Wednesday, November 1, 2017

အဇ္ဈတ္တ ယုံကြည်ခြင်း

,
နာမည်ကျော် မထေရ်မြတ် တပါး ဟောကြားတဲ့ တရား တပိုင်းတစကို ကြားနာခွင့် ရခဲ့တယ်။

အဲဒီတရားမှာ…။

စစ်တိုက်ရာမှာ ကျေးကုလားပေါင်း သန်းနဲ့ချီပြီး သတ်မိတဲ့ သီဟိုဋ္ဌ်ဘုရင်က စိတ်မချမ်းမသာ ဖြစ်နေသတဲ့။ အဲဒီလို စိတ်မချမ်းသာ ဖြစ်နေတဲ့ ဘုရင်ကို ရဟန္တာ ရှစ်ပါးက စိတ်ပူစရာ မလိုတဲ့အကြောင်း၊ ဘုရင်က သတ်လိုက်တဲ့ အထဲမှာ လူစင်စစ် တယောက်နဲ့ တပိုင်း (ငါးပါးသီလ ဆောက်တည်သူနဲ့ ငါးပါးသီလနဲ့ သရဏဂုံဆောက်တည်သူ) သာ ပါလို့ အကုသိုလ် နည်းနည်းလေးသာ ဖြစ်တဲ့အကြောင်း နှစ်သိမ့်ပါသတဲ့…။

***

ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင် တယောက်၊ ဗုဒ္ဓဘာသာကို မိမိသဘောနဲ့ မိမိ ယုံကြည်ကိုးကွယ်သူ ဖြစ်တဲ့ အလျောက် အဲဒီလို ဟောကြားသွားသူ ဆရာတော် အရှင်သူမြတ်ကို စော်ကားပုတ်ခတ်လိုစိတ် လုံးဝ မရှိကြောင်းကို စကားခံထားပါရစေ။

ဒါပေမယ့် ငါးပါးသီလ မလုံကြသူတွေကို သတ်ရင် အကုသိုလ် မဖြစ်ဘူး ဆိုတဲ့ အယူအဆမျိုး ဟောသွားတာကိုတော့ အင်မတန်မှပဲ ကြောက်ရွံ့တုန်လှုပ်မိတယ်။

ကျွန်တော်တို့ ယုံကြည်ကိုးကွယ်နေတဲ့ ရှင်တော်မြတ်ဘုရားကရော ဒီအတိုင်းပဲ ဟောခဲ့လေသလား။ ဗုဒ္ဓသာသနာတော် တည်တံ့ရေးအတွက် ဆိုရင် တခြားသော ဘာသာခြားမှန်သမျှကို တိုက်ခိုက် သုတ်သင်ပစ်ရမယ်လို့ ဟောခဲ့လို့လား ဆိုတဲ့ မေးခွန်းဟာ  အဲဒီ တရားကို နားထောင်အပြီးမှာ စိတ်နှလုံးသားကို ကြောက်ရွံ့တုန်လှုပ်မိအောင် အကြိမ်ကြိမ် ရိုက်ခတ်ပါတယ်။

***

ဘုရားက ငါးပါးသီလ လုံဖို့ ဆုံးမခဲ့တယ်။ အဲဒီ ငါးပါးသီလထဲမှာ သူတပါးရဲ့ အသက်ကို မသတ်ဖြတ်ရဘူး ဆိုတာက အတိအလင်း ပါပြီးသား။ သူ့အသက်ကို သတ်ခြင်းမှာ ဘယ်သို့သော သက်ရှိအတန်းအစားကို သတ်ရင်တော့ အပြစ်မမြောက်ဘူး လို့ ချွင်းချက်ပါတယ်လို့လဲ မကြားမိဖူးခဲ့တာ အမှန်ပါ။

အဲဒါကို သီဟိုဋ္ဌ်ဘုရင် ဇာတ်လမ်း အကြောင်းပြုပြီးတော့ “ဟိုကျေးကုလားတွေကို သတ်တာ အပြစ်မမြောက်ဘူး” ဆိုတဲ့ ဟောပြောချက်ဟာ ကျွန်တော်တို့ ကိုးကွယ် ယုံကြည်နေတဲ့ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်နေတာ အသေအချာပါပဲ။

***

ယနေ့ကမ္ဘာမှာ ဘာသာရေး အခြေခံ အမုန်းတရားကြောင့် အရက်စက်ဆုံး သတ်ဖြတ်မှုတွေကို မကြာခဏ လုပ်နေတဲ့ ISIS ရဲ့ လုပ်ရပ်ကို ကျွန်တော် သိပ်ရွံရှာပါတယ်။

ဒီလိုဆိုရင် ငါတို့သာသနာ တည်တံ့ဖို့ အတွက် ငါးပါးသီလ မလုံကြသူ တခြားသောသူများကို သုတ်သင် ရှင်းလင်းတာဟာ အကုသိုလ် မမြောက်ဘူး ဆိုတဲ့ အယူအဆကရော...။

အင်မတန် ကြောက်စရာ ကောင်းတဲ့ အယူအဆ တခုကို ကျွန်တော်တို့ လေးစားယုံကြည်စွာ ဆည်းကပ်ပူဇော်ကြရတဲ့ ဘုရားသားတော်များက ဒီအတိုင်းသာ ဆင့်ပွား ဟောကြားတော်မူကြရင်ဖြင့် ဆိုတဲ့ အတွေးကြောင့် ပူဆွေးရ၊ ကြောက်ရွံ့တုန်လှုပ်ရတာ အမှန်ပါ။

***

ဆရာတော်ကြီး ဟောတာကို အထွန့်တက်ရကောင်းလား ဆိုပြီး အပြစ်တင်ရင်လဲ ရင်ကော့ခံယုံသာ ရှိပါတယ်။

***

“တရားသော စစ်ပွဲ” ဆိုတဲ့ စကားလုံးတခုရဲ့ အောက်မှာ လူပေါင်း ဘယ်လောက် ထပ်ပြီး သေကျေရဦးမှာတဲ့လဲ။

ငါးပါးသီလ မလုံတဲ့ အဲဒီလူတွေကို သတ်လို့ အကုသိုလ် မဖြစ်ဘူး၊ အကုန်သာရှင်း ဆိုတဲ့ စိတ်မျိုးတွေဟာ ဗုဒ္ဓဘာသာဝင် တယောက်ဆီမှာ တကယ်ပဲ ရှိသင့်တဲ့ စိတ်ထား မဟုတ်ဘူးလို့ပဲ အခိုင်အမာ ယုံကြည်မိပါတော့တယ်။

***

ချစ်ခြင်းမေတ္တာဖြင့်…

ကလိုစေးထူး
နိုဝင်ဘာလ ၁ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မနက် ၁ နာရီ မိနစ် ၄၀။

ဆက်လက်ဖတ်ရှုရန်
http://reportermyanmar.blogspot.com/2017/11/blog-post.html

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အဇ္ဈတ္တ ယုံကြည်ခြင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...