုခြင်းများသည် အသရေဖျက်မှုမမြောက်နိုင်ပါ ။

စတုတ္ထကင်းလွတ်ချက်။

တရားရုံးတခု၏မှုခင်းဆောင်ရွက်ချက်များကိုဖြစ်စေ ၊မှုခင်းဆောင်ရွက်ပြီးပြတ်ပုံကိုဖြစ်စေ ၊အရေးပါသောအချက်အလက်များ၌မှန်ကန်စွာကြေညာခြင်းသည် အသရေဖျက်မှုဖြစ်သည်မမည် ။
အဓိပါယ်မှာတရားရုံး၌စစ်ဆေးဆဲအမှုဖြစ်စဉ်ကိုမြင်သည့်ကြားသည့်အတိုင်းအမှန်အတိုင်း သတင်းရေးသားခြင်း ၊ အစီရင်ခံစာတင်ပြခြင်းများသည် အသရေဖျက်မှုမမြောက် ။ ဥပမာ သခင်စိုး၏တရားခွင်မှတ်တမ်းများ၊ အင်းဝအပ်ချုပ်ဆိုင်မှအိမ်ဖော်ကိုနှိပ်စက်သောအမှု ကို မြင်သည့်ကြားသည့်အတိုင်းရေးကြရာတွင်အသရေဖျက်မှုမမြောက် ။သို့သော် ဒီလူယုတ်မာဟာထောင်ကျကိုကျမှာပဲစသည်ဖြင့် တရားရုံးကမပြောသောစကားကို ထည့်ရေးလျှင်မူ အသရေဖျက်မှုဖြစ်သည် ။

ပဉ္စမကင်းလွတ်ချက်။

တရားရုံးကစီရင်ဆုံးဖြတ်ပြီးသောတရားမမှု ၊သို့မဟုတ် ရာဇ၀တ်မှု၏ အားသာချက် နှင့်စပ်လျဉ်း၍သော်၎င်း၊ ထိုအမှုတွင် အမှုသည်၏၊သို့တည်းမဟုတ်သက်သေ၏၊သို့တည်းမဟုတ်ကိုယ်စားလှယ်အဖြစ်ဖြင့်ဆောင်ရွက်သောသူ၏ အပြုအမူနှင့်စပ်လျဉ်း၍သော်၎င်း၊ထိုသူ၏အကျင့်စာရိတ္တသည် ထိုသူ၏အပြုအမူ၌ ထင်ပေါ်နေသည်အထိ ထိုသူ၏အကျင့်စာ၇ိတ္တနှင့်စပ်လျဉ်း၍သော်၎င်း တဦးတယောက်သောသူကသဘောရိုးဖြင့်မိမိ၏ ထင်မြင်ချက်ကိုဖော်ပြခြင်းသည် အသရေဖျက်မှုဖြစ်သည်မမည် ။
ဥပမာအမှုတခုစစ်ဆေးရာတွင်သက်သေ၏ပြောကြားချက်ကိုအားမရသဖြင့်ဝေဖန်ရာတွင်  သူပြောတာ ရှေ့နောက်မညီဘူး အဲဒိလူဟာ ဥာဏ်တုံးလို့ပဲလား ၊ မရိုးမဖြောင့်တဲ့သဘောပဲလား တခုခုပဲလို့ကျွန်တော်တော့ထင်တယ် ဟုပြောလျှင် အမှုနှင့်ဆိုင်သော အကျင့်စာရိတ္တကိုသာပြောသောကြောင့် အသရေဖျက်မှုမမြောက် ။ သို့သော် ဒီကောင်ကလိမ်ပြောမှာပေါ့ သူလူလိမ်ဆိုတာ ကျွန်တော်အစတည်းကသိပြီးသား ဟုပြောခဲ့လျှင်တော့ အမှုနှင့်မဆိုင်သော (လူလိမ်မှန်းအစတည်းကသိသည် ဟူသော )အကျင့်စာရိတ္တကိုထိခိုက်ပြောဆိုမှုကြောင့် အသရေဖျက်မှုမြောက်သည် ။

