Thursday, November 16, 2017

ပလက်ဝ တိုက်ပွဲများနဲ့ ရခိုင်နိုင်ငံရေး အရေးပေါ် အခြေအနေ(သီဟသွေး)

,
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က စပြီး ARSA လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်မြောက်ပိုင်းမှာ မတည်ငြိမ်မှုတွေဖြစ်ပေါ်ခဲ့ရသလို အဲ့ဒီဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာပါ ထိခိုက်ပွန်းရှမှုတွေရှိလာတဲ့ အထိဖြစ်ခဲ့ရပါတယ် ။ မြန်မာနိုင်ငံရဲ့ အနောက်တံခါးလို့ တင်စားခေါ်ဆိုလေ့ရှိပြီး ဘင်္ဂလားဒေ့ရှ် နယ်နမိတ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် ဒေသရဲ့ နိုင်ငံရေး စစ်ရေး စီးပွားရေး လူမှုရေး အရေးပါမှုဟာ မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးပါမှုအရာရောက်မှုရှိပါတယ်။ ဘာဝဓါတ်ငွေ့သိုက်တွေတည်ရှိပြီး နိုင်ငံတကာ ရေကြောင်းဆက်သွယ်မှုအတွက် အသုံးပြုနိုင်တဲ့ ပင်လယ်ထွက်ပေါက်ကြီးတစ်ခုဖြစ်သော ပင်လယ်ရေပိုင်နက်ကိုပိုင်ဆိုင်ထားတာဖြစ်လို့ သဘာဝဓါတ်ငွေ့စွမ်းအင် အရင်းအမြစ်အပြင် အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ မဟာဗျူဟာမြောက် ကုန်သွယ်ရေး၊ စစ်ရေး စတဲ့ ပထဝီအားသာချက်တွေရှိပါတယ် ။ ဒါကြောင့် ရခိုင်ဒေသတွင်းမှာ ဖြစ်တည်နေတဲ့ အကျိုးစီးပွားတွေကို ပုံမှန်ရယူသုံးစွဲဖို့ဆိုတာ ဒေသတွင်းတည်ငြိမ်မှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိက လိုအပ်ချက်ပဲဖြစ်ပါတယ် ။ ဒါကြောင့် ၂၀၁၂ ခုနှစ်ကတည်းက ကျောက်နီမော်လူမျိုးရေး အဓိကရုဏ်းပြဿနာကနေ ရခိုင်ပြည်နယ်တစ်ခုလုံးနဲ့ မြန်မာနိုင်ငံ အခြားဒေသ အချို့အထိ ပျံ့နှံ့သွားခဲ့ရတဲ့ ဘာသာရေး လူမျိုးပြဿနာဟာ ရခိုင်ဒေသ အပါအဝင် မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက်ရည်မှန်းချက်တွေ အကျိုးစီးပွားတွေကို ခြိမ်းခြောက်လာပါတယ် ။ အခုတစ်ဖန် အရပ်သား အစိုးရသစ်လက်ထက်မှာ ထပ်မံဖြစ်ပွားတဲ့ မောင်တောဒေသ နယ်ခြားစောင့် ရဲစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ဆက်တွဲ ဘင်္ဂါလီများသိန်းချီပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့မှုမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်မှုရော ဖိအားပေးမှုကိုပါ ရင်ဆိုင်လာခဲ့ရပြီး အာဏာသက်တမ်း၂ မပြည့်သေးတဲ့ အချိန်မှာပဲ အရပ်သား အစိုးရသစ်ဟာ ပြည်ပ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူအညီ အထောက်အပံ့ ရနိုင်ခွင့်တွေကို