Friday, October 13, 2017

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ဗိုလ်ကတော်များ ဘွဲ့ရရေးမူ

,
ဗိုလ်ထက်မင်း, ခေတ်ပြိုင်ဂျာနယ်
BurmaDemocracy, 12 October 2017

ဗိုလ်သန်းရွှေဟာ တပ်မ (၈၈) တပ်မမှူးအဖြစ် ကျိုင်းတုံမှာ ရှေ့တန်းတာဝန် ထမ်းဆောင်ခဲ့စဉ်ကGolf ရိုက်နည်းကို ဗိုလ်မှုးဝင်းလှိုင် (ယခု အငြိမ်းစားဗိုလ်ချုပ် ၀င်းလှိုင်) ထံမှ သင်ယူခဲ့ရပြီး စစ်ရေး စစ်ရာမှာလည်း ထက်မြက်ခဲ့သူမဟုတ်ကြောင်း သိရှိရပါတယ်။ ဗိုလ်သင်တန်းကျောင်း၊ ဗိုလ်လောင်း အပတ်စဉ် (၉) မှာ B.C အမှတ် (ကြည်း - ၆၇၁၀) နဲ့ နောက်ဆုံး ဗိုလ်လောင်း အဆင့်ဖြင့် ဆင်းလာ ခဲ့သူတဦးဖြစ် ပါတယ်။ သူနဲ့ တပတ်စဉ်ဆင်းတွေက တန်းစီလိုက်ရင်သူ့ နောက်မှာ မြက်ခင်းပြင်သာ ရှိတော့ကြောင်း နောက်ပြောင်ခဲ့ ကြပါတယ်။

ဗကပတိုက်လို့ မိုင်းယောင်းမြို့  ကျခဲ့စဉ်က ချင်း သနက (၃) တပ်ရင်း လက်နက်ခဲယမ်း ဆုံးရှုံးသွား တဲ့အပြင် ရဲမေများ မုဒိမ်းကျင့်ခံရလို့ သူ့မှာ တာဝန်ရှိတာမို့ ဦးနေ၀င်းအား ဖားရပါတော့တယ်။ ဗိုလ်သန်းရွှေ ကျိုင်းတုံမှာ တာဝန်ကျတော့ မှောင်ခိုခေတ်ကောင်းတဲ့ အချိန်ဖြစ်နေလို့ လေယာဉ် လက်မှတ်တွေကို မှောင်ခိုဈေးဖြင့် ရောင်းချခြင်း၊ စစ်ယာဉ်တန်းတွေ ကျိုင်းတုံ-တောင်ကြီး၊ ကျိုင်းတုံ-တာချီလိတ် အတက်အဆင်း လမ်းကြောင်းများမှ မှောင်ခို ကယ်ရီခများ ရရှိခြင်းတို့ဖြင့် ပြည်သူလူထုကို လည်မျိုညစ်ကာ ပြည်သူလူထု ကျမျက်ရည် များမှ ရရှိသော ၀င်ငွေများစွာကို ကျိုင်းတုံသို့ စစ်ဆေးရန် ရောက်လာတဲ့ ဗိုလ်နေ၀င်းအား ဒလဟော ပံ့ပိုးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

တပ်မတော်မှာ “တော်သုံးတော်” ရှိတဲ့ အထဲက အဖားတော်သူ စာရင်းမှာ ပါဝင်အောင် ကြိုးစား နိုင်ခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး မှတဆင့် သူ့ထက် စီနီယာကျတဲ့ ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်ချုပ်စိန်အောင်တို့ကို ဖြတ်ကျော်ကာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