ဆဌမကင်းလွတ်ချက် ။

လူအများကဝေဖန်ချက်ပြုရန်စာရေးဆရာတဦးကတင်ပြသော အထင်အရှားဆောင်ရွက်မှု၏ အားသာချက် အားနည်းချက်နှင့်စပ်လျဉ်း၍မိမိထင်မြင်ချက်ကိုသဘောရိုးဖြင့်ဖော်ပြခြင်းသည်အသရေဖျက်မှုဖြစ်သည်မမည် ။
ဥပမာများ။
(က) စာအုပ်တအုပ်ကိုပုံနှိပ်ထုတ်ဝေသောသူသည် မိမိစာအုပ်ကို လူအများဝေဖန်ချက်ပြုရန်တင်ပြခြင်းဖြစ်သည် ။
(ခ) ပရိသတ်ရှေ့တွင်မိန့်ခွန်းစကားပြောဆိုသောသူသည် ၊မိမိ၏မိန့်ခွန်းစကားကို လူအများဝေဖန်ချက်ပြုရန်တင်ပြခြင်းဖြစ်သည် ။
(ဂ)လူအများသွားရောက်ကြည့်ရှုသည့် ဇာတ်စင်ပေါ်၌ကပြသီဆိုသော သဘင်သည်တဦးသည် မိမိ၏ကပြသီဆိုခြင်းကို လူအများဝေဖန်ချက်ပြုရန်တင်ပြခြင်းဖြစ်သည် ။
(ဃ)မောင်မဲပုံနှိပ်ထုတ်ဝေသောစာအုပ်ကို မောင်ဖြူက “မောင်မဲ၏စာအုပ်သည် အကျိုးမရှိ၊မဖတ်အပ် ၊မောင်မဲသည်ပညာချို့တဲ့သူဖြစ်၏ ။မောင်မဲ၏စာအုပ်သည်ညစ်ညမ်း၏ ။မောင်မဲသည်သဘောထားမဖြူစင်သောသူဖြစ်၏ “ဟုပြောဆို၏။ မောင်ဖြူကသဘောရိုးဖြင့်ထိုသို့ပြောဆိုလျှင် ၊ပြောဆိုသောထင်မြင်ချက်သည် မောင်မဲ၏စာအုပ်၌ထင်ပေါ်နေသမျှဖြစ်သောမောင်မဲ၏အကျင့်စာရိတ္တနှင့် သက်ဆိုင်သည်အထိသာလျှင်ပြောဆိုသောထင်မြင်ချက်ဖြစ်သောကြောင့် မောင်ဖြူသည်ဤကင်းလွတ်ချက်၌သက်ဝင်သည် ။အသရေဖျက်မှုမမြောက် ။
(င) သို့သော်လည်း မောင်ဖြူက “မောင်မဲသည် ရူးနှမ်း၍ ကာမဂုဏ်လိုက်စားသူဖြစ်သောကြောင့် သူ၏စာအုပ်သည် နှစ်ပြားမှမတန်သည်မှာအံ့သြစရာမရှိ “ ဟုရေးခဲ့လျှင် ကင်းလွတ်ခွင့်ဘောင်သည်ကျော်သွားပြီဖြစ်။ မောင်မဲ၏အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍မောင်ဖြူ၏ထင်မြင်ချက်သည် စာအုပ်အပေါ်အခြေခံထားခြင်းမရှိသောပြောဆိုချက်ဖြစ်သဖြင့်ကင်းလွတ်ချက်တွင်မပါဝင်နိုင်ပဲ အသရေဖျက်မှုမြောက်နေမည်ဖြစ်သည် ။
မှတ်ချက် - သတင်းစာရှင်းလင်းပွဲ ၊စာနယ်ဇင်းရှင်းလင်းပွဲများတွင်ပြောသောစကားသည် အများဝေဖန်ရန်ပြောကြားသောစကားများဖြစ်သဖြင့် ထိုစကားများကိုပြောကြားသည့်အတိုင်းပြန်ရေးခြင်းသည်လည်း ကင်းလွတ်ခွင့်ထဲပါနေမည်ဖြစ်ပြီး အသေရေဖျက်မှုမမြောက်နိုင်ပေ။ (ဤကားစကားချပ်) ။

သတ္တမကင်းလွတ်ချက် ။

ဥပဒေအရဖြစ်စေ ၊ ဥပဒေနှင့်အညီ ပြုလုပ်သော ပဋိညာဉ်အရဖြစ်စေ တဦးတယောက်သောသူအပေါ်၌အခွင့်အာဏာရှိသူက ထိုအခွင့်အာဏာနှင့် သက်ဆိုင်သောကိစ္စများတွင် ထိုသူ၏အပြုအမူကိုသဘောရိုးဖြင့် အပြစ်ဆိုခြင်း သည်အသရေဖျက်မှုမမည် ။
ဥပမာ ။ တရားသူကြီးတဦးက သက်သေတဦး ၊ ရုံးအရာရှိတဦး၏အပြုအမူကို သဘောရိုးဖြင့်အပြစ်ဆိုခြင်း၊ ဌာနအကြီးအကဲက မိမိ၏လက်အောက်ခံဝန်ထမ်းတို့ကို သဘောရိုးဖြင့်အပြစ်ဆိုခြင်း၊ မိဘကသားသမီးကို အခြားကလေးများရှေ့တွင် သဘောရိုးဖြင့်အပြစ်ဆိုခြင်း၊ ဆရာကတပည့်ကိုသဘောရိုးဖြင့်အပြစ်ဆိုခြင်း၊ အရှင်သခင်ဖြစ်သူက မိမိ၏အစေခံကို အလုပ်ပေါ့လျော့လစ်ဟင်းသည့်အတွက် သဘောရိုးဖြင့်အပြစ်ဆိုခြင်းတို့ သည် ကင်းလွတ်ချက်၌သက်ဝင်သည် ။
အဋ္ဌမကင်းလွတ်ချက်။
စွပ်စွဲသည့်အကြောင်းအရာနှင့်စပ်လျဉ်း၍တဦးတယောက်သောသူအပေါ်၌ဥပဒေနှင့်အညီ အခွင့်အာဏာရှိသောသူက သဘောရိုးဖြင့် စွပ်စွဲခြင်း ပြောဆိုခြင်းသည် အသရေဖျက်မှုမမည် ။
ဥပမာ။ လိမ်လည်မှူ ဖြင့် တရားစွဲခံရမည့်တရားခံအား သူလိမ်လည်ကြောင်းရှေ့နေကလျောက်လဲရာတွင်၎င်း၊ တရားသူကြီးက မင်းလိမ်တာဟုတ်သလားစသည်ဖြင့်မေးခွန်းမေးမြန်းပြောဆိုရာတွင်၎င်း ကင်းလွတ်ခွင့် နံပါတ်(၈)အရ အသရေဖျက်မှုမမြောက် ။

န၀မကင်းလွတ်ချက် ။

အခြားသူတယောက်၏အကျင့်စာရိတ္တကို ထိခိုက်အောင်စွပ်စွဲရာ၌ ၊စွပ်စွဲသူကသဘောရိုးဖြင့် မိမိ၏အကျိုးကိုသော်၎င်း ၊သူတပါး၏အကျိုးကိုသော်၎င်း ကာကွယ်စောင့်ရှောက်ရန်စွပ်စွဲခြင်းသည်၊သို့တည်းမဟုတ်အများပြည်သူ၏အကျိုး အတွက် စွပ်စွဲခြင်းသည်အသရေဖျက်မှုဖြစ်သည်မမည်။
ဥပမာ။ ဆိုင်ရှင်မောင်ဖြူက သူ့တပည့်အား မောင်နီသည်ရိုးဖြောင့်သူ မဟုတ်ဟုကျွန်ုပ်ထင်သည်။ထို့ကြောင့်ငွေလက်ငင်းမပေးလျှင် သူ့ အား ဘာမှမရောင်းနှင့် ဟုပြော၏။ ဤကိစ္စ၌ မောင်ဖြူသည်မိမိအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရန်မောင်နီအားသဘောရိုးဖြင့် စွပ်စွဲခြင်းပြုလျှင် မောင်ဖြူသည်ဤကင်းလွတ်ချက်၌သက်ဝင်သည်။အသရေဖျက်မှုမမြောက် ။

ဒဿမကင်းလွတ်ချက် ။

အခြားသူတဦးတယောက်အကြောင်းနှင့်စပ်လျဉ်း၍၊တဦးတယောက်သောသူအားသတိပေးရာတွင် ၊သတိပေးသူကသတိပေးခြင်းခံရသူ၏အကျိုးအတွက်သော်၎င်း၊ ထိုသူကအကျိုးလိုလားသောသူ၏အကျိုးအတွက်သော်၎င်း ၊အများပြည်သူ၏အကျိုအတွက်သော်၎င်းရည်ရွယ်၍ သဘောရိုးဖြင့် သတိပေးခြင်း ဖြစ်လျှင် အသရေဖျက်မှုဖြစ်သည်မမည် ။
တဆင့်ခံသတိပေးခြင်းဖြစ်သည်။ ဥပမာ ကိုညီည်ီက ကိုရဲအား ကိုရဲရေခင်ဗျားမိတ်ဆွေ ဦးကိုလေးကိုပြောလိုက်ပါ ကိုဖြူလာပြီးအလုပ်အပ်ရင်လက်မခံနဲ့ သူကသိပ်ပြီးပိုက်ဆံတောင်းရခက်တယ် ၊ကျုက်ကိုယ်တွေ့ ပဲ ဟုပြောခြင်းအတွက် ကိုဖြူက ကိုညီညီအား အသရေဖျက်မှုဖြင့်တရားစွဲ၍မရ။ကင်းလွတ်ခွင့်ပြုထားပေ၏ ။
မည်သူမဆိုအခြားသူတဦး၏အသရေကိုဖျက်လျှင် ပုဒ်မ ၅၀၀ အရ နှစ်နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ ၊ငွေဒဏ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရပေမည် ။ သို့သော် အသရေဖျက်မှုတခု ဖြစ်ပေါ်လာဖို့ ကင်းလွတ်ခွင့် ၁၀ ချက်ပေးထားသဖြင့် ထို ၁၀ ချက်တွင်အကျုံးဝင်နေသမျှကာလပါတ်လုံးတရားရုံးက အမှုစွဲဆိုခြင်း ( Charge ) မလုပ်ပဲ အမှုကိုပလပ်ပစ်လိုက်သည်ဖြစ်စေ ၊ စစ်ဆေးပြီးအပြစ်မရှိဟုလွှတ်ပေးလိုက်သည်ဖြစ်စေ ဆုံးဖြတ်ကြစမြဲဖြစ်ပါကြောင်း   ဥပဒေရှုထောင့်အရတင်ပြလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)

ကိုးကား -ရာဇသတ်ကြီး ။

https://m.facebook.com/story.php?story_fbid=337151726730335&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ လူတိုင်းသိထားသင့်သောအသရေဖျက်မှုနှင့်ကင်းလွတ်ချက်များ သရ၀ဏ်(ပြည်)”

Post a Comment

Related Posts Plugin for WordPress, Blogger...