ခြိမ်းခြောက်ခံရတဲ့ အနေအထားကိုရောက်ရှိသွားပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ ပြဿနာဖြစ်သလို အများ မမြင်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကပ်လိုက်လာပြီဖြစ်ပါတယ်။ အဲဒါကတော့ ရခိုင်မြောက်ပိုင်းက ရခိုင် ဘင်္ဂါလီ ပြဿနာဟာ မြန်မာ့ အာဏာနိုင်ငံရေးမှာပါ အရေးပါပြီး အာဏာချိန်ခွင်လျှာကို ကစားနိုင်တဲ့ ၊ တနည်းပြောရရင် မြန်မာ့ အာဏာ နိုင်ငံရေး အားပြိုင်မှုတွေမှာ အသုံးတည့်တဲ့ နိုင်ငံရေး သတ်ကွင်း သတ်ကွက် တစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် ရခိုင်ဒေသတွင်း အရေးကိစ္စတွေဟာ မြန်မာနိုင်ငံရဲ့ အိမ်တွင်း စီးပွားရေး ၊ အိမ်နီးချင်း ဆက်ဆံရေး သဘောတရားကနေ နိုင်ငံတကာ ဆက်ဆံရေး ၊ မြန်မာ့အာဏာနိုင်ငံရေးအထိ အကျိုးအာနိသင်ပြင်းရှိတဲ့ အရေးကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် အစိုးရဟာ ဒီ ရခိုင် ဘင်္ဂါလီအရေးကိစ္စတစ်ခုတည်းနဲ့ အတော်လေး အချိန်ပေးပြီး ရုန်းကန်နေရပါတယ်။ တကယ်တော့ ဒါဟာ အစိုးရသစ် အနေနဲ့ အထူး အလေးအနက် မျှော်မှန်းထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၊ အကူအညီအထောက်အပံ့တွေ နဲ့ အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေလို့ပါပဲ။ အကယ်၍ အစိုးရသစ်ရဲ့ ရခိုင် ဘင်္ဂါလီရေး ပြဿနာအပေါ် ကိုင်တွယ်ဖြေရှင်းမှုတွေဟာ နိုင်ငံတကာ နားလည်လက်ခံနိုင်မှုကို ရယူနိုင်တဲ့အထိ မစွမ်းသာခဲ့ရင် လက်ရှိ ဆောင်ရွက်နေတဲ့ မြန်မာ့စီးပွားရေး ပညာရေး လူမှုရေး ဆိုင်ရာ ပြန်လည်ထူထောင်မှုတွေမှာ အဓိက အထောက်အပံ့ဖြစ်စေနိုင်တဲ့ နိုင်ငံတကာရဲ့အင်အားတွေကို ဆုံးရှုံးသွားရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားရင် အဓိက တရုတ်နိုင်ငံအပါအဝင် မိတ်ဆွေ နိုင်ငံအချို့ နဲ့ သာ အကန့်အသတ်ရှိသော ဆက်ဆံ ကူးလူးမှုအပေါ်အားထားလာရမှာဖြစ်ပြီး တိုင်းပြည် ပြန်လည်ထူထောင်ရေးဟာ မျှော်လင့်ထားတာထက်ပိုပြီး ခက်ခဲ ကြန့်ကြာသွားနိုင်ပါတယ် ။ ဒါကြောင့် ရခိုင်အရေးဟာ ထင်တာထက်ပိုပြီး နက်လာနေပြီလို့ဆိုရမှာဖြစ်ပါတယ် ။ တစ်ဘက်မှာ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီ ၅ သိန်းကိုအကြောင်းပြုပြီး အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် နိုင်ငံတကာ အကြား ၊ တခါ အစိုးရ နဲ့ ရခိုင်ဒေသခံများအပါအဝင် နိုင်ငံရေး အမျိုးသားရေး အင်အားစုများအကြားမှာ အားပြိုင်မှုတွေ ဖိအားပေးမှုတွေ ဖြစ်ပေါ်နေပြီး