န၀တ စတင်ဖွဲ့စည်းခါစက ဗိုလ်စောမောင်နဲ့ ဗိုလ်ခင်ညွန့် တို့သာ နိုင်ငံရေးကဏ္ဍမှာ လှုပ်ရှားနေကြပြီး ဗိုလ်သန်းရွှေကတော့ န၀တ အဖွဲ့ဝင်ဘ၀နဲ့ ဗိုလ်မောင်လှနဲ့ အတူ စစ်ရေးစစ်ရာကိုသာ ကွပ်ကဲနေ ခဲ့ရပါတယ်။ ဗိုလ်သန်းရွှေကို ဗိုလ်စောမောင်က “ကိုသန်းရွှေ စာဖတ်တာ သိပ်မတွေ့ရဘူး၊ လေ့လာဖို့ ကောင်းတယ်” လို့ ဝေဖန်ခဲ့ဖူးပါတယ်။ အဲဒီနောက် အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးက အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်နဲ့ တိုင်ပင်ညှိနှိုင်းပြီး န၀တအဖွဲ့ဝင်ဖြစ်နေတဲ့ ဗိုလ်သန်းရွှေကို ဒု-ဥက္ကဋ္ဌရာထူးပေးဖို့ ဗိုလ်စောမောင်ထံ တင်ပြပေးခဲ့ရာက နေရာရလာခဲ့ပါတယ်။

ဗိုလ်သန်းရွှေဟာ ရုရှနိုင်ငံမှာ စိတ်ဓာတ်စစ်ဆင်ရေး သင်တန်းတက်ခဲ့ပြီး (ကကပြည်) မှ လာခဲ့သူပီပီ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူလူထု စည်းရုံးရေးကို တစိုက်မတ်မတ် လုပ်နိုင်ခဲ့ပါတယ်။ ဗိုလ်စော မောင်နဲ့ ဗိုလ်နေ၀င်းတို့ကို နမူနာယူပြီး ပြည်သူလူထုကို ကိုယ်တိုင် တိုက်ရိုက် ပြောဆိုခဲ့ခြင်း မပြုဘဲ နောက်ကွယ်က ကြိုးကိုင်ခဲ့ရာမှာ နည်းပရိယာယ် ကြွယ်ဝလှပါတယ်။

ဗိုလ်မောင်အေးကတော့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးဘ၀နဲ့ နစ်မြုပ်နေပြီ DSA အပတ်စဉ် (၁) (ကြည်း - ၇၈၇၅) ဖြင့် ဆင်းလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟာ စစ်သူနာပြုအရာရှိက လာသူ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ဆွေမျိုးတော်သူ စစ်သူနာပြု အရာရှိအကြီးအကဲ အမျိုးသမီးကြီးကတဆင့် ချဉ်းကပ်စည်းရုံးကာ နေရာရအောင်တိုးဝင်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းက DSA ကို နေရာပေးဖို့ စီစဉ်ရန် လိုအပ်တယ်လို့ နှုတ်မိန့်ထွက်ခဲ့ရာက အလိုက်အထိုက် သင့်သွားပြီး တပ်မတော်ရဲ့ လူခင်ရင် မူပြင်တယ်ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ တပ်ရဲ့အစဉ်အလာ အတိုင်း မဟုတ်ဘဲ ဗိုလ်မောင်အေးဟာ တပ်မ (၇၇) တပ်မမှူး ရာထူးကို ရရှိခဲ့ပါတယ်။ န၀တ ဖွဲ့စည်း ချိန်မှာ သူဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်နေပြီ ဖြစ်ပါတယ်။

ဗိုလ်မောင်အေးဟာ သူ့ထက် ရာထူးစောစွာ တက်ပြီး တပတ်စဉ်တည်း ဆင်းခဲ့သူ စစ်ရေးထူးချွန်လို့ ရှေ့က ပြေးနေတဲ့ ဗိုလ်ချုပ်ဥာဏ်လင်းနဲ့ ဗိုလ်မှူးကြီးလှမော်တို့ထက် နောက်ပိုင်းမှာတော့ ဗိုလ်မောင် အေးက ဖြတ်တက်သွားခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ ရာထူးတက်ရေးအတွက် အရာရှိတွေရဲ့ ဇနီးမယားတွေ ဟာလည်း အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ န၀တလက်ထက်က တက်လာသူ တွေထဲမှာ သူတို့နှစ်ဦးသာ ရှိတော့လို့ မြန်မာ့နိင်ငံရေးပြုပြင်ပြောင်းလဲဖို့ တဖက်တလမ်းက ဘာတွေ လုပ်သင့်သလဲဆိုတာ တင်ပြလို ပါတယ်။

