Tuesday, October 3, 2017

တပ်မတော်သားများကို အရပ်ဘက် ပြောင်းရွေ့ခန့်ထားခြင်းသည် ဥပဒေနှင့် လုံးဝ မညီ

,
တပ်မတော်သားများကို အရပ်ဘက်ကို ပြောင်းရွေ့ခန့်ထားတာကို နိုင်ငံ့ဝန်ထမ်း  ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က စက်တင်ဘာ ၂၁ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့နှင့် စာနယ်ဇင်း ကောင်စီ (ယာယီ)၊ မီဒီယာများတွေ့ဆုံပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ဥပဒေချုပ်ဒုတိယဗိုလ် ချုပ်ကြီးရဲအောင်က ယင်းသို့ ပြောင်းရွှေ့ခန့်ထားခြင်းဟာ လို အပ်ချက်အရတောင်းဆိုမှုများကို နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၈(က)၊(ခ)၊နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပုဒ်မ ၂၃(က)၊(ခ)နှင့်ပုဒ်မ ၂၄(င)အရ  ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းခဲ့ပါတယ်။

အခုလို သူတို့ ဥပဒေအတိုင်း ဆောင်ရွက်ပါတယ်ဆိုတာဟာ အမှန်ပဲလား၊ ပြည်သူကို နားရှုပ်ထွေးအောင် လိုရာ ဆွဲပြောတာလားဆိုတာ သုံးသပ်ကြည့်ဖို့ လိုလာပါပြီ။

သူတို့ code လုပ်တဲ့ ဥပဒေက နှစ်ခုပါ။ နိုင်ငံဝန်ထမ်း ဥပဒေနဲ့ နိုင်ငံဝန်ထမ်း နည်းဥပဒေပါ။ နိုင်ငံဝန်ထမ်း ဥပဒေမှာ သူညွှန်းထားတဲ့ ပုဒ်မကို ပြန်ကြည့်တော့ -

၈။ (က) ၀န်ကြီးဌာနနှင့် ၀န်ထမ်းအဖွဲ့အစည်း တစ်ခုခုမှ ပြန်တမ်းဝင် အရာရှိတစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ၀န်ထမ်းအဖွဲ့အစည်း တစ်ခုသို့ ပြောင်းရွေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံလျှင် သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန် အဖွဲ့နှင့် ညှိရမည်။

(ခ) ရာထူးဝန်အဖွဲ့သည် ပုဒ်မခွဲ (က)အရ ညှိနှိုင်းလာသည့်အပေါ် စိစစိပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်လို့ပါရှိပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် ဥပဒေနဲ့ ညီညွတ်နေသလိုပါပဲ။ ဒါပေမယ့် နိုင်င့ဝန်ထမ်း ဥပဒေက ညွှန်းဆိုတဲ့ ၀န်ထမ်းဆိုတာက သူတို့ အခုပြောတဲ့ နိုင်ငံဝန်ထမ်းဥပဒေမှာပဲ အဓိပ္ပါယ်ပြန်ဖွင့်ထားပါတယ်။ နိုင်ငံဝန်ထမ်းဥပဒေ အပိုဒ်ရေ ၂။ (င) မှာ …

‘၀န်ထမ်းဆိုသည်မှာ ၀န်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင်။’
လို့ အတိအလင်း ဆိုထားပါတယ်။ ဒါကြောင့် နိုင်ငံဝန်ထမ်း ဥပဒေကို code လုပ်ပြီး ပြောမယ်ဆိုရင် တပ်မတော်သားတွေကို နိုင်ငံဝန်ထမ်း ဥပဒေ အရ ၀န်ထမ်းအဖွဲ့အစည်း အချင်းချင်း ပြောင်းရွေ့သကဲ့သို့ ကောက်ယူလို့ မရပါဘူး။ ဒါကြောင့် နိုင်ငံဝန်ထမ်း ဥပဒေကို code လုပ်ရင် တပ်မတော်သားတွေနဲ့ အကျုံးမ၀င်ဘူးဆိုတာ သိရပါ့မယ်။

ဒါကြောင့် တပ်မတော်သားတွေကို နိုင်ငံဝန်ထမ်းတွေရဲ့ ၀န်ထမ်းအနေနဲ့ မသတ်မှတ်ပဲ ပြင်ပပုဂ္ဂိုလ်အနေနဲ့ပဲ အနည်းဆုံး သတ်မှတ်ရပါမယ်။ ဒါ ဥပဒေအရ ပြောတာပါ။

နောက်တခါ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ပုဒ်မ ၂၃(က)၊(ခ)နှင့်ပုဒ်မ ၂၄(င)အရ ပြောင်းတယ်ပြောပါတယ်။ (ရှည်နေလို့ ရိုက်မတင်တော့ပါဘူး။ ပူးတွဲဖေါ်ပြပါ့မယ်။) ဒါပေမယ့် သေသေချာချာ ပြန်ကြည့်ရင် ခုနကပြောတဲ့ ၀န်ထမ်းအချင်းချင်း ပြောင်းရွေ့သော ပရောဆက် process ကိုသာ code လုပ်ထားတာပါ။ သူ့ထက် လက်ရင်းကျတဲ့ နည်းဥပဒေတွေ ရှိပါသေးတယ်။

