Saturday, October 14, 2017

မွတ်စလင်ဒုက္ခသည်ပြဿနာ ဒေါ်အောင်ဆန်းစုကြည် တုန်လှုပ်အံ့သြ

,
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေရဲ့ အခြေအနေကို ကြားသိရတဲ့အတွက် တုန်လှုပ်အံ့သြသွားခဲ့ကြောင်းနဲ့ ဒီကိစ္စကို တတ်နိုင်သမျှပြေလည်အောင် ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း သူမရဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောကြားတယ်လို့ သောကြာနေ့ မနေ့က ရရှိတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဒ့ါအပြင် ဒီပြဿနာကို ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထားကြောင်းနဲ့ တပြိုင်နက်မှာပဲ အခြေအနေတွေကို ပိုမိုဆိုးဝါးမသွားအောင် သတိကြီးကြီးနဲ့ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ကြောင်းလည်း  အဲဒီ အမည်မဖေါ်လိုတဲ့ အကြံပေးအရာရှိက ပြောဆိုတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးက တစ်စုံတရာ ထုတ်ဖေါ်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင် ဒုက္ခသည်တွေကို အစိုးရတပ်ဖွဲ့တွေက သတ်ဖြတ် မုဒိမ်းကျင့် မောင်းထုတ်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ စွပ်စွဲချက်တွေကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စဟာ အင်မတန်ကြီးမားတဲ့ ပြဿနာတရပ်ဖြစ်နေကြောင်း ကုလသမဂ္ဂဌာနချုပ်က သောကြာနေ့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂက ရရှိတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ၄၇ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ကို ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ မွတ်စလင်ဦးရေ ၅ သိန်း ၃ သောင်းကျော်ရှိပါတယ်။  အဲဒီ ဒုက္ခသည်တွေဟာ အစာအဟာရချို့တဲ့နေပြီး လက်ရှိသူတို့ရောက်ရှိနေတဲ့နေရာတွေမှာ သောက်သုံးရေနဲ့ အညစ်အကြေးစွန့်ပစ်ရေး ပြဿနာတွေကို ရင်ဆိုင်နေရတယ်လို့လည်း ကုလ အရာရှိတစ်ဦးကပြောပါတယ်။

https://m.facebook.com/story.php?story_fbid=10156774981273128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မွတ်စလင်ဒုက္ခသည်ပြဿနာ ဒေါ်အောင်ဆန်းစုကြည် တုန်လှုပ်အံ့သြ”

Post a Comment

Related Posts Plugin for WordPress, Blogger...