“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုတဲ့ စကားပုံဟာ အဟိတ်တိရစ္ဆာန်အသိဥာဏ်မရှိတဲ့ နွားသတ္တ၀ါတွေရဲ့ စရိုက်၊ သဘာဝ၊ သဘော တရားကို ဖြော်ပထားတာ ဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်မှာရှိတဲ့ အရာရှိ ကြီးငယ်တွေဟာ လူသားစင်စစ်တွေ ဖြစ်ကြပါလျက် အသိဥာဏ်၊ ပညာ၊ တွေးခေါ်မြော်မြင်မှုတွေလည်း ရှိကြပါလျက် နွားတွေလိုပဲ ရှေ့ဆောင်နွားလား ညွှန်ကြား ပြောဆိုရာကိုသာ လိုက်နေ ကြပါတယ်။

စစ်တပ်က တချို့အရာရှိတွေအနေနဲ့ မြန်မာပြည်သူလူထုဟာ ဒုက္ခဆင်းရဲ နွံထဲ ရောက်နေတာ၊ တိုင်းပြည်ဟာ အဖက်ဖက် က ပျက်စီး ယိုယွင်း နေတာကို သိပေမယ့် ဘယ်သူသေသေ၊ ငတေမာ ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ် ထားနေကြပါတယ်။ တချို့အရာရှိတွေကတော့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အမှန်တကယ် လိုအပ်နေပြီဆိုတာကို သိကြပါတယ်။

တပ်မတော်အတွင်း၊ အောက်ခြေမှာ ရဲဘော်တွေဟာ သောက်စရာ ရေခွက်တောင် မရှိဘဲ “ခွက် ပျောက်” နေလို့ စစ်ပြေးတွေ တနေ့တခြား များနေတာကို ကြည့်ပြီး စိတ်ပျက်နေကြပါတယ်။၂၀၀၆ ခုနှစ် စက်တင်ဘာလ (၂၇) ရက် (ကကကြည်း) ဒုတိယ စစ်ဆင်ရေး လေးလပတ် အစည်းအဝေးမှတ်တမ်းအရ တပ်မတခုစာ စစ်သည် အင်အား (၇,၀၀၀) ခန့်ဟာ ထွက်ပြေးနေကြကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ အမှန်တကယ် လိုအပ်နေတာကို သိတဲ့ တပ်မတော်သား တွေအနေနဲ့ ပြည်သူဘက် ရပ်တည်ဖို့ ဆိုရာမှာ အခြေအနေ မပေးလို့ဆိုတာ သိရှိနားလည်ပြီး အခြေ အနေပေးလာအောင် ဖန်တီးကြဖို့ အရေးကြီးပါတယ်။ တပ်မတော်အတွင်း ရဲဘော်အဆင့်ကစပြီး ထိုးဖောက်စည်းရုံးဖို့ လိုအပ်ပါတယ်။

တပ်မတော်မှာ လူပျိုအရာရှိတွေအနေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် ပညာတတ် ဘွဲ့ရတဲ့သူ မိန်းကလေး ကိုသာတရားဝင်ခွင့်ပြုမယ်၊ အရာရှိကတော်ဟာ ဘွဲ့ရ ရမယ်ဆိုတဲ့ “မူဝါဒ” ကြောင့် တပ်မတော် အရာရှိများ အတွင်းမှာ ကြီးမားစွာ ဂယက်ရိုက်သွားခဲ့ပါတယ်။ ဒီဂယက်ကြောင့် အိမ်ထောင် ပြုပြီးသား ဘွဲ့မရသေးတဲ့ အရာရှိတွေရဲ့ဇနီးတွေဟာလည်း သောကဗျာပါဒပွားများကာ မိမိရဲ့  ယောကျာင်္း ရာထူး မတက်တော့မှာကို စိုးရိမ်ပူပန်လျက် ရှိနေ ကြပါတယ်။

