Monday, October 23, 2017

ရိုဟင်ဂျာ ၁သန်းနီးနီး လက်ခံထားရတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

,
ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရှိနေတဲ့  ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက် စုစုပေါင်း အခုဆိုရင် တစ်သန်း နီးပါး ရှိသွားပြီလို့ ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် ရှာမီန်း အာဆန်က ပြောပါတယ်။

ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ညီလာခံ ရှေ့မှောက် မစ္စတာ အာဆန်က ပြောခဲ့တာပါ။

ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် အလှူငွေတွေ ထည့်ဝင် လှူဒါန်း ကြပါ ဆိုပြီး နိုင်ငံတကာ ဆီကနေ အကူအညီ တောင်းခံနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂက ကမကထလုပ် ကျင်းပ နေတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံကနေ အတင်းအကြပ် နှင်ထုတ် ခံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေးဟာ ကိုင်တွယ် ထိန်းချုပ်လို့ မရနိုင်တဲ့ အခြေအနေမျိုးထိ ဖြစ်လာနေပြီလို့လည်း မစ္စတာ အာဆန်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ အာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ ဆက်လက် ငြင်းဆန်နေတယ် ဆိုပြီးတော့လည်း မစ္စတာ အာဆန်က မြန်မာ အစိုးရ အပေါ် ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ နေစဉ် ဝင်လာနေကြဆဲ ဖြစ်တယ်လို့ မစ္စတာ အာဆန်က ဆိုပါတယ်။

အခု ဂျနီဗာ အထူး ညီလာခံ ကနေ ရိုဟင်ဂျာတွေ အတွက် အလှူငွေ ဒေါ်လာ သန်း ၄ဝဝ ကျော် မတည်နိုင်ဖို့ ကုလသမဂ္ဂက ရည်မှန်း ထားပါတယ်။

အဲဒီ ငွေတွေကို ဒုက္ခသည်တွေ ရေကြည်ရေသန့် သောက်သုံး နိုင်ရေး အပါအဝင် ယာယီ နေယာ ထိုင်ခင်းတွေ ဖန်တီး ပေးဖို့နဲ့ ရှေ့လာမယ့် ဖေဖေါ်ဝါရီ လကုန် အထိ စားနပ်ရိက္ခာ ထောက်ပံ့ရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

ရှိလက်စ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အခုနှစ် ဩဂုတ်လနှောင်းပိုင်း ရောက်လာတဲ့ ရိုဟင်ဂျာ သန်း တစ်ဝက်ကျော်ကို စုပေါင်းပြီး စုစုပေါင်း တစ်သန်း နီးပါး ရှိသွားပြီလို့ ဘင်္ဂလာဒေ့ရှ် နိုင်ငံက ပြောနေတာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း

http://bbc.in/2yM3Iq0

https://m.facebook.com/story.php?story_fbid=1563406733715206&id=166580710064489

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရိုဟင်ဂျာ ၁သန်းနီးနီး လက်ခံထားရတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...