နိုင်ငံဝန်ထမ်း နည်းဥပဒေရဲ့ ပုဒ်မ ၁၉(ခ) ၂၀ (င/၁၀) ၂၂(ခ) တွေကို ဖတ်ကြည့်ရင် စတင်ခန့်ထားသော ရာထူးများအတွက်သာ ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ်ပြီး (အရည်အချင်းစစ် စာမေးပွဲ ကျင်းပပြီး) ခန့်ထားရမှာပါ။ ကျန်အဆင့်များကို ရာထူးတိုး အစီအစဉ်နဲ့ပဲ ခန့်ထားရပါမယ်။

ဆိုလိုတာက သူ့ထက် တစ်ဆင့်နိမ့်ရာထူးက ၀န်ထမ်းတွေကို လုပ်သက် အရည်အချင်း ပြည့်မီရင် ရာထူးတိုးပေးတဲ့ စာမေးပွဲ ကျင်းပပြီး ရွေးချယ်ရမှာပါ။ တကယ်လို့ သတ်မှတ်အရည်အချင်း ပြည့်မီသူ တစ်ဆင့်နိမ့်ရာထူးမှာ ရှိမနေရင်တော့ ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ် ခန့်ထားလို့ရပါတယ်။ ဒါပေမယ့် အခု တပ်မတော်သားအရာရှိတွေကို ကျန်းမာရေး ၀န်ကြီးဌာနမှာ ခန့်ထားတဲ့ နေရာတွေကို ကြည့်ရင် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံသူရှိပါလျက် ခေါ်ချင်လို့ကို ခေါ်လိုက်တာပါ။ ဒါဟာ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေကို ဖောက်ဖျက်တာပါ။

အရပ်ဘက် အဖွဲ့အစည်းမှာ တိကျတဲ့ မူဝါဒတွေ ရှိပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေမှာလည်း ရှင်းနေအောင် ရေးထားပြီးသားပါ။ ကိုယ်ကိုယ်တိုင် ရာထူးတိုးရမယ့် နေရာ၊ လုပ်သက်ကို ရောက်နေချိန်မှာ ဘယ်က ရောက်လာမှန်း မသိတဲ့ မိုးကျရွှေကို စစ်သားတွေက ၀င်ရောက်နေရာယူသွားတာဟာ အရပ်ဖက်ဝန်ထမ်းတွေကို ဆုံးရှုံးနစ်နာအောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကို ပြည်သူလူထု (အထူးသဖြင့်) ၀န်ထမ်းပြည်သူလူထုက စိတ်နာမုန်းတီးအောင် ဆောင်ရွက်လိုက်တာပဲ ဖြစ်ပါတယ်။

ဒါတင်မကပါဘူး။ သဘောသဘာဝမတူတဲ့ training နှစ်မျိုး အောက်က လူတွေဟာ တွေးခေါ် ကြံဆပုံချင်းလည်း တူမှာမဟုတ်ပါဘူး။ အမိန့်ကို နာခံတပ်အောင် သင်ကြားပေးထားတဲ့ စစ်ဘက် အဖွဲ့အစည်းနဲ့ တာဝန်ယူမှုကို သင်ကြားထားတဲ့ အရပ်ဘက် အဖွဲ့အစည်းဟာ ဆန့်ကျင်ဘက်ပါ။ ဒါကြောင့် မိုးကျရွှေကိုယ်တွေ ၀င်ရောက်လာတာကို ၀န်ထမ်းအသီးသီးက ဖဲကြီုးရောင်စုံနဲ့ ကန့်ကွက်နေခဲ့ပါပြီ။

ဒီလို ကန့်ကွက်တဲ့နေရာမှာ လူကို မုန်းလို့မဟုတ်ပဲ မသင့်တော်တဲ့ မူဝါဒကို ကန့်ကွက်တာပါ။ အဲလို ကန့်ကွက်တာကို လိမ်လည်လှည့်ဖျားပြီး ဥပဒေနဲ့ ညီပါတယ်လို့ ပြောလို့မရပါဘူး။ ဥပဒေနဲ့ လုံးဝ (လုံးဝ) မညီပါ။ အမှန်တကယ် လိုအပ်မှ ထပ်မံစေလွှတ်မယ်လည်း မပြောပါနဲ့။ (လုံးဝ) မလိုအပ်ပါ။

ထပ်လည်း မလွှတ်ပါနဲ့။ လာပြီးရင်လည်း ပြန်ပါ။ မြန်မြန်သာ ပြန်ပါခင်ဗျား။

မူရင်းခရက်ဒစ်#ကဝေရှင်
cp cd-ထွန်းဝင်း/ စောဘော
Taw Min Khant

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မတော်သားများကို အရပ်ဘက် ပြောင်းရွေ့ခန့်ထားခြင်းသည် ဥပဒေနှင့် လုံးဝ မညီ”

Post a Comment

Related Posts Plugin for WordPress, Blogger...