တပ်မတော်မှာတပ်ရင်းတွေအနေနဲ့  စစ်ဆင်ရေးတွေကို တနှစ်လုံး နီးပါး ခိုင်းစေခံနေရတာမို့ အနည်းဆုံး (၆) လမှတခါတလေ (၁၀) လအထိ ရှေ့တန်းကို ထွက်ရပြီး၊နောက်တန်းနားချိန် တစ်လသာ ရခဲ့တာမျိုး ရှိပါတယ်။ နားရတဲ့တစ်လအတွင်းမှာ လည်း အရာရှိတွေဟာ တပ်ကို ပြန်လည် စုဖွဲ့မှုပြုရ၊ လေ့ကျင့်မှု ပြုရတာတွေနဲ့ အချိန်ကုန် မြန်ပြီး တစ်လပြည့်တာနဲ့ စစ်ဆင်ရေးသံသရာ ပြန်လည် ထွက်သွားရပါတယ်။ ဒါကြောင့် ဘ၀ကြင်ဖော်ကို ရှာဖို့ အခွင့်အရေး စိတ်ကြိုက် မရခဲ့တာမျိုးလည်းရှိပါတယ်။

“နဖူးစာ ရွာလည်” ဆိုသလို ရှေ့တန်း စစ်ဆင်ရေးနယ်မြေမှာရှိတဲ့ ကျေးရွာ နယ်မြေ ကျောင်းဆရာမ၊ သူနာပြုဆရာမများနဲ့ ရွာခံ တိုင်းရင်းသူများကို နီးစပ်မှုအရလက်တွဲဖော် အိမ်ထောင်ပြု ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ မိန်းကလေးတွေဟာ ဘွဲ့ရပါတယ်ဆိုတာ မရှိသလောက် ရှားပါးပါတယ်။

အရာရှိတွေ အနေနဲ့သင်တန်း တက်ခွင့်ရမှသာ မြို့တက်ရပြီး ကိုယ်နဲ့ လက်တွဲဖို့ ပညာရေး အဆင့်အတန်း မြင့်မားတဲ့ ဆရာဝန် မိန်းကလေးလိုမျိုး၊ ဘွဲ့ရ ပညာတတ်နဲ့ တက္ကသိုလ်နည်းပြ ဆရာမတွေကို အစွမ်းကုန် ပိုးပန်းကြိုးစား ရှာဖွေကြရတာ ဖြစ်ပါတယ်။မိဘများကရှာဖွေပေးခဲ့ရင် ပညာတတ် ဖြစ်နိုင်ပေမဲ့ တချို့ အရာရှိတွေ အနေနဲ့ ကိုယ်ကြိုက်တာကို ယူရာမှာ ပညာရေးကို အဓိက မထားခဲ့တာမျိုးလည်း ရှိပါတယ်။