အခြေအနေက အကောင်းဘက်ကိုရောက်မလာသေးခင်မှာ တစ်ဘက်မှာ ရခိုင်ပြည်နယ်တွင်း ပလက်ဝဒေသကို အခြေပြုထားတဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းနဲ့ တပ်မတော်အကြားတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပေါ်လာခဲ့ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ အကြားမှာ အခုလိုတိုက်ပွဲတွေ ဖြစ်ပေါ်လေ့ရှိသော်လည်း အခုလို AA ရခိုင်လက်နက်ကိုင်အဖွဲ့ နဲ့ တိုက်ပွဲဖြစ်ပွားရခြင်းကတော့ အခြေအနေ၊ အချိန်အခါ နေရာဒေသ သဘောအရအလွန် နိုင်ငံရေး ဘေးထွက် ဆိုးကျိုး ကြီးမားလှတာဖြစ်လို့ အရပ်သား အစိုးရအနေနဲ့ သက်တမ်းနုနုမှာ အထန်ဆုံး မုန်တိုင်းနဲ့ ရင်ဆိုင်နေရပြီလို့ပြောရပါတော့မယ်။ ဒီတစ်ခေါက် AA ရခိုင်လက်နက်ကိုင် အဖွဲ့ နဲ့ တပ်မတော်အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တာရှည်သွားခဲ့ရင် ရခိုင် ပြည်နယ်အရေးဟာ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကို သေချာပေါက်ရောက်ရှိသွားပါလိမ့်မယ် ။

အားလုံးသိကြတဲ့အတိုင်း AA ရခိုင်အဖွဲ့ဟာ ကချင်ပြည်နယ် ထဲမှာရှိတဲ့ KIA ထိမ်းချုပ်နယ်မြေထဲမှာ စတင်အခြေပြုဖွဲ့စည်းထားတာဖြစ် ပြီး သက်တမ်းအားဖြင့် နုနယ်သေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ် ။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ တပ်မတော်ဘက်က AA ရခိုင်အဖွဲ့ကို ဆွေးနွေးဘက်အဖြစ် လက်မခံဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ခွင့်ကို အစဉ်တစ်စိုက် ငြင်းဆိုခဲ့ပါတယ်။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနီးပါးဟာလည်း သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးတွေမူလ အခြေပြုနေထိုင်ရာမှာပဲ ဖွဲ့စည်းလှုပ်ရှားကြတာဖြစ်ပါတယ် ။ ဒါကြောင့် ဒေသတွင်းမှာရှိတဲ့ သက်ဆိုင်ရာမျိုးနွယ်စုတွေရဲ့ ထောက်ခံမှုတွေ နိုင်ငံရေးအား၊ စစ်ရေး အားတွေ နဲ့ ချိတ်ဆက်ပြီး လည်ပတ်လှုပ်ရှားနိုင်တဲ့အတွက် စစ်တိုက်တဲ့အခါပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အခါပဲဖြစ်ဖြစ် နိုင်ငံရေး အနှစ်သာရရှိရှိ ဆောင်ရွက်နိုင်တဲ့အနေအထားရှိပါတယ်။ သို့သော် ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးလှုပ်ရှားမှုတွေ နဲ့ ကချင်ပြည်နယ်ထဲက AA အဖွဲ့ရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာ မူလအစက တသီးတခြားစီလို ရှိနေခဲ့ပါတယ် ။ သို့သော် ၂၀၁၄ ခုနှစ် ကစလို့ AA အဖွဲ့ အနေ့ ရခိုင်ပြည်နယ် အတွင်းထိုးဖေါက်ဝင်ရောက်လို့ ပလက်ဝဒေသကိုအခြေပြုပြီး ခြေကုတ်ယူနိုင်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာ စတင်ပြီး ပလက်ဝ ဒေသဟာ အခြား လက်နက်ကိုင် သူပုန်ရှိတဲ့ တိုင်းရင်းသားဒေသတွေလို ဒေသခံများကို အခြေပြုတဲ့ စစ်ရေး နိုင်ငံရေး တည်ဆောက်မှုပုံစံတွေဖြစ်လာခဲ့ပါတယ်။ AA နဲ့ဆက်သွယ်မှုကို အကြောင်းပြုပြီး ဒေသတွင်းလူငယ်အချို့ကို ဖမ်းဆီးစစ်ဆေး အရေးယူခဲ့ရတာရှိသလို AA ရခိုင်အဖွဲ့ကို ဂုဏ်ပြုပြီး ကျင်းပတဲ့ အားကစားပွဲတောင်ရှိလာခဲ့လို့ တာဝန်ခံကျင်းပတဲ့ ဘုန်းကြီးနဲ့ ဒကာတွေ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ ဒါဟာ တကယ့် ဒေသတွင်း ပုန်ကန်မှု ပြဿနာရဲ့ အစပဲဖြစ်ပါတယ်။ AA ဟာ ရခိုင်သူပုန်အဖွဲ့ဖြစ်ပေမယ့် ရခိုင်မှာ ရှိမနေမချင်း ရခိုင်ဒေသဟာ ဒေသအခြေပြု ပုန်ကန်မှု အန္တရာယ် မရှိနိုင်သေးဘူးဖြစ်ပါတယ်။ သို့သော် AA လက်နက်ကိုင်အဖွဲ့အနေနဲ့ ရခိုင်ဒေသတွင်း စပြီးအခြေချလှုပ်ရှားလာတာနဲ့ အမျှ ရခိုင်ဒေသတွင်းက သက်ဆိုင်ရာဒေသခံတွေက ထောက်ခံမယ် ၊ အားပေးမယ်၊ နည်းအမျိုးမျိုး အထောက်အကူပြုမယ်ဆိုရင် စစ်ရေးအင်အား အနေနဲ့ နည်းပါးစေကာမူ အလွန်ထိန်းချုပ်ဖို့ခက်ခဲတဲ့ လက်နက်ကိုင် ပုန်ကန်မှု ပေါ်ပေါက်လာတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော် က AA အဖွဲ့ ပလက်ဝ ဒေသတွင်းကို စတင် ဝင်ရောက်စဉ်ကတည်းက တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။ တပ်မတော်အနေနဲ့လည်း စစ်ရေးသဘောတရားအရကြည့်မယ်ဆိုရင် AA က ရခိုင်ဒေသမှာ အမြစ်တွယ်သွားခဲ့ရင် နိုင်ငံရဲ့ အရှေ့ဘက်အခြမ်းမှာ ရှိနေတဲ့ စစ်ဘောင်ဟာ ရုတ်တရက် အနောက်ဘက်ဆီအထိ ပိုကျယ်သွားပြီး တပ်မတော်အနေနဲ့ ပတ်ဝိုင်းခံထားရတဲ့အနေအထားကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ သို့သော်လည်း တပ်မတော်အနေနဲ့က ရခိုင်အရေးမှာ နိုင်ငံရေးအရ အမျိုးသားရေး အလေးထားချဉ်းကပ်မှုပုံစံကို ဆွဲကိုင်ထားတာကြောင့် ရခိုင်ဒေသခံတွေ အပါအဝင် ရခိုင်နိုင်ငံရေးပါတီ အင်အားစုတွေနဲ့ ဆက်ဆံရေး ၊ ယုံကြည်မှုရရှိရေးကို ငဲ့ကွက်ပြီး ရခိုင်ဒေသတွင်း AA အမြစ်ပြတ်ရေးကို ပြင်းပြင်းထန်ထန် မလုပ်ခဲ့တဲ့ သဘောတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်အပြီး တပ်မတော် စစ်ဆင်ရေး ဆောင်ရွက်နေတဲ့ကာလမှာ ပလက်ဝဒေသတွင်း တပ်မတော် စစ်ကြောင်းတစ်ခုကို AA က ခြုံခိုတိုက်ခိုက်ခဲ့လို့ အရာရှိ တစ်ဦးအပါအဝင် တပ်သားတွေကျဆုံးခဲ့ရပါတယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတပ်မတော်က ကန့်ကွက်ရှုတ်ချတဲ့ စာတစ်စောင်ထုတ်ပြန်ခဲ့တဲ့ အခါမှာ တပ်မတော်က အမျိုးသားရေးကိုထောက်ထားခဲ့ကြောင်း ထင်ရှားတဲ့အရေးသားတွေပါဝင်ခဲ့ပါတယ် ။ သို့သော် ထိုစဉ်ကတည်းက AA ရဲ့ တိုက်ခိုက်မှုတွေ နဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ထိရောက်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်မယ့် သတိပေးချက်ကိုလည်းဖေါ်ပြခဲ့ပါတယ် ။
အခုအချိန်မှာတော့ ကြားသိရတဲ့ သတင်းများအရ ပလက်ဝဒေသမှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေအကြား အခု နိုဝင်ဘာလ ဒုတိယအပတ်က စတင်လို့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက် အသေအပျောက် အကျအဆုံးအလွန်များတယ်လို့ဆိုပါတယ်။ ဒီလို ရခိုင်အရေးအားလုံးက တွေးတောနေချိန်လည်းဖြစ်၊ ရခိုင်ဒေသအတွင်း ရခိုင်လူမျိုးတွေအကြားမှာလည်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ကြီးမားတဲ့ နိုင်ငံရေး ဘေးထွက်ဆိုးကျိုးကိုဖြစ်ပေါ်စေပါတယ်။ အစိုးရသစ်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ပိုပြီးပြီးကြီးမားတဲ့ စိန်ခေါ်မှုကိုရင်ဆိုင်ရမယ့်အနေအထားကိုမြင်နေရပါတယ် ။ အကြောင်းကတော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအရေးနဲ့ အခုလို မတည်မငြိမ်ဖြစ်နေချိန် မလုံမခြုံဖြစ်နေချိန်မှာ ရခိုင့်တပ်မတော်လို့ အမည်ပေးထားပြီး ရခိုင် လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တည်ရှိနေမှုဟာ ရခိုင်လူမျိုးတွေအကြားမှာ ပိုပြီးထင်ရှားလာပါတယ် ။ ဒါဟာ ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ ရခိုင်ဒေသတွင်း နိုင်ငံရေး လုံခြူံရေး လိုအပ်ချက်တွေ နဲ့ ချိတ်ဆက်မိသွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ် ။ ဒီအခြေအနေက ဒေသတွင်းမှာ နေထိုင်နေတဲ့ ရခိုင်လူမျိုးတွေ အထူးသဖြင့် လူငယ်တွေအကြားမှာ ငါတို့ဒေသ ၊ ငါတို့ လူမျိုး ၊ ငါတို့ နိုင်ငံရေး ၊ ငါတို့ လက်နက်ကိုင်အဖွဲ့ဆိုတဲ့ သီးခြားဖွဲ့စည်းမှုပုံစံ အတွေးတွေ စိတ်ကူးပုံဖေါ်မှုတွေဖြစ်လာစေပါလိမ့်မယ် ။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ လုံခြုံရေး အခြေအနေတွေကလည်း ဒါကို တွန်းအားပေးနေတဲ့ အနေအထားမှာရှိပါတယ် ။ တစ်ဖက်က ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အရေးဆိုဖို့ ပြင်ဆင်နေတဲ့ ရခိုင်နိုင်ငံရေး အင်အားစုတွေအနေနဲ့ အခြား အရှေ့ခြမ်းက တိုင်းရင်းသား ဒေသတွေမှာလို မိမိပြည်နယ် မိမိကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အပြင် မိမိ ပြည်နယ် ဒေသ လုံခြုံရေးဆိုတာကို ပါ ထည့်သွင်းပုံဖေါ်စဉ်းစားလာနိုင်တော့မှာဖြစ်ပါတယ်။ ဒါဟာ AA အနေနဲ့ ရခိုင်ဒေသအတွင်းအခြေကျ အမြစ်ခိုင်လာတာနဲ့အမျှ အနာဂတ် ဖယ်ဒရယ်အုပ်ချုပ်ရေးဆိုင်ရာ လုံခြုံရေးအစီအမံ အတွက် လိုအပ်ချက်အဖြစ် ကိုယ်စားပြုခွင့်နေရာ အထိ တက်လှမ်းလာနိုင်မယ့် လမ်းလည်း ဖြစ်နေပါတယ် ။ အခုလို တိုက်ပွဲအရှိန်တွေမြင့်လာလေ ရခိုင် နိုင်ငံရေးအင်အားစုတွေ ရခိုင်တိုင်းရင်းသားဒေသခံတွေရဲ့ အတွေးထဲမှာ AA က ပိုပြီး နေရာယူလာပါလိမ့်မယ် ။ ဒီနေရာမှ လက်နက်အင်အား ကြီးခြင်း၊ သေးခြင်းက အဓိကမကျတော့ဘဲ ဒေသတွင်း မိမိတို့ သက်ဆိုင်ရာလူမျိုးရဲ့ထောက်ခံမှုဟာ အရေးပါလာပါလိမ့်မယ်။ ဒီလိုထောက်ခံမှုတွေကျယ်ပြန့်လာရင် AA ကို ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေး စားပွဲဝိုင်းဆီမလာဖို့ ငြင်းနိုင်တော့မှာလည်း မဟုတ်ပါဘူး ။ အခုချိန်မှာ ရခိုင်ပြည်နယ် အတွင်း အဘက်ဘက်က ဆိုးရွားလာတဲ့အခြေအနေတွေကြောင့် ဒေသတွင်းနေထိုင်တဲ့ ရခိုင်လူမျိုးတွေ အတွေးမှာ ငါတို့ဒေသ ငါတို့လူမျိုး ငါတို့ ပါတီ ငါတို့ စစ်တပ်ဆိုတဲ့ သီးသန့်ဖွဲ့စည်းမှုအမြင်တွေ အားပြုနေပါတယ် ။ ဒါဟာလက်ရှိ နိုင်ငံကိုဦးဆောင်နေတဲ့ အစိုးရအတွက်ရော လုံခြုံရေး နဲ့ ကာကွယ်ရေးမှာ အဓိက တာဝန်ရှိနေတဲ့ တပ်မတော် အတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ် ။ ဒီပြဿနာဟာ အကိုင်အတွယ် မှားရင် ဘင်္ဂါလီ ARSA ထက်ဆိုးသွားပါလိမ့်မယ် ။ ဒါကြောင့်ရေရှည်မျှော်မှန်းပြီး ညှိနှိုင်းဆောင်ရွက်သင့်တာကိုဆောင်ရွက်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်သင့်တဲ့အပိုင်းကို ကိုင်တွယ်ရပါလိမ့်မယ် ။ ပလက်ဝ မှာ အခြေပြုဖို့ ကြိုးစားနေတဲ့ AA အဖွဲ့တွေ ငြိမ်းချမ်းတဲ့နည်းနဲ့ ရုပ်သိမ်းသွားအောင်မလုပ်နိုင်ရင် ဒီပြဿနာဟာကိုင်တွယ်ရပိုပြီးခက်ခဲလာမယ်လို့မြင်ပါတယ်။ ဒီပြဿနာတွေဟာလည်း ရခိုင်အမျိုးသား နိုင်ငံရေး အင်အားစုတွေအတွက် ဖယ်ဒရယ်အိပ်မက် ကို ပိုပြီးကြီးမားလာစေပါတယ် ။ ဒါကြောင့် ရခိုင်ပြည်နယ် ပလက်ဝ ဒေသမှာ တပ်မတော် နဲ့ AA ရခိုင်လက်နက်ကိုင်များအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အချိန်မီ စစ်ရေး နဲ့ နိုင်ငံရေး ဟန်ချက်ညီ လှုပ်ရှားနိုင်မယ့် ထွက်ပေါက်တစ်ခုနဲ့ မကုစားနိုင်ရင် ရခိုင်အရေးပေါင်းစုံဟာ အလွန် ရှုပ်ထွေးလာမှာဖြစ်ပါတယ် ။ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဘင်္ဂါလီအရေးမှာ ကူအညီပေးဖို့ တပ်မတော်ကို ပြေးခေါ်ခဲ့ပါတယ် ။ တပ်မတော်ကလည်း လိုက်သွားပြီး ကူညီခဲ့ပါတယ်။ အခု ပလက်ဝ က AA လက်နက်ကိုင် ပုန်ကန်မှုအရေးမှာ ကြားဝင် ညှိနိုင်းဆောင်ရွက်ပေးဖို့ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ တပ်မတော်ကို တစ်လှည့် ပြန်ပြီး ကူညီရမယ့် အချိန်ရောက်ပြီလို့ပြောလိုပါတယ် ။

ကျွန်တော်တို့ နိင်ငံသားတွေကတော့ ဒီမိုကရေစီ စနစ်ကိုလိုလားပါတယ် ။ ဒီမိုကရေစီ စနစ် အရ လက်နက်ကိုင်ဖြေရှင်းနည်းကို ဆန့်ကျင်ပါတယ် ။ ဒါကြောင့် ဒီမိုကရေစီ နဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်ဖို့ ချဉ်းကပ်ကြိုးစားကြတဲ့နေရာမှာ တိုင်းရင်းသားတစ်မျိုး၊ ပိုင်နက်တစ်ခု၊ လက်နက်ကိုင်တစ်ဖွဲ့ ဆိုတဲ့ ပုံသဏ္ဌ်ာနဲ့ စနစ်ကိုလည်း ဆန့်ကျင်ပါတယ် ။ ဒါကြောင့် ဖြစ်နိုင်သ၍ လက်နက်ကိုင်ဖြေရှင်းမှုတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့သွေဖီတဲ့ စစ်ဘောင်ချဲ့ထွင်မှုတွေကိုလည်း ဆန့်ကျင်ပါတယ် ။ တိုင်းပြည်ရဲ့ အနောက်တံခါး မှာ တောက်လောင်နေတဲ့ မီးကို အားလုံးဝိုင်းဝန်း ငြှိမ်းသတ်ကြဖို့လိုပါတယ် ။ မတည်ငြိမ်မှုတွေကိုအခွင့်အရေးတစ်ရပ်လို တွေးပြီး နောက်ထပ် မီးတောက်တွေကို ထပ်မွှေးနေမယ်ဆိုရင်တော့ ဒေသတွင်းပြဿနာတွေ ရဲ့ တာဝန်ဟာ အစိုးရနဲ့ တပ်မတော်မှာပဲ ရှိတယ်လို ပြောလို့ မရတော့ဘူးလို့ ဆိုရမှာဖြစ်ပါတယ် ။ တပ်မတော်အနေနဲ့လည်း AA ကိစ္စကို ဖြေရှင်းတဲ့နေရာမှာ လိုအပ်တဲ့ နိုင်ငံရေး အားတွေကို လက်ရှိ အစိုးရနဲ့ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေဆီကနေ ရယူပြီးဆောင်ရွက်ဖို့ လိုပါလိမ့်မယ် ။ အစိုးရ အနေနဲ့လည်း ရခိုင်အရေးမှာ ပြည်ပဖိအားတွေအပြင် တိုင်းပြည်ထူထောင်ရေး၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ထူထောင်ရေး အထိပါ တောက်လောင်နိုင်မယ့် ဒေသတွင်း နိုင်ငံရေး လှုပ်ရှားမှု၊ ခြေပုန်းခုတ် ခတ်ကွင်းပြင်မှု အနေအထားတွေကိုလည်း အာရုံစိုက်ပြီး ကြိုတင်ပြင်ဆင် ကာကွယ်ထားဖို့ လိုပြီဖြစ်ကြောင်း သတိပေးလိုက်ရပါတယ်။

The Speaker Vol.1 No.50

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပလက်ဝ တိုက်ပွဲများနဲ့ ရခိုင်နိုင်ငံရေး အရေးပေါ် အခြေအနေ(သီဟသွေး)”

Post a Comment

Related Posts Plugin for WordPress, Blogger...