ဒါတွေကို သိရှိနားလည် လျက်သားနဲ့ ဗိုလ်သန်းရွှေက တပ်မတော် အရာရှိတွေရဲ့  ဇနီးဟာ ဘွဲ့ရမှ ဖြစ်မယ်၊ ဇနီးသည် ဘွဲ့ မရရင် ရာထူးမတိုးပေးဖို့ “မူ” ကိုဇွတ်အတင်း ချမှတ်လာပါတယ်။ “မူ” ချမှတ်ပြီဆိုရင်လည်း မူ” အရ စံပြ လိုက်နာရမဲ့ ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ပါက ဗိုလ်သန်းရွှေအနေနဲ့ ချက်ချင်းနှုတ်ထွက်ရမှာ ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေရဲ့ ဇနီး မကြိုင်ကြိုင်ဟာ ဘွဲ့မရတဲ့သူ ပညာမတတ်တဲ့ သူဖြစ်နေပါတယ်။ မကြိုင်ကြိုင်ဟာ ရန်ကင်းမြို့နယ် ကရုပ်ရှင်သရုပ်ဆောင် ကြာကူလီ ၀င်းမြင့်၊ သခင် လေးမောင်တို့ နေတဲ့ တိုက်ခန်းအနီးမှာ နေထိုင်ပြီး တင့်ဆန်း ဇာဘော်လီရုံမှာ သွားရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မကြိုင်ကြိုင်ဟာ ကလေး (၂) ဦး မိခင်ဖြစ်ပြီး ယခင် ယောင်္ကျားဟာ အရက်သေစာ သောက်စား အမြဲမူးယစ် နေသူဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ဟာ အထက်က ပြောခဲ့သလို ဗဟိုနိုင်ငံရေးတက္ကသိုလ် (မင်္ဂလာဒုံ) မှာ သဘောတရားရေးရာ သင်တန်းတက်နေတုံး ကြင်ဖော်ရှာသလိုလိုနဲ့ မကြိုင်ကြိုင်ထံ ရောက်ရင်း အပျော်ကြံဖို့ပါ စိတ်ကူးခဲ့ ဟန်တူပါတယ်။

မကြိုင်ကြိုင်ကတော့ စက်ချုပ် ကျွမ်းကျင်လှသူ ပီပီ ခြေစင်္ကြာ ဖြန့်လာတဲ့ ဗိုလ်သန်းရွှေရဲ့ ခြေထောက်ကို အပိုင်ဖမ်းကာ ချုပ်လိုက်တာမို့ သူမရဲ့ အရင်ယောင်္ကျားကို လျော်ကြေးပေးကာ ကွာရှင်း ရယူခဲ့သူ ဖြစ်ပါတယ်။ မကြိုင်ကြိုင်ဟာ ဘွဲ့ရဖို့ ဝေးစွ၊ အခြေခံ လူတန်းစား ဖြစ်တာမို့ လက်ရှိ အရာရှိတွေ ပြည်သူတွေကို ကိုယ်ချင်းစာ တရား ထားသင့်လှပါတယ်။ ဒီ မူဝါဒ နဲ့ တိုင်းတာရင်တော့ မြန်မာ အမျိုးသမီး တွေကို ရက်စက်လွန်းရာ ကျကြောင်း ဆက်လက်တင်ပြသွားပါမယ်။

ဒီ “မူ” ထွက်လာခဲ့ပြီး တဲ့နောက်ပိုင်းမှာ အရာရှိတွေဟာ ခြေစင်္ကြာထင်သလို ဖြန့်၊ “အိုင်” တွေ့တိုင်း ခြေဆေးခွင့်တွေကို ပိုမို ရရှိသလို ဖြစ်သွားကြပါတယ်။ သမီးပျိုတွေကို သမီးရည်းစား ထား အပျော် ကြံကာ ၊ အချိန်တန် လို့ဖြစ်ဖြစ်၊ မဖုံးနိုင် မဖိနိုင်လို့ဘဲ ဖြစ်ဖြစ် သမီးပျို မိဘများက တောင်းဆိုလာခဲ့ရင် အရာရှိ ပေါက်စများဟာ “ကျွန်တော်တို့ တပ်ရဲ့  လူကြီးတွေက မိန်းမယူရင် ဘွဲ့ရမှ တရားဝင် ပေးစားမယ်” ဆိုတဲ့ ဆင်ခြေဆင်လက်နဲ့ ရုန်းထွက်ခွင့်ရ ကြတော့တာမို့ သမီးပျိုများခမျာ မျက်ရည်နဲ့ မျက်ခွက် ကြုံတွေ့ကြ ရပါတယ်။

တနည်းအားဖြင့် အရာရှိရဲ့  ဇနီး ဘွဲ့ရမှဆိုတဲ့ “မူ” ဟာ နအဖ ရဲ့  မိန်းကလေးများကို တရားဝင် ဖျက်ဆီးခွင့်လိုင်စင် ထုတ်ပေးလိုက် သလိုမျိုး ဖြစ်နေပါတယ်။ တပ်ရဲ့  ထုံးစံ ဥပဒေသအရ တပ်ကို လက်ထပ်ခွင့် ပုံစံဖြင့် တင်ဖို့ လိုအပ်သလို အနည်းဆုံး တပ်မှူး ဖြစ်သူထံ နှုတ်ဖြင့် ခွင့်တောင်းရမှာ ဖြစ်ပြီး နယ်ဘက်ရှိ တရားရုံး လက်ထပ်စာချုပ်ဖြင့် တရားမ၀င်တာကို နယ်ဘက်တချို့ လူထုက နားမလည် သေးတာကို တွေ့ရပါ တယ်။

ယခင်တုန်းကလည်း စစ်တပ်ရဲ့  အရာရှိတွေဟာ နယ်ဘက်က သမီးပျိုများကို နယ်ဘက် တရားရုံးတွေ မှာ “နှပ်ကြောင်း” ပေးကာဟန်ပြယူပြီး ရှေ့တန်းစစ်ဆင်ရေး အကြောင်းပြချက်နဲ့ မိန်းကလေးကို “ခွာ” ပြေးပါ တော့တယ်။ မိန်းကလေးရှင်များက အရာရှိကို အဆက်အသွယ်မရလို့ တပ်ကို လိုက်လံစုံစမ်းတော့မှ တရားဝင်မိန်းမ ရှိမှန်းသိရလို့ ရင်ကျိုး ရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။

တချို့ တပ်ရေးဗိုလ်ကြီးနဲ့ ရုံးအုပ်တို့ ညံ့ဖျင်းမှုတွေကြောင့် လည်း လက်ထပ်ခွင့် တင်တဲ့အပိုင်းနဲ့ မှတ်တမ်းရုံးက အမိန့် အပိုင်း(၂) ထွက်ဖို့ ကြာနေတာမို့ ခံစားခွင့်ရသင့်လျက်သားနဲ့ တိုက်ပွဲမှာ ကျဆုံး သွားတာမျိုးကြောင့် တရားမ၀င်သေးတဲ့ မိန်းကလေးတွေခမျာ ဆုံးရှုံးနစ်နာ သွားရတာ လည်း ဒုနဲ့ ဒေး ရှိနေကြပါတယ်။

အချုပ်အားဖြင့် စစ်အာဏာရှင်တွေရဲ့  သဘောသရုပ်က အပေါ်တမျိုး ၊အောက် တမျိုး နအဖရဲ့ အချိုး ဆိုတာနဲ့ အညီ မမျှမတဖြစ်နေပြီး ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်သိန်းစိန်ရဲ့  ဇနီး ဟာလည်း ဘွဲ့မရတာမို့ ဒီ “မူ” ထွက်လာ တာနဲ့ မှတ်တမ်းရုံးမှာ သူမ ဘွဲ့မရသေးတာကို ဘွဲ့ရတယ် လို့ ဖိအားပေး အကြပ်ကိုင် အတင်းဇွတ်ပြင် ခိုင်းခဲ့ပါတယ်။

ဒါကြောင့် နအဖရဲ့  အရာရှိ ကတော် ဘွဲ့ရရေး ဆိုတဲ့မူဝါဒဟာ တပ်မတော် အဆင့်အတန်း မြင့်မားရေးလို့ ဟန်ပြကြွေးကြော် နေပေမဲ့ တကယ်တမ်း ကျတော့ မြန်မာပြည်မှာရှိတဲ့ သမီးပျိုတွေကို တရားဝင် ဖျက်ဆီး ခွင့်ပြုခိုင်းတဲ့ အမိန့် သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဗိုလ်ထက်မင်း၏ ဆောင်းပါးပေါင်းချုပ်မှ
ဝိမုတ္တိ (Vimutti) Blog
3 August 2009

Vimutti Blog မှကူးယူဖော်ပြပါသည်။#BurmaDemocracy

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ဗိုလ်ကတော်များ ဘွဲ့ရရေးမူ”

Post a Comment

Related Posts Plugin for WordPress, Blogger...